Latest News

Wednesday, February 22, 2017

အမေရိကန် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဒေါ်နယ်ထရမ့်

အမေရိကန် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဒေါ်နယ်ထရမ့်



(၁)

အမေရိကန်တို့သည် မိမိတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို များစွာ တန်ဖိုးထားကြသူများ ဖြစ်ပါသည်။ ၁၇၈၇ ခုနှစ် စက်တင်ဘာလက အတည်ပြုခဲ့သော ထိုဥပဒေမှာ နှစ်ပေါင်း ၂၃၀ သက်တမ်းရှိခဲ့ပြီး အမေရိကန်တို့ ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံ ဖြစ်ခဲ့ရသည်မှာ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အုပ်ချုပ်သောစနစ်ကြောင့် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သမ္မတဂျော့ဝါရှင်တန်လက်ထက်က အတည်ပြုခဲ့သော ထိုဥပဒေမှာ လူတို့၏ ဒီမိုကရေစီ အခြေခံ လွတ်လပ်ခွင့်များဖြစ်သော လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ မိမိဆန္ဒကို ထုတ်ဖော်ပြောဆိုပိုင်ခွင့် အပြည့်အဝ ပေးထားသော ဥပဒေလည်း ဖြစ်ပါသည်။

နိုင်ငံတွင် အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို သုံးပိုင်းခွဲထားပြီး ကဏ္ဍတစ်ခုစီသည် လွတ်လပ်စွာ လုပ်ပိုင်ခွင့်များရှိသည်။ အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်များကိုလည်း (Check  and balance) မူအရ အချင်းချင်း ပြုပြင်စောင့်ရှောက်နိုင်သည့်စနစ်ဟု ဆိုနိုင်ပါသည်။

(၂)

၂၀ဝ၉ ခုနှစ်က သမ္မတအိုဘားမား အမေရိကန်၏ ၄၄ ယောက်မြောက် သမ္မတ ဖြစ်လာချိန်တွင် သူ၏ ပုဂ္ဂိုလ်ရေး လုပ်ရပ်များကို (Conflict of Interest) ဥပဒေနှင့် ငြိစွန်းခြင်း ရှိ/မရှိ စောင့်ကြည့်ရန် Mr. Noman Eisen ခေါ် ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေကျွမ်းကျင်သူတစ်ဦးကို ခန့်ထားခဲ့ပါသည်။ အထူးသဖြင့် လူ့ကျင့်ဝတ် (Ethics) ဆိုင်ရာကိစ္စများကို သမ္မတအား သတိပေးရန် ဖြစ်ပါသည်။ ဥပမာ- သမ္မတကြီးအနေနှင့် ဝါသနာအရ ဘတ်စကက် ဘောပွဲများကို ကြည့်ရှုအားပေးလေ့ရှိရာ မေတ္တာလက်ဆောင် လက်မှတ်ကို လက်ခံနိုင်၊ မခံနိုင် သူက ဆုံးဖြတ်ရပါသည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို သမ္မတကြီးအား ပေးအပ်ချိန်တွင် သူ့အနေနှင့် ဥပဒေကြောင်းအရ လက်ခံပိုင်ခွင့် ရှိ၊ မရှိကို အကြံဉာဏ်ပေးရပါသည်။ နိုဘယ်လ်ဆုပေးရေးအဖွဲ့သည် နိုင်ငံရပ်ခြားအစိုးရ မဟုတ်သော လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်နေ၍သာ လက်ခံနိုင်ခဲ့ခြင်း ဖြစ်ပါ၏။ သူ ပိုင်ဆိုင်သော ရင်းနှီးမြှုပ်နှံမှု အားလုံးကို သူသိရန် မလိုသော (Blind Trust) ထဲသို့ လွှဲပြောင်းပေးခဲ့ပါသည်။ သူ၏ အခွန်ဆောင်လွှာ (Tax Return) ကိုလည်း လူသိရှင်ကြား ထုတ်ပြန်ကြေညာ ပေးခဲ့ပါသည်။ သူ၏ သမ္မတသက်တမ်းတစ်လျှောက်လုံး စာရိတ္တ၊ ကျင့်ဝတ်နှင့်ပတ်သက်၍ ပြဿနာ တစ်စုံတစ်ခုမှ မပေါ်ပေါက်ခဲ့ချေ။

၄၅ ယောက်မြောက် သမ္မတကြီး ဒေါ်နယ်ထရမ့်မှာမူ သူ၏ အခွန်ဆောင်လွှာကို ဘယ်တော့မှ လူသိရှင်ကြား ထုတ်ဖော်မပြနိုင်ပါဟူသော ကြွေးကြော်ချက်ဖြင့် သမ္မတရာထူးကို လက်ခံယူခဲ့ပါသည်။ နှစ်ပေါင်း ၁၈ နှစ်ကြာ အခွန်ငွေ တစ်ပြားမှမပေးခဲ့ဘူးဟု ပြောဆိုမှုများ ရှိနေဆဲပင် ဖြစ်ပါသည်။ မိမိရာထူး အရှိန်အဝါကြောင့် အမြတ်ငွေရယူခြင်း (Conflict of interest) ဆိုသည်မှာ သမ္မတနှင့်မဆိုင် ဟူ၍ပင် ဗြောင်ပြောဆိုလျက်ရှိသည်။ ဆိုလိုသည်မှာ သူ့အနေနှင့် မိမိ၏ စီးပွားရေးလုပ်ငန်းများသည် အစိုးရတာဝန်များနှင့် မပတ်သက်ပါဟူ၍ ဆိုလိုခြင်းပင်ဖြစ်သည်။ နိုင်ငံခြား ခေါင်းဆောင်ကြီးများနှင့် တွေ့တိုင်းလည်း သူ့စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပွင့်လင်းစွာ ဆွေးနွေးလေ့ ရှိသည်ဟုလည်း ဆိုကြသည်။

သူ့တွင် ကမ္ဘာနှင့်အဝန်း ဟိုတယ်ကြီးများ။ အိုးအိမ်ခြံမြေပိုင်ဆိုင်မှုများ၊ စီးပွားရေး လုပ်ငန်းကြီးများ များစွာရှိနေသည့်တိုင် အိုဘားမားကဲ့သို့  အပြီးသတ် ရောင်းချပစ်ရန်ကို ငြင်းဆန်လျက်ရှိသည်။ ထရမ့်စီးပွားရေးလုပ်ငန်း (Trump Organization) ကြီး၏ စီမံခန့်ခွဲမှုကိုသာ သူ၏ သားနှစ်ယောက်ကို လွှဲပေးပြီး ဖြစ်ပါသည်ဟုဆိုပြီး ပိုင်ဆိုင်မှုကိုကား ဆုပ်ကိုင်ထားဆဲပင်။

ထရမ့်အနေနှင့် သမ္မတအဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ရှောက်ကာကွယ်ပါမည်ဟု ကျမ်းကျိန်ပြီးသည့်တိုင် ဖွဲ့စည်းပုံဥပဒေလာ ဥပဒေ စည်းကမ်းများကို ဗြောင်ချိုးဖောက်နေခြင်း ဖြစ်သည်ဟု ဝေဖန်သူများ ရှိနေကြပါသည်။

ဖွဲ့စည်းပုံဥပဒေက အစိုးရဝန်ထမ်းတိုင်းသည် မိမိ၏ ရာထူးလုပ်ပိုင်ခွင့်များပေါ်တွင် မူတည်၍ ပြင်ပမှ အထူးသဖြင့် နိုင်ငံခြား အစိုးရများမှ အမြတ်ပေးငွေ၊ လက်ဆောင်နှင့် ဝတ္ထုပစ္စည်း မှန်သမျှကို လက်ခံပိုင်ခွင့် မရှိ။ ခြွင်းချက်များကို ကွန်ဂရက်ကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိကြသည်။

နယူးယောက်မြို့ရှိ (Trump  Tower) ထရမ့်ပိုင် ဟိုတယ်ကြီးတွင် အဓိက အခန်းငှားထားသူမှာ တရုတ်နိုင်ငံ စက်မှုနှင့် စီးပွားရေးဘဏ်ကြီး (Industrial and Commercial Bank Of China) ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံမှ ထရမ့်လုပ်ငန်းများ၏ ကိုယ်စားလှယ်ကို သမ္မတဒူတာတေးက အမေရိကန်ဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ခဲ့သည်။ ပနားမားနိုင်ငံရှိ ဟိုတယ်များမှာ ထရမ့်တံဆိပ်ကို သုံးစွဲပိုင်ခွင့်အတွက် ဒေါ်လာသန်းချီ၍ ပေးနေကြရသည်။ နိုင်ငံများစွာတို့တွင် ထရမ့် အရွေးခံရခြင်းအတွက် ဂုဏ်ပြုပွဲများ ကျင်းပနေကြသောသတင်းကို ကြားနေကြရသည်။

ထို့ကြောင့် မစ္စတာထရမ့်အနေနှင့် သူ၏လုပ်ငန်းများ ဝင်ငွေ၊ ထွက်ငွေ အားလုံးကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ကြေညာမှသာ နိုင်ငံခြား အစိုးရများ၏ ပံ့ပိုးကူညီမှုကို ယူ မယူ သိကြရမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်း ဆိုသည်မှာလည်း ထုံးစံသဘောအရ မဆိုင်သည့် ပြင်ပလူများကို ဘာကိုမှ အသိပေးလိုကြသည် မဟုတ်ပေ။ သို့ပါသော်လည်း ထိုစီးပွားရေး လုပ်ငန်းရှင်မှာ သမ္မတကြီးဖြစ်နေသောကြောင့် တိုင်းပြည်သို့ ရှင်းလင်းတင်ပြရန် တာဝန် ရှိလာပြန်သည်။ သူ၏ ဝင်ငွေ၊ ထွက်ငွေ စာရင်းကို အများပြည်သူ မြင်နိုင်မှသာလျှင် သူ့ရာထူးကြောင့် အကျိုးအမြတ် ရှိ/ မရှိကို သိကြရမည် ဖြစ်ပါသည်။

သူကျမ်းသစ္စာ မကျိန်ဆိုမီ တစ်ရက်မှပင် ACLU ( American Civil  Liberties  Union) က သမ္မတ၏ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ အခြေအနေ၊ အချက်အလက် အားလုံးကို ထုတ်ပြန်ကြေညာရန် တောင်းဆိုခဲ့သည်။ ဇန်နဝါရီ ၂၃ ရက်နေ့က (Citizen For Responsibility And Elthics) အဖွဲ့မှ သမ္မတသည် သူ၏ စီးပွားရေးလုပ်ငန်းများဖြင့် နိုင်ငံခြား အစိုးရနှင့် ကုမ္ပဏီများအပေါ်မှ အမြတ်ထုတ်လျက်ရှိပါသည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခဲ့သည်။ သူတို့၏ တရားစွဲဆိုမှု အောင်မြင်မှု ရှိမည်ဟု မသေချာသည့်တိုင် အခြားအလားတူ အဖွဲ့အစည်း အသီးသီးကလည်း ပုံစံအမျိုးမျိုးဖြင့် တရားစွဲဆိုနိုင်ရန် ပြင်ဆင်လျက် ရှိကြပါသည်။

ဟိုတယ်ပိုင်ရှင်များ အိုးအိမ်ခြံမြေ ကုမ္ပဏီများ၊ ဂေါက်ကွင်းအဖွဲ့များမှာ ထရမ့်ကုမ္ပဏီများနှင့် အပြိုင်အဆိုင်ဖြစ်ကြရာ အကယ်၍ သမ္မတကြီးမှာ သူ၏ရာထူးကြောင့် ကန်ထရိုက် လုပ်ငန်းများ ရခဲ့သည်ဆိုပါက တရားစွဲဆိုပိုင်ခွင့် ရှိနေပေသည်။

သမ္မတဘုရှ် လက်ထက်က စစ်ပွဲကြီး ဆင်နွှဲနေစဉ်မှာပင် ရန်သူစစ်သားများကို တရားမစွဲဆိုဘဲ ဖမ်းဆီးထားပိုင်ခွင့်မရှိဟု တရားရုံးများက ဆုံးဖြတ်ပိုင်ခွင့် ရှိနေပေရာ သမ္မတ ထရမ့်ကိုလည်း အလားတူ ဆန့်ကျင် ဆုံးဖြတ်မှုများဖြင့် ဖိအားပေးနိုင်ကြပါသည်။

ဖွဲ့စည်းပုံဥပဒေပါ ပြင်ဆင်ချက် ၂၅ ဟုခေါ်သည့် (25th Amendment) ဆိုသည်မှာ သမ္မတတစ်ဦးကို ရာထူးမှ ဖယ်ရှားနိုင်သည့် နည်းလမ်းများကို ရေးသားထားခြင်း ဖြစ်ပါသည်။ သမ္မတနစ်ဆင်ကို ဝါးတားဂိတ်ကိစ္စဖြစ်စဉ်က ရာထူးမှ နုတ်ထွက်သွားစေရန် ကွန်ဂရက်က ဖိအားပေးနိုင်ခဲ့သည် မှာလည်း ဤပြင်ဆင်ချက် ဥပဒေများအရပင် ဖြစ်ခဲ့ပါသည်။

အမေရိကန် ပြည်ထောင်စု၏ သမ္မတဆိုသည်မှာ အမေရိကန် နိုင်ငံသားများ၏ အကျိုးစီးပွားကို စောင့်ရှောက်ကာကွယ်ရန် ရာထူးကို ယူရခြင်းဖြစ်ပါသည်။ မိမိကိုယ်တိုင်နှင့် မိမိမိသားစုဆွေမျိုးမိတ်သင်္ဂဟများ၏ အကျိုးအတွက် ရာထူးကိုယူရခြင်း မဟုတ်။ အထူးသဖြင့် နိုင်ငံခြား အစိုးရများ၏ အကျိုးစီးပွားကို ကာကွယ်ရန်လည်း မဟုတ်ပေ။ မစ္စတာထရမ့်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်လိုက်သော တာဝန်နှင့် လိုက်နာရန် စည်းကမ်းများ ရှိနေပြီးဖြစ်သည်။

သူက နိုင်ငံလည်း အကျိုးရှိစေ၊ မိမိကိုယ်ကျိုးအတွက်လည်း အကျိုးရှိစေ နယ်နိမိတ် မခွဲခြားဘဲ ဝိုးတဝါးသာ ချီတက်လိုဟန် ရှိသည်။ မည်သို့သော စိတ်စေတနာမှန်ဖြင့် ဆုံးဖြတ်သည်ဆိုစေ သူ့ဆုံးဖြတ်ချက်များသည် သူ၏ စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုအမြတ်အစွန်း ရစေရန်ဆိုသော ရည်ရွယ်ချက်မှာပါပြီး ဖြစ်သည်။

(၃)

အမေရိကန် ပြည်ထောင်စု၏ သမ္မတများ သမိုင်းကိုကြည့်လျှင် ခြွင်းချက် အနည်းငယ်ရှိသည့်တိုင် လူကြီးလူကောင်း ဆန်ခြင်း၊ အမြော်အမြင် ကြီးမားခြင်း၊ ဉာဏ်ပညာ ထက်မြက်၍ စိတ်ရှည် သည်းခံခြင်း အစရှိသော ကောင်းမြတ်သည့် အရည်အချင်းများနှင့် ပြည့်စုံသည့်လူများ၏သမိုင်း ဖြစ်ပါသည်။

လက်ရှိ အအခြအနေမှာ ပြဿနာ ဗရပွနှင့် ပြုပြင်စရာ အများကြီးရှိသည်ဟုဆိုနေသော သမ္မတအသစ် ဒေါ်နယ်ထရမ့်ကို အမေရိကန်တို့၏ ကောင်းမြတ်သော ဒီမိုကရေစီစနစ်က ကောင်းမွန်သည့် လမ်းကြောင်းပေါ် ရောက်အောင် ထိန်းကျောင်းသွားနိုင်ပါစေဟုသာ ဆုတောင်းရပါသည်။

ကိုသန်းလွင်
Ref: Trump Violates the Constitution, by David Cole: New York Review of Books. February 23, 2

The Voice

No comments:

Post a Comment