ဆရာကြီးများ
အဖြစ်အပျက်ကလေးတခု ပြောပြချင်ပါတယ်။ ကျွန်မ သိပ်ကြိုက်လို့ ဖတ်မှတ်ထားတာလေးပါ။
တခါတုန်းက လူတယောက်က ကြက်တူရွေးတကောင်နဲ့ လှောင်အိမ်တခုဝယ်ပြီး အိမ်ပြန်လာတယ်။ အိမ်ရောက်တော့ မိန်းမက 'ရှင်ဘာတွေ ၀ယ်လာတာလဲ၊ ဒီကြက်တူရွေးက ဘာလုပ်ဖို့လဲ၊ လှောင်အိမ်ဖိုး လည်း ကုန်တယ်။ ဘယ်လောက်ပေးခဲ့ရသလဲ'လို့ ဆီးမေးတဲ့အခါ . . .
ယောကျာ်းက 'မိန်းမရယ် ကြက်တူရွေးက တသောင်းပါ။ လှောင်အိမ်က သုံး ထောင်ထဲပါ'လို့ ပြောလိုက်တော့ မိန်းမက ရင်ဘတ်ထုပြီး 'အမလေး ဒီကြက်တူရွေးက တသောင်း တောင်လား၊ ကျုပ်ဆို တရာနဲ့ တောင်မ၀ယ်ဘူး'လို့ ပြောလိုက်တဲ့ အခါမှာ ယောကျာ်းလုပ်သူက-
'ဒီကြက်တူရွေးက ပြင်သစ်လို ပြောတတ်တယ်။ ဒီလို ကြက်တူရွေး မင်းလိုက်ရှာကြည့်၊ တွေ့ရင် ငါ့လည်ပင်းဖြတ်'လို့ ပြောတော့ မိန်းမကလည်း ရန်မဖြစ်ချင်တာနဲ့ ဘာမှမပြောတော့ဘဲ သည်းခံနေလိုက်တယ်။
နောက်တနေ့မှာ ယောကျာ်းက အပြင်ထွက်သွားရင်း ပြန်လာတော့ ကြက်တူရွေးတကောင် ထပ်ဝယ်လာပြန်ရော၊ မိန်းမက လည်း သည်းမခံနိုင်တော့ဘဲ 'ဘယ်လောက်ပေးခဲ့ရပြန်သလဲ၊ ရှင့်မှာ ပိုက်ဆံပေါနေသလား'လို့ ပြောတဲ့အခါ ယောကျာ်းက 'နှစ် သောင်းပါကွာ၊ ဒီအကောင်ကို အ လုအယက်ဝယ်လာရတာ၊ သူက ပြင်သစ်လို ပြောတတ်တဲ့အပြင် ဘာသာလည်း ပြန်တတ်တယ်။ လူတွေက လုဝယ်နေတာ၊ ၀ယ်နေ ကျမို့ ရောင်းလိုက်တာ၊ ဒို့ မြတ်ရင် ပြန်ရောင်းဖို့ပါ' လို့ ပြောတဲ့အခါ . . .
မိန်းမကလည်း အမြတ်ဆိုတဲ့ စကားရယ်၊ ရန်မဖြစ်ချင်တာရယ်ကြောင့် ငြိမ်နေလိုက်တယ်။ နောက်တနေ့ ယောကျာ်းလုပ်တဲ့လူက လမ်းလျှောက်ထွက်သွားရာက ပြန်လာတော့ ကြက်တူရွေးလေး တကောင်ပါလာပြန်ရော၊ မိန်းမက သည်းမခံနိုင်တော့ဘဲ-
'ဘယ်လောက်ပေးခဲ့ရပြန်သလဲ၊ ဘာတွေများ တတ်ကျွမ်းသလဲ ပြောစမ်းပါဦး'လို့မေးလိုက်တဲ့အခါ ယောက်ျားက ၀င့်ကြွားတဲ့လေသံနဲ့
'ဒို့တော့ ကံကောင်းပြီ မိန်းမရေ . . .'လို့ စကား စရုံရှိသေး။
'ကံကောင်းတာ၊ ကံဆိုးတာ နောက်ထား၊ ဘယ်လောက်ပေးရသလဲ၊ ဘာတတ်သလဲပြော' လို့ မေးလိုက်တော့-
'သုံးသောင်းထဲပါ မိန်းမရယ်၊ ဘာတတ်မှန်းတော့ ငါမသိဘူး၊ ရောင်းတဲ့လူကလည်း မပြောလိုက်ဘူး။ ဒါပေမဲ့ ဒီအကောင်ကို ဟိုနှစ်ကောင်က ဆရာကြီးခေါ်လို့ ငါဝယ်ခဲ့တာ'တဲ့လေ။
ပြောချင်တဲ့ပုံပြင်လေးက ဒါပါပဲ။
x x x
ဒီခေတ်မှာ အဲဒီလို ဆရာကြီးတွေ ပေါမှပေါ။
ကိုယ့်ကိုယ်ကိုယ် သိပ်တတ်နေရင် ကိုယ့်ကိုယ်ကိုယ်လည်း မမြင်တော့ဘူး။ သူများကိုလည်း မမြင်တော့ဘူး။ တချို့သူတွေဟာ ကမ္ဘာကြီးချောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာ 'ငါကယ်ထားလို့'လို့ ထင်နေတဲ့ ဆရာကြီးတွေ အတော်များတယ်။ အကြံဥာဏ်ဆိုတာ စဉ်းးစားလက်ခံရယူရမှာဖြစ်ပေမဲ့ ဘယ်လိုလုပ်ရင် ပိုကောင်းမယ်၊ ဘယ်လို စီစဉ်ရင် အဆင်ပြေမယ်ဆိုတဲ့ စေတနာနဲ့ အကြုံပေးတာမျိုးမဟုတ်ဘဲ ဘယ်လိုလုပ်ရမယ်၊ ဘယ်ပုံစီစဉ်ရမယ်လို့ ကိုယ့်အယူအဆကို ဆရာကြီးလုပ်တော့တာလေ။
ကျွန်မလည်း ခုတလောမှနေသာသွားတာ။ YBS အရေးမှာ အတော်တွေးပူခဲ့တာတော့ ဘုရားပေးပေး၊ ကျမ်းပေးပေး အမှန်ပါ။ ကျွန်မအနေနဲ့ အသက်အရွယ်ကလည်း ဂိမ်းဘောဆိုက်နေလေတော့ စိတ်ပူ ပေးရုံလေးပဲ တတ်နိုင်ပါတယ်။ ဒါတောင် ကားနဲ့ တမြို့လုံးပတ်လည်း မြို့ပြင်ရွာထွက်သွားပြီး အခြေအနေကို စိတ်ပူလို့ တနေကုန်လိုက်ကြည့်၊ ကူနိုင်တာ လုပ်နိုင်တာလေးတွေ ကူညီခဲ့ရတာပါ။ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကလည်းရှိနေနိုင်လေတော့ အဆင်မပြေမှုလေးတွေလည်း တွေ့ခဲ့ကြားခဲ့ရပါတယ်။ အမြတ်ရလိုက် တာတခုက အမေစုနဲ့ ကွီးဖြိုးကို ပြည်သူတွေ သိပ်ချစ်တယ်ဆိုတာ သိမြင်လိုက်ရတာပါပဲ။ နိုင်ငံတခုကို အုပ်ချုပ်တဲ့အခါ ပြည်သူ့မေတ္တာတရားဟာ အလွန်အရေးကြီးပါလားနော်။ ပြောင်းလဲခြင်းတခုရဲ့ ကြုံရတဲ့ အဆင်မပြေမှုတွေကို ပြည်သူအားနဲ့ ကွီးဖြိုးလည်း ကျော်လွှားနိုင်ခဲ့ပါတယ်။ ခုထိလည်း အဆင်မပြေတဲ့နေရာတွေမှာ အဆင်မပြေမှုတွေ ရှိနေဆဲဆိုတာတော့ ၀န်ခံရမှာပါ။ ဒါတွေဟာ မကြာခင် ပြေလည်မယ်ဆိုတာလည်း ယုံပါတယ်။
ဘယ်ခေတ်က Bus ကား တိုးကြိတ်မစီးရတာ ရှိဖူးလို့လဲ၊ ဒါပေမဲ့ အမြန်ဆုံး အဆင်ပြေအောင် ကွီးဖြိုး စီစဉ်ပေးစေချင်ပါတယ်။ အခက်အခဲနဲ့ မပြေလည်သေးမှုတွေကို သည်းခံပြီး စီးနင်းနေကြတဲ့ ပြည်သူတွေကို အမြန်ဆုံးနည်းနဲ့ သံပုံးတီးပြီး ကွီးဖြိုးစီစဉ်ပေးဖို့ ဒီနေရာက တောင်းဆိုပါရစေ၊ တောင်းပန်ပါရစေ။ YBS အရေးမှာ ကွီးဖြိုးအောင်မြင်ခဲ့ပါတယ်။ ပြည်သူတွေကလည်း ကွီးဖြိုးကို ထောက်ခံကြောင်း၊ ချစ်ခင်နှစ်လိုကြောင်း သက်သေပြခဲ့တာပါ။ နေရာတော်တော်များများမှာ ယာဉ်ကြောတွေ ရှင်းသွားတာတော့ အမှန်ပါပဲ။ NLD မွေးဖွားစကာလမှာတော့ ဝေဖန်တာတွေ၊ လေကန်တာတွေ အများကြီးကြားခဲ့ ကြုံခဲ့၊ ဖတ်ခဲ့ရတာပါ။ ကွီးဖြိုးဆက်လက်အောင်မြင်ပါစေ ဆုတောင်းပါတယ်။ စေတနာမှန်ရင် အောင်မြင်တာပါပဲ။ အခက်အခဲ ဆိုတာတော့ နေရာတိုင်းမှာ ရှိနေတတ်တာပါ။ မာရ် နတ်ဖျက်တိုင်းသာ ဘုရားမဖြစ်ဘူးဆိုရင် ခုအချိန် ကိုးကွယ်စရာ ဘုရားရှိပါ့မလား။
x x x
အတိတ်က မမေ့နိုင်စရာအရိပ်ကလေးတခု အကြောင်းလည်း ပြောပြချင်ပါတယ်။ သရော်စာ စာရေးဆရာကြီး မောင်သော်ကဆိုတာ လူတိုင်းသိပါတယ်။ ကျွန်မနဲ့ အိမ်နီးနားချင်း အလွန်းခင်မင်ရင်းနှီးသူပါ။ အိမ်ချင်းနီးနီးလေးဆိုတော့ နေ့တိုင်း ညနေတိုင်း တုတ်ကောက်ကြီးနဲ့ ကျွန်မတို့အိမ် ရောက်ရောက်လာ ပါတယ်။ လာတဲ့အခိုက် ပြောသွားသမျှ စကားတွေဟာ မမေ့နိုင်စရာ၊ မှတ်သားစရာတွေချည်းပါပဲ။
နေ့စဉ်တွေ့နေကျ အန်ကယ်နဲ့ကျွန်မဟာ သေကွဲမကွဲ ရှင်ကွဲကွဲပြီး မတွေ့ရတော့ပါဘူး။ အန်ကယ်က အထဲမှာကိုး။ တနေ့တော့ထုံးစံအတိုင်း အန်ကယ် ကျွန်မဆီရောက်လာတယ်။ ရောက်တတ်ရာရာပြောရင်း အန်ကယ့်ရဲ့ စကားတခွန်းကို မမေ့နိုင်တော့ဘူး။
'မှတ်ထား ဒရ၀မ်တယောက် အသုံးမကျရင် ၂၄ နာရီကြာရင် သိတယ်။ ဂိုဒေါင် အဖောက်ခံရပြီကိုး။ ၀န်ကြီးတယောက် အသုံး မကျရင် လေးနှစ်ကြာရင် သိ တယ်။ ဌာနက စုတ်ပြတ်ပြီး နောက်အသစ်တယောက် တက် လာတာကိုး။ အေး . . . စနစ်ကြီးတခု အသုံးမကျရင်တော့ သွားပြီပဲ။ နှစ်ပေါင်းများစွာ ခံပေတော့။ ဖြူခါပြာခါကျနေတဲ့ တိုင်းပြည်ကို ကုန်းပေ ရုန်းပေတော'တဲ့လေ။
ကျွန်မတို့လည်း နှစ်ပေါင်းများစွာ အသက်တ၀က်ရှုရင်း အရိုးနူးအောင်ခံခဲ့ပြီးပြီ။ ခုမှ ဒီမိုကရေစီ အလင်းရောင်လေးနဲ့ မြန်မာနိုင်ငံအစုတ်ထုပ်ကို အမေစုလည်း အသည်းနှလုံးမှာ ကျွဲပခုံးထအောင် ကုန်းရုန်းချုပ်နေဆဲပဲလေ။ စနစ်ဟောင်းရဲ့ ဒဏ်ကို ဒီလောက်ရင်စည်း ခါးစည်းခံလာခဲ့ပြီးမှတော့ ဒီမိုကရေစီစနစ်သစ်ရဲ့ ခြေလှမ်းတွေမှာ ပန်းတွေခင်းထားစေချင်ပါတယ်။ တကယ်ပဲ ရွှေသီးတဲ့ မြေကြီးပေါ်မှာ ကျွန်မတို့ ပြည်သူတွေဟာ ရွှေထီးဆောင်းတဲ့ဘ၀ကိုရချင်ပါတယ်။ ဘာတွေပျက်ပျက် စိတ်ဓာတ်တွေ မပျက်စီးခဲ့ဘူးဆိုရင် ဒီလိုဘ၀ရောက်ကို ရောက်ရမှာပါ။ အကာမဲ့မဲ့၊ အနှစ်ပြဲ့ပြဲ့ဘ၀ကို ဒီမိုကရေစီ အရိပ်အောက်ခိုလှုံတဲ့နေရာမှာ ပညာရေး၊ ကျန်းမာရေး၊ စား ၀တ်နေရေးစတဲ့ အကိုင်းအခက်တွေ အများကြီးကိုလည်း ချက်ချင်းမရှိ၊ တော်တည့်မှန်ကန်အောင် ၀ိုင်း ၀န်းကူညီကြရမှာပါပဲ။
ကျွန်မ ဥာဏ်မီသလောက် စဉ်းစားကြည့်လိုက်တော့ လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့ လူတွေရှိနေရှိနေလို့ အရေးကြီးလှပါတယ်။ မြန်မာပြည်နဲ့ နိုင်ငံသူ နိုင်ငံသားတွေအတွက် ဒေါ်အောင်ဆန်း စုကြည်လို လူမျိုးရလိုက်တာဟာ ကုသိုလ်ကောင်းလွန်းလှတယ်။ အမေရိကန်သမ္မတက လေးနှစ်တယောက် ရရှိနိုင်ပေမဲ့ ကျွန်မတို့မှာ နှစ်ပေါင်း ၅၀ ကျော်စောင့်မှ ဒီတယောက်ရတာပါ။ ဒီကြားထဲ ကွီးဖြိုးလိုလူက အဆစ်ရလိုက်သေးတယ်။ ကွီးဖြိုးကိုတော့ မဘသရှင်းလိုက်ကတည်းက သဘောကျခဲ့တာ-
အန်ကယ်သော် စကားလေးကနေ ဒီအထိ ရေးမိတာပါ။ အသက်ပေးပြီး ဆောင်ရွက်ခဲ့တဲ့ အန်ကယ်သော့်လို 'ဆရာကြီး'မျိုးတွေ အများကြီးတွေ အများကြီးရှိနေရမှာပါ။ ရှိလည်းရှိခဲ့ပါတယ်။
ဒါကြောင့်လဲ ကိုယ့်လက်သန်းလောက်မင်ပေခဲ့တာကို စာမဖွဲ့လောက်ပါဘူး။
xxx
ဟိုးအတိတ်က မှတ်မှတ်ရရဖြစ်နေခဲ့တာလေး တခုပြောပြရဦးမယ်။ ပါတီ၊ ကောင်စီခေတ်က ဖြစ်ပါတယ်။ လှည်းထောက်မှန်း၊ A မှန်းမသိသူတွေ မိုးကိုဒူးနဲ့တိုက်နေတဲ့တချိန်ကပါ။ သမ၀ါယမမှာ ဆပ်ပြာကို အပ်ချီလုံးနဲ့တွဲယူရတဲ့အချိန်များလည်း ဖြစ်ပါတယ်။
အဲဒီတုန်းက ကျွန်မက အန်ကယ်သော်နဲ့ နီးနီးလေး စမ်းချောင်းမှာနေပါတယ်။ ကျွန်မတို့ လမ်းထဲမှာ လက်သမားလုပ်တဲ့ ဦးလေးကြီးက ရပ်ကွက် သမ၀ါယမလူကြီးဆိုတော့ နို့ဆီဘူးယူရင် ဆားယူရမယ်ဆိုတဲ့ ခွဲတမ်းကို သူကချရပါတယ်။ အဲဒီ ဦးလေးကြီးက အရပ်လူကြီးဆိုတော့ သူ့ကို နာမည်မခေါ်တော့ဘဲ 'ဆရာကြီး'လို့ အားလုံးက ခေါ်ပါတယ်။ တနေ့တော့ သူ့အိမ်ရှေ့က ခွဲတမ်းရေးတဲ့ ကြော်ငြာသင်ပုန်းမှာ ဒီလိုရေးထားပါတယ်။
“တအိမ်ထောင် နှစ် ၄၀- ပုဆိုးတထယ်၊ နို့ဆီတဗူး၊ ဆား ၅၀ ကြပ်သား၊ သိကြား ၂၅ ကြပ်သား” ဖြစ်ပါတယ်။ နောက်ဘယ်နေ့ထုတ်ပါပေါ့။
ကျွန်မ မောင်လေးက အိမ်ထဲပြေးဝင်လာပြီး ''မမ နင်မြင်လား၊ မှားနေတာတွေကို ၂/၄၀ ကလည်း ဂဏန်းနဲ့ရေးမှ မှန်မှာပေါ့။ ၂ ကို စာနဲ့ရေးတော့ ရှေးဟောင်းပုဆိုးဖြစ်မနေဘူးလား၊ ကျပ်ကိုလည်း ရရစ်နဲ့ ကြပ်ထားသေးတယ်။ ငါအူယားလိုက်တာ မမရယ်''တဲ့။ ကျွန်မလည်း ပြီးပြီးရော သဘောနဲ့ 'ဘယ်လိုရေးရေးဟာ သဘောပေါက်ပြီးတာပဲ'လို့ ပြောလိုက်ပေမဲ့ 'ဒါလောက်တော့ မမှားသင့်ပါဘူးဟာ၊ သကြားကို သိကြားတဲ့၊ မိုးပေါ်ပို့လိုက်တာ ငါအူယားလိုက်တာ' တဲ့လေ။
သူအူယားတာက ယားရုံမယားဘဲကုတ်ရမှ ဖြစ်လာပါတယ်။ ညဘက်မှာ တအိမ်လုံးအိပ်ပေမယ့် သူမအိပ်ဘူး။ ကျွန်မကတော့ ဒီနေ့ဘက်မှာ အိပ်နေကျ မဟုတ်ဘူးလေ။ ကျွန်မ ညီမလေးက ဆရာမဆိုတော့ သူမြေဖြူခဲတောင်းနေသံလည်း သဲ့သဲ့ကြားတယ်။ 'နင်ဘာလုပ်နေတာလဲ၊ မအိပ်သေးဘူးလား'လို့ ပြောတော့ 'မမ နင်အိပ်ပါ' တဲ့။ ညတနာရီခွဲလောက် လုံးဝ လူခြေတိတ်ချိန်မှာ သူလှစ်ခနဲအပြင်ထွက်သွား တယ်။ မှောင်ရိပ်ခိုပြီး သင်ပုန်းနားကပ်သွားတယ်။ ခဏအကြာမှာ ချက်ချင်းပြန်ဝင်လာပြီး သူ့အခန်းထဲ ၀င်သွားတော့တယ်။
မိုးလင်းလို့ အိပ်ရာကနိုးနိုးချင်း ကျွန်မ မျက်နှာမသစ်ဘဲ အိမ်ရှေ့ထွက်သွားတော့ အမယ် မောင်လေးက တံမြက်စည်းလေးကိုင်ပြီး အိမ်ရှေ့မှာ တံမြက်စည်း လှည်းနေတယ်။ အခြေအနေသူကြည့်မှာပေါ့။ ဟော ဦးလေးကြီးဆိုတဲ့ ဆရာကြီးတောင် ရွေဘော်ခုံပေါ်ရောက်နေပါရောလား။
ကျွန်မ သင်ပုန်းကို လှမ်းကြည့်လိုက်တယ်။
“ပုဆိုးလို့ရေးပြီး သကြားလို့ ရေးရတယ်ဟဲ့”ဆိုတဲ့ စာတန်းကို ဖတ်လိုက်ရပါတော့တယ်။
မှားနေတာကို မှန်အောင်ပြင်မပေးရဲတဲ့အချိန်မို့ သူတညလုံး အိပ်ရေးပျက်သွားပါတယ်၊ လိုအပ်တဲ့ အချိန်၊ လိုအပ်တဲ့နေရာမှာ မလိုအပ်တဲ့ ဆရာကြီးတွေ ကြီးစိုးနေခဲ့တာက အကြောင်းရင်း မဟုတ်ပါလား။
ခင်သူသူဝင်း
News Watch
Subscribe to:
Post Comments (Atom)
No comments:
Post a Comment