ပြည်သူတစ်ယောက်ရဲ့ ခံစားချက်
တွေးကြည့်ပါတယ်။ ကျွန်တော် တက္ကစီတစ်စီး စီးသွားမယ်ပေါ့။ လမ်းမှာ ကားမောင်းသူက တစ်နေရာရာကို မောင်းခေါ်သွားမယ်။ ပါလာတဲ့ပစ္စည်းတွေ လုမယ်။ အဲဒါနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကျွန်တော် အသတ်ခံလိုက်ရမယ်ဆိုပါစို့။ ဘာဆက်ဖြစ်မလဲ။ ဖြစ်နိုင်ခြေများတာကတော့ လူမှုကွန်ရက်မှာ သတင်းတက်လာမယ်။ ကျွန်တော့်ကို သနားကြမယ်။ ချစ်သူခင်သူတချို့ကတော့ ကျွန်တော့်ဓာတ်ပုံလေးနဲ့ Profile picture ပြောင်းမယ်။ အသုဘ လူစည်မယ်။ နောက်ပြီးရင်ရော။
နောက်ပြီးရင် ဒီလိုနဲ့ပဲ ပြီးသွားမယ့်သဘော ရှိပါတယ်။ ဘယ်နှလောင်းပြိုင် အသတ်ခံရတယ်။ ဘယ်နေရာမှာ ဓားပြတိုက်သွားတယ်။ သတင်းထောက်တွေ သတ်ခံရတယ်။ အစပိုင်းမှာသာ သတင်းထွက်လာပေမယ့် ဘာမှထူးထူးခြားခြား ဆက်ဖြစ်မလာပါဘူး။ အခုဆိုရင် အစိုးရသက်တမ်းက ၁၀ လ ရှိလာခဲ့ပါပြီ။ ပြည်သူတွေရဲ့ လုံခြုံမှုကတော့ တစ်နေ့တစ်ခြား အားနည်းလာပါတယ်။
ပြည်သူအများ ဝေဖန်နေကြတဲ့ ၆၆ (ဃ) နဲ့ ပတ်သက်ရင်လည်း ဒီလိုပါပဲ။ ဒါကိုပြင်ဖို့ ဘယ်လို အခက်အခဲတွေ ရှိနေလဲတာမသိပေမယ့် ဒီလိုဥပဒေမျိုးရှိနေခြင်းက ဒီမိုကရေစီအစိုးရ တစ်ရပ်ရဲ့ပုံရိပ်ကို အနည်းနဲ့အများတော့ ထိခိုက်စေပါတယ်။
ကျွန်တော်ဟာ နိုင်ငံရေးကျွမ်းကျင်သူလည်း မဟုတ်ပါဘူး။ ဒါတွေက သာမန်ပြည်သူတစ်ယောက်အနေနဲ့ ခံစားရလို့ ခံစားရတဲ့အတိုင်း ရေးလိုက်တာဖြစ်ပါတယ်။ ကျွန်တော့်လိုပဲ တခြားပြည်သူတွေလည်း ခံစားနေကြရမယ်လို့ ထင်ပါတယ်။ ဒါဖြင့် မင်းဝင်လုပ်ကြည့်ပါဦးဆိုလည်း ၀န်ခံပါတယ်။ ကျွန်တော် မလုပ်တတ်ပါဘူး။ အကြံလည်း မပေးတတ်ပါဘူး။ ဒါပေမဲ့ ပြည်သူတစ်ယောက်အနေနဲ့ အချက်သုံးချက်တော့ ပြောလိုပါတယ်။ ပြည်သူအချင်းချင်း ကိုယ်မြင်တာလေးကိုယ် ပြောတာပါပဲ။
■ (၁) ပရိုဆိုတဲ့ အမြင်လေးမြင်ပေးဖို့
ကျွန်တော်တို့နိုင်ငံမှာ ပရို မပီသလို့ဆိုပြီး အဝေဖန်ခံရဆုံး လူတန်းစားနှစ်ရပ် ရှိပါတယ်။ တစ်ရပ်က စစ်သား၊ နောက်တစ်ရပ်က ဆရာဝန် ဖြစ်ပါတယ်။ စစ်သားဆိုတာ တိုင်းပြည်အတွက် အသက်ပေးပြီး ကာကွယ်ရတဲ့သူတွေ ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်သဘောသဘာဝကိုက ဒီလိုပဲ။ ဒါကြောင့် စစ်သားဖြစ်လာရင် ဒါဟာ မလွဲမသွေကို ရင်ဆိုင်ရပါမယ်။ ဒီအတွက်လည်း စစ်သားတွေဟာ တိုင်းသူပြည်သားတွေရဲ့ ချစ်ခင်ခြင်းကို ခံကြရတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါကို အခွင့်အရေးတစ်ခုလို ငါတို့က အသက်ပေးထားရတာကွ ဆိုပြီး ခံစားခွင့်တွေယူတတ်တဲ့ စစ်သားအချို့ ပေါ်လာကြတဲ့အခါ ကျွန်တော်တို့တိုင်းပြည် ဘာဖြစ်သွားသလဲ။ အသက်ပေး ကာကွယ်နေလို့ ကျေးဇူးတင်တာက သက်သက်၊ မယူသင့်တဲ့ ခံစားခွင့်တွေ ယူနေတာကို ကန့်ကွက်ရမှာက သက်သက်ဖြစ်ပါတယ်။
အစိုးရဆရာဝန် အလုပ်ကို ရွေးလိုက်ပြီဆိုတာနဲ့ အလုပ်နဲ့ဝန် မမျှတာ၊ လစာမကောင်းတာ၊ အနာဂတ် မရေရာတာ၊ ဒါတွေက မလွဲမသွေ ပါလာတော့မှာ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ဆရာဝန်တစ်ယောက် ဖြစ်တာကြောင့် သူတို့ဘယ်လိုတွေ အလုပ်လုပ်နေရတယ်ဆိုတာ ဆရာဝန်အချင်းချင်း နားလည်ပေးလို့ ရပါတယ်။ အလုပ်နဲ့ဝန် မမျှတာကို နားလည်ပေမယ့် လူနာကို ပေါ့ပေါ့ဆဆ ကုသတာ၊ ဂရုမစိုက်တာ၊ ကျင့်ဝတ်ပျက်တာမျိုးတွေ ရှိလာရင်တော့ သူတို့မှာ ဘယ်လိုလုပ်နေရတာလေဆိုပြီး အတင်းကာကွယ်ပေးလို့ မရပါဘူး။ နားလည်တာက နားလည်တာ သက်သက်၊ ကိုယ့်ရွေးချယ်မှုဖြစ်တဲ့အတွက် တာဝန်ယူရမှာက သက်သက်ပါ။
လက်ရှိအစိုးရနဲ့ ပတ်သက်ရင်လည်း ဒီလိုပဲ မြင်ပေးရပါမယ်။ အစိုးရဖြစ်မှ တိုင်းပြည်ကို ကောင်းအောင်လုပ်ပေးနိုင်မယ်ဆိုတဲ့ ကတိက၀တ်နဲ့ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ချွတ်ခြုံကျနေခဲ့တဲ့ တိုင်းပြည်ကို ဆက်ခံခဲ့ရတာ မှန်ပေမယ့် ဒီသက်တမ်းအတွင်းမှာ ရလဒ် တစ်စုံတစ်ရာ ထွက်အောင်လုပ်ဖို့ကလည်း အစိုးရရဲ့တာဝန်ပါပဲ။
ဆရာဝန်တွေနဲ့ ပတ်သက်ပြီး သူတို့က ဘယ်လိုအနေအထားမှာ လုပ်နေရတာလေ ဆိုတာမျိုးပဲ အကြောင်းပြနေမယ်ဆိုရင် ဘယ်တော့မှ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါဟာ လူနာတွေအတွက် မကောင်းသလို ဆရာဝန်တွေ ကိုယ်တိုင်အတွက်လည်း မကောင်းပါဘူး။
အခက်အခဲတွေရှိတာကို နားမလည်ပဲ မင်းတို့တွေ အကောင်းဆုံးဖြစ်အောင် ကုပေးကြလေဆိုတာက အစွန်းတစ်ဖက်ဖြစ်သလို ဒီလိုအခက်အခဲတွေ ရှိတာမို့ ငါတို့ပေါ့လျော့ခဲ့ရင် နားလည်ပေးကြ ဆိုတာကလည်း နောက်ထပ် အစွန်းတစ်ဖက်ဖြစ်ပါတယ်။
လက်ရှိအစိုးရနဲ့ ပတ်သက်ရင်လည်း ကျွန်တော်တို့တွေ ဒီအစွန်းနှစ်ဖက်ကို လွတ်အောင် ရှောင်နိုင်ကြဖို့ လိုပါတယ်။
■ (၂) မြန်မြန်တွန်းဖို့
အစိုးရသစ် တက်ပြီးတာ ဘာမှလည်း မပြောင်းလဲသေးပါလားလို့ ပြောကြတဲ့သူတွေကို တုံ့ပြန်နေကျ စကားတစ်ခွန်း ရှိတယ်။ မရိုသေ့စကား ကလေးမွေးရင်တောင် ၁၀ လ စောင့်ရပါတယ်တဲ့။ မှန်ပါတယ်။ တိုင်းပြည် တစ်ပြည် မပြောနဲ့ ကိုယ့်မိသားစုလေးကို ပြောင်းလဲရတာတောင် အင်မတန် ခက်တာကိုး။ ဒီကြားထဲ ပြဿနာတွေကလည်း တစ်ပုံတစ်ပင် ဖြစ်နေသေးတယ်။ ဒီတော့ ဒီလိုပြောကြတာကို နားလည်ပါတယ်။ ဒါပေမဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူကို အနှစ် ၂၀ အတွင်း ကျော်တက်မယ် ဆိုပြန်တော့လည်း ခုနက စိတ်ရှည်ရမယ်ဆိုတဲ့ သူတွေကပဲ ဟုတ်တယ်၊ ကျော်တက်မယ် ဖြစ်ကုန်ကြပြန်ရော။ နည်းနည်းတော့ အံ့သြမိသား။
ခေါင်းဆောင်က ပြည်သူတွေ Inspire ဖြစ်အောင် ပြောတယ်။ မီနိုင်တယ်၊ မမီနိုင်ဘူး ငြင်းမနေနဲ့။ အားလုံး ၀ိုင်းကြိုးစားကြရမယ်။ ကိုယ့်အလုပ်လည်း ကိုယ်လုပ်၊ အစိုးရကိုလည်း တွန်း။ ဘာလို့ဆိုတော့ ဆရာဝန်နဲ့ပဲ ဥပမာပေးဦးမယ်။ ကိုယ်ဆေးကုတာ ဘယ်လောက်တော်တော် ဘယ်လောက် စေတနာကောင်းပါတယ် ပြောပြော အစိုးရက ပေါ်လစီလေးတစ်ချက်ပဲ ပြောင်းလိုက်တာနဲ့ သက်ရောက်မှုချင်းက တခြားစီကွာတယ်။ ဒါကြောင့် နှစ် ၂၀ အတွင်း တကယ်ကျော်တက်ချင်ရင် ကိုယ့်ဟာကိုယ်လည်း ကြိုးစား အစိုးရကိုလည်း တွန်း။
စဉ်းစားကြည့် အရှေ့တောင်အာရှမှာတောင် တစ်ဆင့်ပြီးတစ်ဆင့် နိမ့်လာတဲ့နိုင်ငံက အာရှကျား တစ်ကောင်ဖြစ်နေတဲ့ နိုင်ငံကို အမီလိုက်ရုံတင် မကဘူး။ ကျော်တောင် တက်ချင်တယ်ဆိုရင် သေချာတာက ဒီလောက်သွေးအေးနေလို့တော့ မရဘူး။ ဒီအနှစ် ၂၀ အတွင်းမှာ သူကလည်း ရပ်နေမှာမှ မဟုတ်တာကိုး။ အမှန်ဆို မြန်နိုင်သမျှမြန်အောင်တောင် တွန်းပေးကြရဦးမှာ။ မပြောင်းသေးဘူး။ မပြောင်းသေးဘူးနဲ့ အော်နေကြရဦးမှာ ဖြစ်ပါတယ်။ ဒါမှ အလုပ်မြန်မြန်ဖြစ်ပြီး နှစ် ၂၀ နေတဲ့အခါ စင်ကာပူကို မမီတောင် အခုထက်သာတဲ့ နေရာတစ်ခုမှာ ကျွန်တော်တို့နိုင်ငံဟာ ရှိနေမှာဖြစ်ပါတယ်။
■ (၃) အဆိုးမြင်ပေးဖို့
လေးစားရတဲ့ ဆရာတစ်ယောက် ပြောဖူးတာလေး ရှိပါတယ်။ အကောင်းမြင်တတ်တာ ကောင်းပေမယ့် ခင်ဗျားတို့ မဖြစ်မနေ အဆိုးမြင်ရမယ့်အချိန်တစ်ခုတော့ ရှိတယ်။ အဲဒါကတော့ လူတွေကို စီမံခန့်ခွဲတဲ့အခါမှာပါတဲ့။ ရုံးမှာ Driver ရှိတယ်။ သူ့ကို ကားနဲ့ လွှတ်လိုက်မယ်။ ဒီလူကတော့ ရိုးသားပါတယ် ဆိုတာထက် သူဟာလမ်းမှာ ဆီခိုးထုတ်ပြီး ရောင်းစားနိုင်တယ်။ Black Taxi ဆွဲနိုင်တယ်။ သူ့ကိုယ်ရေးကိုယ်တာတွေ သွားလုပ်နေနိုင်တယ်လို့ တွေးပေးပါ။
ညစောင့်ရှိတယ်။ ဒီလူကတော့ တစ်ညလုံး ဘယ်မှမသွားဘဲ စောင့်နေမှာပဲလို့ မတွေးနဲ့။ ဘောလုံးပွဲ ထွက်ကြည့်နိုင်တယ်။ ညဘက် အိမ်ပြန်အိပ်နေနိုင်တယ်။ ဒီလိုတွက်ပေးပါ။ ဒါမှ သူတို့ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်မှာ။ ဒါတွေ မလုပ်နိုင်အောင် စနစ်တစ်ခုထားပြီး ထိန်းနိုင်မှာဖြစ်ပါတယ်။ လုပ်ချင်မှတော့ လုပ်မယ်။ တကယ်ရိုးသားချင်လည်း ရိုးသားမယ်။ ဒါပေမဲ့ ကိုယ့်ဘက်ကတော့ သူတို့ ဒါမျိုးလုပ်နိုင်တယ်လို့ အဆိုးမြင်ထားဖို့ လိုပါတယ်။
ရန်သူ လာမတိုက်နိုင်ပါဘူးလို့ ခပ်ပေါ့ပေါ့နေမိရင် တိုက်ပွဲမှာ ရှုံးနိမ့်သွားနိုင်တယ်။ အဝေးပြေးကားစီးတယ်။ ဘာမှမဖြစ်လောက်ပါဘူးလို့ တွက်ပြီး ခါးပတ် မပတ်ထားဘူး။ Emergency Exit ထားမထားဘူး။ အရေးပေါ် အခြေအနေမှာ ပြတင်းပေါက်ကို ခွဲဖို့ထားတဲ့ Hammer ပျောက်မှာစိုးလို့ Lock ခတ်ထားတယ်။ အဲဒါနဲ့ အသက်သေဆုံးကုန်တဲ့ သူတွေလည်း မနည်းဘူး။ ဖြစ်ပြီးသွားတဲ့ ကိစ္စတွေကိုသာ အကောင်းဘက်က မြင်နိုင်အောင် ကြိုးစားရမှာဖြစ်ပေမယ့် မဖြစ်သေးတဲ့ကိစ္စတွေမှာတော့ အဆိုးမြင်တတ်ဖို့ လိုပါတယ်။ ဒါမှ ကြိုတင်ကာကွယ်နိုင်မှာပါ။
လက်ရှိအစိုးရဟာ အောင်မြင်ဖို့လိုပါတယ်။ သူတို့မအောင်မြင်ခြင်းဟာ ကျွန်တော်တို့နိုင်ငံ မအောင်မြင်ခြင်းနဲ့ အတူတူပါပဲ။ အစားအသောက် အငမ်းမရစားတဲ့ သူကိုတွေ့ရင် အီသီယိုးပီးယားက လာတာလားလို့ ကျွန်တော်တို့ ငယ်ငယ်က ပြောခဲ့ကြဖူးတယ်။ အခု အဲဒီနိုင်ငံက ကျွန်တော်တို့ရှေ့ ရောက်သွားပါပြီ။ ဒါကြောင့် နောက်ငါးနှစ်စာ ထပ်လွဲလို့ မရတော့ပါဘူး။
ခေါင်းဆောင်ကလည်း ပြောထားပါတယ်။ အနှစ် ၂၀ အတွင်း အာရှကျားနိုင်ငံတစ်ခုကို ကျော်တက်မယ်တဲ့။ အဲဒီအတွက် ကျွန်တော်တို့တွေ ကိုယ့်တစ်ဦးချင်းအလိုက် ကြိုးစားကြရမယ်။ တစ်ချိန်တည်းမှာပဲ အစိုးရကိုလည်း စောင့်ကြည့်ထိန်းကျောင်းပေးနေရမှာ ဖြစ်ပါတယ်။
Writer:
ဒေါက်တာ ဖြိုးသီဟ
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment