Latest News

Thursday, February 9, 2017

သတ်လိုက်ရုံနဲ့ ပြီးသလား

သတ်လိုက်ရုံနဲ့ ပြီးသလား


ချိန်ကား ၁၉၄၇၊ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်။ ယနေ့ ထူးထူးခြားခြား ဦးအောင်ဆန်းတယောက် ရွှေဖလားရောင် ဘန်ကောက်လုံချည်၊ မန္တလေးပိုးတိုက်ပုံတို့ဖြင့် ထူးထူး ခြားခြား မြန်မာဆန်ဆန်ဝတ်ထားကာ အလွန်သပ်သပ်ရပ်ရပ် ခန့်ခန့် ညားညားဖြစ်နေသည်။ ဘုရင်ခံ၏ အမှုဆောင်ကောင်စီဒုဥက္ကဋ္ဌအနေနှင့် ၀န်ကြီးအဖွဲ့ကိုဦးဆောင်ကာ အစည်းအဝေးကျင်းပမည်ဖြစ်သောကြောင့် ၀န်ကြီများကို လေးစားသည့် အနေဖြင့် လည်းကောင်း၊ နိုင်ငံရေးလောကထဲမှ မိတ် ဆွေများက အတန်တန်တိုက်တွန်း ကြတာ ကြောင့်လည်းကောင်း၊ သခင်အောင်ဆန်း သည် ခါတိုင်းဖြစ်သလို ၀တ်စားတတ်သော် လည်း ထိုနေ့က မြန်မာဝတ်စုံပြည့်ဖြင့် သေ သေသပ် သပ်ဝတ်ဆင်လာခြင်း ဖြစ်သည်။ ထိုနေ့သည် သူ့ဘ၀၏နောက်ဆုံး အသက် ရှင်နေထိုင်ရမည့်နေ့ ဖြစ်သည်ဆိုသည်ကို ဗိုလ်ချုပ်အောင်ဆန်းသည် သိနေဘိသည့် အလား ထူးထူးခြားခြား ၀တ်စားဆင်ယင် ကာ ၀န်ကြီးများရုံးရှိ သူ့ရုံးခန်းနှင့်တဆက် တည်းဖြစ်သော အစည်းအဝေးခန်းမဆောင် ကြီးထဲသို့ ၀င်လာသည့်အခိုက်တွင် နံနက် ဆယ်နာရီထိုးပြီဖြစ်သည်။ အစိုးရအဖွဲ့ထဲမှ ၀န်ကြီးများအားလုံးသည် အစည်းအဝေးခန်း ထဲဝင်ကြိုတင်ရောက်ရှိ နေရာယူပြီးနေပြီ ဖြစ်သည်။ လက်ထောက်အတွင်းဝန် ဦးတင် အုန်း၊ ရုံးအုပ်ကြီးဦးခနှင့် ဗိုလ်ချုပ်၏အပါး တော်မြဲ ဗိုလ်ထွန်းလှတို့က ဗိုလ်ချုပ်အောင် ဆန်းနှင့် ၀န်ကြီးများရှေ့တွင် အစည်းအဝေး ဆိုင်ရာမှတ်တမ်း၊ စာရွက်စာတမ်း၊ ဖိုင်တွဲ စသည်များကို အသီးသီး ချထားပေးလိုက်ပြီး အခန်းထဲမှထွက်သွားကြသည်။ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် အစည်းအဝေး စတင်သည်။

ခြင်္သေ့သည် ထိုနေ့ ထိုအခါက မ ကောင်းသော အမင်္ဂလာနိမိတ်ကို မြန်မာပြည် အတွက် သယ်ဆောင်လာဟန်ရှိ၏။ လက် မောင်းတွင် အမှတ် ၁၂ တပ်မတော် ခြင်္သေ့တံဆိပ်စစ်ယူနီဖောင်းများ တပ်ဆင်ထား သော လူတစုသည် ကားနှစ်စီးဖြင့် ၀န်ကြီး များရုံးဆီသို့ ချဉ်းကပ်ရောက်ရှိလာ၏။ ကား တစီးထဲတွင် သုခ၊ မောင်စိုး၊ သက်နှင်း၊ စိန် ကြီးနှင့် ရန်ကြီးအောင်ဟူသော လူငါး ယောက်ပါသည်။ ထိုငါးယောက်ပါအဖွဲ့ စီးနင်းလာသည့်ကားသည် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)ထဲသို့ ၀င်သွား၏။ နောက် ကားတစီးတွင်လည်း ခြင်္သေ့ရုပ်ပါသော စစ် ယူနီဖောင်းကိုပင် ၀တ်ဆင်ထားသော ဘ ညွန့်၊ ခင်မောင်ရင်၊ မောင်နီ၊ မှုံကြီးဟူသည့် လူ လေးယောက်ပါလာကာ ထိုကားသည် အတွင်းဝန်ရုံးထဲအထိ ၀င်လိုက် မသွားဘဲ ထိုရုံးအပြင် ဘက်လမ်းထောင့်တွင်ရပ်ကာ နေရာယူထားလိုက်သည်။ အတွင်းဝန်ရုံးထဲ ၀င်သွားသော ကားပေါ်တွင် ဒရိုင်ဘာဖြစ်သူ သုခက ဂျစ်ကားကိုစက်မရပ်ဘဲ ရုံးအောက်မှ စောင့်နေ၏။ ကျန်လေးဦးသည် အတွင်း ၀န်များရုံးအပေါ်သို့ ပြေးတက်သွားကြသည်။ ထိုအချိန်တွင် အပြင်တွင်ရပ်စောင့်နေသော ဖို့ဒ်ကားပေါ်မှ ဘညွန့်ဆိုသူသည် သခင်နုကို လုပ်ကြံရန် အတွင်းဝန်ရုံးထဲသို့ ၀င်လာခဲ့ သည်။ ဘညွန့်သည် လက်နက်မပါဘဲ ခပ် တည်တည် လမ်းလျှောက်ဝင်လာခြင်းဖြစ်သည်။ သူ့ရှေ့မှ ၀င်သွားနှင့်သော ဂျစ်ကားပေါ်တွင် စတင်းဂန်းသေနတ်ကို အသင့်ချထားရာ ထိုသေနတ်ကိုယူပြီးမှ သခင်နုကို သွားသတ်ရန်ဖြစ်သည်။ သို့သော် ထိုနေ့က သခင်နုသည် သေကံမရောက်သက်မပျောက်ချင်၍ အတွင်းဝန်ရုံးသို့ ထိုအချိန်တွင် ရောက်မလာခဲ့ပေ။ ထို့ကြောင့် ဘညွန့်သည် သူ၏ တာဝန်ကိုမဆောင်ရွက်နိုင်တော့ဘဲ သခင်နုရုံးခန်းရှေ့မှ လှည့်ပြန်လာခဲ့ပြီး ဂျစ်ကားနားတွင် စောင့်နေလိုက်သည်။ ရာသီဥတုကလည်း မိုးဖွဲဖွဲကျ၍ အထူးအုံ့မှိုင်းနေသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ အစည်းအဝေးကျင်းပရာ အခန်းထဲသို့ သေနတ်သမားလေးယောက်သည် တံခါးပေါက်စောင့် ရုံးလုလင်မောင်သောင်းစိန်ကို တွန်းထိုးဖယ်ထုတ်ကာ အတင်းဖွင့်ဝင်သွား ၏။ ထို့နောက် ဘာမပြောညာမပြောနှင့် မြင်မြင်သမျှကို စက်သေနတ်နှင့် တရစပ်ပစ်ခတ်တော့သည်။ (ဂ)ပုံအစည်းအဝေးခန်းမကြီး၏ ထိပ်ဆုံးစားပွဲတွင်ထိုင်နေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် လက်ယာဘက်မှဝန်ကြီးများကို သဲသဲမဲမဲ စုပြုံပစ်ခတ်ကြသောကြောင့် ဗိုလ်ချုပ်သည်လဲကျသွားကာ ၀န်ကြီးသခင်မြ၊ ၀န်ကြီးဦးရာဇတ်၊ ၀န်ကြီးဦးဘချို၊ ၀န်ကြီးဦးဘ၀င်း (ဗိုလ်ချုပ်အောင်ဆန်းအစ်ကို)၊ ၀န်ကြီးမန်းဘခိုင်တို့ ကျဆုံးသွားတော့သည်။ ထိုသို့ရှိစဉ် လက်ဝဲဘက်စားပွဲများတွင် ထိုင်နေသော အတွင်းဝန် ဦးရွှေဘော်နှင့် ၀န်ကြီးပျော်ဘွယ်ဦးမြတို့ ပြတင်းပေါက်မှခုန်ကျော်ကာ ထွက်ပြေးလွတ်မြောက်သွားကြသည်။ ၀န်ကြီးဦးဗဂျမ်းက သူကိုယ်တိုင် ကြမ်းပြင်သို့ ၀ပ်ချလိုက်ရုံမက သူ့ဘေးမှ ၀န်ကြီးဦးအောင်ဇံဝေကိုပါ လက်နှင့် ဆွဲချလိုက်သဖြင့် အသက်မသေဘဲ လွတ်မြောက်သွားသည်။ သူတို့ဘေးမှ ၀န်ကြီးမိုင်းပွန်စော်ဘွားကြီးစပ်စံထွန်းမှာ မရှောင်သာဘဲ အနီးကပ်အပစ်ခံရကာ အသက်ဆုံးရှုံးရရှာသည်။ သေနတ်သမားလေးဦးသည် ခန်းမထဲမှပြန်အထွက်တွင် ၀န်ကြီးဦးရာဇတ်၏သက်တော်စောင့် ကိုထွေးနှင့် တည့်တည့်တိုးသဖြင့် ရန်ကြီးအောင်ဆိုသူက စတင်းဂန်းဖြင့် ပစ်ချလိုက်သည်။ ထိုအချိန်တွင် နံနက် ၁၀ နာရီ ၃၇ မိနစ်ရှိပေပြီ။ ရုံးပေါ်မှပြေးဆင်းလာသူ သေနတ်သမားလေးယောက်သည် အသင့်စောင့် နေသော ဂျစ်ကားပေါ်သို့တက်ကာ သခင်နုကို မသတ်ဖြစ်သော ဘညွန့် ကိုပါ တင်ခေါ်လျက် တရကြမ်းမောင်းထွက်ပြေးသွားလေသည်။ ဇာတ် သိမ်းသော် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် လူကိုးဦး အသက်ဆုံးရှုံး ရလေသည်။ လက်သည်တရားခံမှာကား ဗိုလ်ချုပ်အောင်ဆန်းကို ကျိတ် မနာလိုဖြစ်နေသော ဂဠုန်ဦးစော လက်ချက်ပေတည်း။

ဂဠုန်ဦးစောသည် ဗိုလ်ချုပ်အောင်ဆန်းကို အကြောင်းသုံးခုဖြင့် မုန်းနေ၏။ ပထမအကြောင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနာမည်ကြီးလာမှုကို မနာလိုခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်မဖြစ်မီက မြန်မာ့နိုင်ငံရေးတွင် ဦးစောသည် အတော်အရေးပါသည့်အခန်းကဏ္ဍမှပါဝင်ခဲ့၏။ နန်းရင်းဝန် ရာထူးကိုပင် ဦးစောသည်ရခဲ့ဖူး၏။ လူထုထောက်ခံမှုလည်း အတော် အသင့်ရှိခဲ့ပြီး သူ့ကိုကြည်ညိုသူများလည်း မရှားပေ။ သို့သော် ဘီအိုင် အေစစ်တပ် မြန်မာနိုင်ငံသို့ ချီတက်လာချိန်မှစ၍ တနိုင်ငံလုံးသည် ဦးစောထက် အသက်များစွာငယ်သော ဗိုလ်ချုပ်အောင်ဆန်းမှ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ကာ သူ၏နိုင်ငံရေးအရေးပါမှုသည် နောက်ကောက်ကျခဲ့ရ၏ (ဗိုလ်ချုပ်အောင်ဆန်းသည် ဦးစောထက် ဆယ်နှစ်ခန့်ငယ်၏)။ မုန်းတီးမှု၏ ဒုတိယအချက်မှာ ပုဂ္ဂိုလ်ရေးပါဝင်သည်။ တနေ့တွင် ဂဠုန်ဦးစော ဂျစ်ကားစီးလာစဉ် လူတစုက ကားဖြင့်ယှဉ်လိုက်လာပြီး သေ နတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ ဦးစောမှာ ကံ ကောင်း၍ မသေသော်လည်း မျက်စိတွင် ဒဏ်ရာရသဖြင့် ဆေးရုံတက် ကုလိုက်ရသေးသည်။ ထိုအမှုတွင် လက်သည်တရားခံမှာ စာရေးဆရာ ရန်ကုန်ဗဆွေဖြစ်သော်လည်း ဦးစောက ဗိုလ်ချုပ်အောင်ဆန်းလက်ချက်ဟု ထင်နေသည်။ ထို့ကြောင့်ဗိုလ်ချုပ်ကို အငြိုးထားကာ ပြန်လည်လုပ်ကြံခြင်း ဖြစ်သည်။ နောက်ဆုံးအချက်မှာ ပို၍အရေးကြီးသည်။ ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်းမရှိတော့လျှင် ဘုရင်ခံဆာဟူးဘတ်ရန့်စ်သည် သူ့ကိုဗိုလ်ချုပ်အောင်ဆန်းနေရာကိုပေးလိမ့်မည်ဟု ထင်မြင်နေသာ အာဏာရူးမှုဖြစ်သည်။ ထိုသို့ ဖြစ်အောင် ဗြိတိသျှတို့က ဦးစောအား အရိပ်အမြွက် မျှော်လင့်ချက်ပေးခဲ့ဟန်ရှိ၏။ တိုင်းပြည်က ထောက်ခံသော ခေါင်းဆောင်တယောက်ကို သတ်လိုက်လျှင် ငါတို့နေရာရနိုင်သည်ဟူ သော ကောက်ကျစ်ယုတ်မာသည့်ဝါဒ။ လူတယောက်ကိုသတ်လိုက်လျှင် အရှိန်အဟုန် ဖြင့်စီးဆင်းနေသော လှုပ်ရှားမှုတခုကို ရပ် တန့်နိုင်ပြီဟုထင်သော လူမိုက်အားကိုး မူဝါဒဖြင့် တွက်ဆလုပ်ကြံခြင်းပင်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနေရာကို ဆက်ခံနိုင်မည့် အလားအလာရှိသူအားလုံးကို တခါတည်းရော၍ လုပ်ကြံခဲ့ခြင်းဖြစ်သည်။ သခင်နုပင် ကံကောင်း၍ အသက်ရှင် ကျန်ခဲ့ခြင်းဖြစ် သည်။ သို့သော် ဦးစော ရည်မှန်းခဲ့သလို လူသတ်ခြင်းဖြင့် နိုင်ငံ့ခေါင်းဆောင်ဖြစ်ရမည်ဟူသော ရည်မှန်းချက်သို့ မရောက်ခဲ့။ သူလည်း သူ့တပည့် မောင်နီ၊ သုခ၊ စိန်ကြီး၊ ရန်ကြီးအောင်တို့နှင့်အတူ သေစားသေစေ အပြစ်ပေးခံရသည်။ သူရည်မှန်းသော နိုင်ငံ ရေးရာထူးကိုလည်း မရရှိခဲ့ပေ။ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးသြဇာမှာကား ထိုလုပ်ကြံခံရသည့်နေ့မှစကာ တရှိန်ထိုး ကောင်းကင်ပေါ်သို့ ထိုးတက်ခဲ့ကာ ဦးစော၏ဂုဏ်သတင်းမှာကား အဖတ်ဆယ်၍ မရအောင် ကျဆင်းခဲ့လေသည်။ ဤအဖြစ်မျိုးသည် ရှေးကလည်း ရှိခဲ့ပါ၏။

သုပဏ္ဍကဂဠုဏရာဇာဘွဲ့ခံ ဆရာစံကြောင့် မြန်မာတနိုင်ငံလုံးရှိ ဆင်းရဲသား နင်းပြား တောင်သူလယ်သမားများ သူပုန်ထခြင်းဖြစ်သည်ဟုဆိုကာ ဆရာစံကို နယ်ချဲ့ ဗြိတိသျှအစိုးရသည် လက်ရ ဖမ်းဆီးကာ နယ်ချဲ့ ဥပဒေအရ တရားစီရင်ဆုံးဖြတ်ပြီး ၁၉၃၁၊ နိုဝင်ဘာ ၂၈ တွင် ကြိုးပေးသေဒဏ် စီရင်ခဲ့ပါသည်။ တနည်းအားဖြင့် မြန်မာ တနိုင်ငံလုံးတွင် ပံျ့နှံ့နေသည် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်ကို ဆရာစံကိုသတ် ခြင်းဖြင့် ရိုက်ချိုးဖျက်ဆီးခြင်းဖြစ်သည်။ ထိုတောင်သူလယ်သမားအရေးတော်ပုံခေါင်းဆောင် ဆရာစံသည် နယ်ချဲ့ ဗြိတိသျှတို့ကို ဒူးထောက်အညံ့မခံရုံသာမက ကြိုးစင်ပေါ်သို့ ရဲဝံ့စွာတက်သွားပြီး ဘ၀ဆက်တိုင်း အင်္ဂလိပ်ကို နိုင်ရသောသူဖြစ်ရပါလို၏ဟုပင် ဆုတောင်းသွားသေးသည်။ ဆရာစံကို သတ်နိုင်သော်လည်း နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသား လွတ်မြောက်ရေး စိတ်ဓာတ်များကို နယ်ချဲ့တို့သည်မရပ်တန့်နိုင်ခဲ့ချေ။ နောင်အခါ နယ်ချဲ့တို့သည် ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော် ကို မြင်းစီးပုလိပ်များဖြင့် ရိုက်နှက်ကာ အသက်ဆုံးအောင်ပြုခဲ့သော်လည်း ကျောင်းသားများ၏ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်မှာ အားပျော့မသွားခဲ့ ချေ။ ဗိုလ်အောင်ကျော် သေသော်လည်း ကျောင်းသားမျိုးဆက်သည် တဗိုလ်ကျတဗိုလ်တက်ဖြင့် ဆက်လက်ချီတက်ခဲ့ရာ လွတ်လပ်ရေးပန်းတိုင်သို့ပင် ရောက်ခဲ့လေသည်။ မန္တလေးတွင်လည်း ဗြိတိသျှအစိုးရ လက်ချက်ဖြင့် အာဇာနည် ၁၇ ဦး ကျဆုံးခဲ့ရသေးသည်။ သို့သော် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်သည် လျော့ကျမသွားပါချေ။

လွပ်လပ်ပြီး မြန်မာနိုင်ငံတွင်လည်း လူကိုသတ်လျှင် ပြဿနာကို ဖြေရှင်းပြီးဖြစ်မည်ဟူသော အယူအဆများမှာ အာဏာရှင်များထံတွင် အမြစ်တွယ်လျက်ရှိပါသေးသည်။ ဗိုလ်ချုပ်နေ၀င်းသည် ၀န်ကြီးချုပ်ဦးနု အစိုးရထံမှ အာဏာသိမ်းယူကာ တိုင်းပြည်ကို စစ်အာဏာအောက်သို့ သွတ်သွင်းလိုက်ခြင်းကို မည်သူတွေက လက်ခံထောက်ခံသည်ဖြစ်စေ မြန်မာတနိုင်ငံလုံးရှိ ကျောင်းသားများ (အထူးသဖြင့် တက္ကသိုလ်ကျောင်း သားများ)က အမြဲတစေဆန့်ကျင်ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ စစ်အာဏာရှင်ဝါဒကို တိုက်ဖျက်ရာတွင် ကျောင်းသားများသည် ခေတ်အဆက်ဆက် ရှေ့တန်းမှပါဝင်ခဲ့သည်။ ထို့ကြောင့် ဗိုလ်နေ၀င်းနှင့် ဗိုလ်အောင်ကြီးတို့သည် ၁၉၆၂ ခု ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ ကျောင်းသားသမဂ္ဂအဆောက်အဦကို ကျောင်းသားများရှိလျက်နှင့် အရှင်လတ်လတ် ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးပစ်ခဲ့လေသည်။ ကျောင်းသားများကိုသတ်ရင်း ကျောင်းသားများစိတ်ဓာတ်ကို အကြောက်တရားဖြင့် ရိုက်ချိုးပစ်ခြင်းဖြစ်သည်။ ကျောင်းသားတို့သည် ဗိုလ်နေ၀င်း ထင်သလို ကြောက်ရွံ့မသွားကြောင်းကို မှိုင်းရာပြည့်အရေးတော်ပုံတွင် ရဲရဲတောက် ပြသကြပြန်သည်။ ဤတကြိမ်တွင်လည်း စစ်အာဏာရှင် ဗိုလ်နေ၀င်းသည် လူသတ်ဝါဒကိုအသုံးပြုလျက် ကျောင်းသားခေါင်း ဆောင် ဆလိုင်းတင်မောင်ဦးကို သေဒဏ်ပေးကာ ကြိုးပေးကွပ်မျက်ခဲ့ပါ သည်။ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးက ကြိုးစင်ပေါ်မှ နောက်ဆုံးမှာတမ်းခြွေရာတွင် ''မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရ မယ်၊ ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်မှုကို ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ''ဟု ရဲရဲတောက်ဟစ်ကြွေးခဲ့သည်။ လူကိုကား သတ်လို့ရပါ၏။ စိတ်ဓာတ်နှင့်ယုံကြည်ချက်ကို မတားနိုင်သဖြင့် ခွပ်ဒေါင်းစိတ်ဓာတ်သည် ၁၉၈၈ တွင်ပြန်ပေါ်လာကာ ဒီမိုကရေစီအရေးတော်ပုံကြောင့် ဗိုလ်နေ၀င်း အာဏာမှပြုတ်ကျသွားပါ၏။ ဆလိုင်းတင်မောင်ဦးကို သတ် လိုက်သော်လည်း ကျောင်းသားများ၏ အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကိုတော့ သေအောင်မသတ်နိုင်ခဲ့ပါ။

ကမ္ဘာတွင်လည်း လူတယောက်ကိုသတ်လိုက်လျှင် နိုင်ပြီဟုတွေးကာ တဇောက်ကန်းဆောင်ရွက်ခဲ့သော သာဓကများစွာရှိလေသည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး ခြောက်လခန့်အကြာ ၃၀-၁-၁၉၄၈ တွင် အိန္ဒိယ၏လွတ်လပ်ရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီသည် အကြမ်းမဖက်ရေးဝါဒကိုမယုံကြည်သော အစွန်းရောက်ပုဂ္ဂိုလ် နာသူရန်ဂေါ့စီ ဆိုသူ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်းကိုခံရသည်။ သို့သော် အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှုသည် မရပ်တန့်။ အကြမ်းမဖက်ရေးဝါဒသည် မရပ်တန့်။ အာဂျင်တီးနားတွင်မွေးသော ကမ္ဘာ့တော်လှန်ရေးခေါင်းဆောင်ကြီး ချေဂွေဗားရား အသက် ၃၉ နှစ်တွင် ဘိုလီးဗီးယားနိုင်ငံ၌ ကွပ်မျက်ခံရသည်။ သို့သော် ချေဂွေဗားရားသည် မတရားအုပ်စိုးမှုကို ပုန်ကန်ထကြွသော သင်္ကေတအဖြစ် တကမ္ဘာလုံး အောက်မေ့တသကျန်ရစ်ခဲ့ရသည်။ သူသေသွားသော် သော်လည်း မတရားမှုကိုဆန့်ကျင်သော ချေဂွေဗားရား၏ဓာတ်ပုံသည် တကမ္ဘာလုံးတွင် ပျံ့နှံ့ခဲ့သည်။ မြန်မာနိုင်ငံတွင်ပင် ချေ၏ရုပ်ပုံကို ဆေးမင်ကြောင်ထိုးထားသူ သက်လတ်ပိုင်းအမျိုးသားများစွာကို တွေ့နိုင်သည်။ အမျိုးသမီးများ ပညာသင်ခွင့်ကို အစ္စလာမ်ကမ္ဘာ၌ တောင်းဆိုတိုက်ပွဲဝင်ခဲ့သော မာလာလာ၏ဦးခေါင်းကို အစ္စလာမ်မစ်အစွန်းရောက်တို့က သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ သေကံမရောက်သဖြင့် မာလာလာမသေခဲ့။ သို့သော် သူ၏ရဲရင့်မှုကြောင့် များစွာသော အဖိနှိပ်ခံအမျိုးသမီးတို့ ယခုအခါ ပညာသင်ခွင့်ရကြလေပြီ။

မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာသော ယာဉ်တန်းကို ၂၀၀၃ မေလက ဒီပဲယင်းမြို့နယ် ကျီရွာအနီး၌ ဒီမိုကရေစီကိုမလိုလားသော အာဏာရှင်အုပ်စုက လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် လူများစွာသေခဲ့ဖူးသည်။ သို့သော် မြန်မာပြည်သူလူထု၏ စစ်အာဏာရှင်စနစ်အောက်မှ ရုန်းထွက်လိုစိတ်မှာ သတ်ဖြတ်၍မရကြောင်း ဒီမိုကရေစီဆန္ဒပြတောင်းဆိုမှုအပေါင်း ကပြဆိုနေပါသည်။ ဒီမိုကရေစီအစိုးရဟုခေါ်ဝေါ်သမုတ်သော ယခုခေတ် တွင်ပင် တောင်သူဒေါ်ခင်ဝင်း သေနတ်ဖြင့်ပစ်ခံရခြင်း၊ အလွတ်တမ်း သတင်းထောက်ကိုပါကြီး သေနတ်ဖြင့်ပစ်သတ်ခံရခြင်းတို့ဖြင့် လယ်သမားအရေး၊ သတင်းလွတ်လပ်ခွင့်အရေးတို့ကို သတ်ဖြတ်နှိမ်နှင်းသည့်ဝါဒကို မြေစမ်းခရမ်းပျိုး ကျင့်သုံးလာပါသည်။

ယခုအခါ မြန်မာနိုင်ငံမှအုပ်ချုပ်သူ အာဏာပိုင်များသည် ဒီမိုကရေစီလှုပ်ရှားမှုများ အရှိန်အဟုန်ရပ်တန့်သွားအောင်၊ ကျောင်းသားများ ကြောက်ရွံ့နောက်ဆုတ်သွားအောင်၊ အလုပ်သမားများဆန္ဒမပြရဲအောင် ရက်ရက်စက်စက် အကြမ်းဖက်နှိပ်ကွပ်ဖမ်းဆီးမှုများမှုများကို ဆက်တိုက် ဆိုသလို ပြုလုပ်လာခဲ့ပြီဖြစ်ပါသည်။ လက်ပံတန်းတွင် အကြမ်းဖက်နှိမ်းနင်း ခံခဲ့ရသော ကျောင်းသားများနှင့်ဝန်းရံသူများမှာ ရဲတို့၏ နံပါတ်တုတ်ဖြင့် အငြိုးတကြီး ရိုက်နှက်ခံရသောကြောင့် ထိုဒဏ်ရာများသည် နောင်တချိန်တွင် အသက်မသေနိုင်ဟု မည်သူမျှ အာမခံနိုင်သည်မဟုတ်ပါ။ အတွင်း ကြေဒဏ်ရာများစွာ ရှိနေနိုင်ပါသည်။ ဦးနှောက်နှင့် အာရုံကြော ထိခိုက်မှုများရှိလာနိုင်ပါသည်။ သေသွားလျှင် ကြောက်သွားလိမ့်မည်ဟူသော မူဝါဒဖြင့် တမင်မသေသအောင် နိုင်ငံ့ရင်သွေးကျောင်းသားများကို သတ် ဖြတ်နေသလားမသိပါ။ ဆက်လက်၍လည်း ကျောင်းသားများကို အငြိုးတကြီး လိုက်လံဖမ်းဆီးနေဆဲ ဖြစ်ပါသည်။ လူတယောက်ကို ဖမ်းဆီး သတ်ဖြတ်လိုက်၍ ပြဿနာပြေလည်သွားမည်ဆိုသည်မှာ ဆင်ခြင်တုံ တရားမရှိသော လူမိုက်တို့၏လမ်းစဉ်သာဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီးများကိုသတ်လိုက်သောအခါတွင် ထိုသူများမှာ အာဇာနည်များဟု သတ်မှတ်ခံလိုက်ရသည်မှတပါး ဦးစောသည် အနိုင်မရလိုက်ပါ။

ဂဠုန်ဆရာစံကို ကြိုးပေးကွက်မျက်လိုက်သော်လည်း ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံမှ အရှုံးပေးထွက်ခွာခဲ့ရသည်။

တက္ကသိုလ်ကျောင်းသား ဆလိုင်းတင်မောင်ဦးကို ကြိုးပေးသတ်ဖြတ်ခဲ့သော အာဏာရှင်ဗိုလ်ချုပ်နေ၀င်းမှာ ကျောင်းသားတို့စတင်ခဲ့သော ရှစ်လေးလုံးအရေးတော်ပုံကြောင့် အာဏာမှပြုတ်ကျကာ သိမ်ငယ်စွာ ကွယ်လွန်ခဲ့သည်။

မဟတ္တမဂန္ဒီကို သတ်လိုက်သောအခါ အကြမ်းမဖက်ရေးဝါဒမှာ ယိမ်းယိုင်မသွားခဲ့ပါ။

ချေဂွေဗားရားကိုသတ်လိုက်သောအခါ တော်လှန်ရေးသမားများအတွက် ကမ္ဘာ့သူရဲကောင်း ဖြစ်သွားပါသည်။

စက်မှုတက္ကသိုလ်ကျောင်းသား ဘုန်းမော်ကို သတ်လိုက်သောအခါ

စာရေးဆရာမောင်သော်ကကို သတ်လိုက်သောအခါ

ဒီပဲယင်းတွင် လူများစွာကို သတ်လိုက်သောအခါ

သတင်းထောက်ကိုပါကြီးကို သတ်လိုက်သောအခါ

တောင်သူဒေါ်ခင်ဝင်းကို သတ်လိုက်သောအခါ

( ရှေ့နေကြီး ဦးကိုနီကို သတ်လိုက်သောအခါ )

အညတရ သူရဲကောင်းများစွာကို သတ်လိုက်သောအခါ

လူတယောက်ကိုသတ်လိုက်ရုံနှင့် ပြဿနာများမှာ ဘယ်တော့မှ ပြေလည်သွားသည်မရှိဘဲ သတ်သူထက် အသတ်ခံရသူက ကြီးထွားသွား ပြီး အသတ်ခံရသူများသာ သူရဲကောင်းဖြစ်သွားတတ်ကြောင်း သမိုင်းက မီးမောင်းထိုးပြနေပါသည်။

[သရ၀ဏ်(ပြည်)]

No comments:

Post a Comment