Latest News

Sunday, February 19, 2017

တမာနုချိန်

တမာနုချိန်


တစ်ဆောင်းနှောင်း၍ တနွေစသော် တမာတို့နုချိန်ကို
ရောက်ရှိခဲ့သည်။ တမာနုချိန်ရောက်တိုင်း ဆရာမြသန်းတင့်၏
တမာနုချိန် စစ်တမ်းကို သတိရမိသည်။ တကယ်တော့
တမာနုချိန်တွင် အညာမြေလေးက အရှက်နှင့်
အသက်လဲခဲ့ရသည့် မိန်းမပျိုလေးကို ဆရာမြနည်းတူ
ကျွန်တော်စိတ်ကူးဖြင့် ပုံဖော်ကြည့်နေမိခြင်း ရယ်သာ။

အရာရှိတစ်ဦး၏ အိမ်တွင် အိမ်ဖော်လုပ်ရင်း
ခြေတော်တင်ခံရကာ ကိုယ်ဝန်ရှိလာချိန်မှ နှင်ချခံရ၍ရှက်ကာ
အိမ်မပြန်ဘဲ တမာပင်ပေါ်တွင် ဆွဲကြိုးချ သေဆုံးသွားခဲ့သည်။
အရှက်နှင့် အသက်ကိုလဲခဲ့သည်။ သေသွားလျှင်ပင်
ရှက်ရမည်ဆိုး၍ ခါးက လုံချည်ကို ကျွတ်မကျအောင်
ကြိုးဖြင့်ချည်သွားသေးသည်။ ဆရာမြရေးပြသည့်
ဇာတ်ကောင်ကို ကျွန်တော်မျက်လုံးထဲတွင် တရေးရေးနှင့်
မြင်လာရသည်။ ယနေ့ထိတိုင် ထိုသို့သော ဇာတ်ကောင်များ
ရှိနေပါသေးသည်။ ဆရာမြကတော့ တမာနုချိန်က
သူ၏နွေလွမ်း ဝေဒနာရဲ့ လက္ခဏာချက်၊ အိမ်လွမ်းဝေဒနာ၏
ပြဒါးတိုင်ဟု ဆိုခဲ့သည်။ ဟုတ်ပါသည်။ အလွမ်းဝေဒနာတို့
ဒီရေလိုမြင့်တက်လာချိန်က တမာနုချိန်တပေါင်းဦးဟု
ဆိုချင်သည်။

အညာနှင့်တမာက ခွဲခြား၍မရ။ အညာ သမိုင်းတို့ကို
ကြည့်မည်ဆိုပါက တမာရွက်ခြောက်လေးများ၊
တမာဖူးသင်းသင်းရနံ့တို့ ပါဝင်နေလိမ့်မည်။
ဗိုလ်ချုပ်အောင်ဆန်း အိမ်သွားရာလမ်းတစ်လျှောက်
တမာပင်တို့ကို မြင်ရမည်။ ချောက်ရေနံမြေသပိတ်ကြီး
သွားခဲ့ရာလမ်းတစ်လျှောက် တမာတို့ရှိနေမည်။
သခင်ဘိုးလှကြီး ရုပ်တုအနီးတွင် တမာတို့ သင်းနေမည်။
ထိုတမာရနံ့တို့ကြားကပင် စာပေအနုပညာရှင်များစွာ
ထွက်ပေါ်ခဲ့သည်။ တမာသည် အထွေထွေသော ဘ၀တို့ကို
တွေ့ကြုံခဲ့ရသည်။ လမ်းကြုံခဲ့ရင်တော့ တမာပင်ကျိုး
တိုးကျဲတဲအောက် ချည့်နဲ့နဲ့ မြင်းလှည်းအိုလေးတစ်စီး
ခရီးသွားများကို မျှော်နေတာကို ကြုံရမည်။

တစ်ရက်မှာတော့ စိတ်လိုလက်ရဖြင့်
မိတ်ဆွေသတင်းထောက်ကြီး တစ်ဦးထံသွားကာ စန္ဒရားဖြင့်
ချိုပြုံးဆိုသကဲ့သို့ “တမာတွေ ပွင့်ပြီမေရယ်။ မေပြန်ချိန်ဖြင့်
သင့်ပြီထင်တယ်လေ” လို့ ၀မ်းပန်းတနည်းဆို
ညည်းခဲ့ရသေးသည်။ တစ်ရက်ကတော့ မိတ်ဆွေ
ဓာတ်ပုံဆရာတစ်ဦးနှင့် ဧရာဝတီမြစ် အနောက်ဘက်ကမ်းက
တောင်တန်းတွေကြားထဲ အမြင့်ဆုံးလို့ပြောလို့ရသည့်
မြေစူတောင်ပေါ်ကနေ ပြည်မြို့ကို အထက်စီးက
မော်မော်ကြွားကြွား ကြည့်ခဲ့သေးသည်။ အဲဒီ တောင်တန်းထဲမှာ
တမာတွေ ရိုးတံငေါငေါဖြင့် ဖူးငုံနုသစ်နေတာကိုလည်း
တွေ့ခဲ့ရသေးသည်။ ယာတောမီးရှို့ထားသည့် ရနံ့တို့နှင့်
ဘယ်သူ့ကို မှန်းမသိလွမ်းခဲ့ရသည်။ ဘယ်ဆီ ဘယ်ဝယ်မသိ
လမ်းဘေးလက်ဖက်ရည်ဆိုင် ခုံပုလေးတွင်
ဒန်ရေနွေးအိုးအပိန်လေးဖြင့် ရေနွေးကျဲကျဲကို ငှဲ့သောက်ကာ
ကတ္တရာ လမ်းမထက်က သစ်ရွက်ခြောက်များ အဝေးပြေး
ကားနောက်ပြေးလိုက်သွားကြတာကို ကြည့်ဖြစ်သည်။
ဘယ်သူသည် ကိုယ့်အသည်းကို ခွဲခဲ့ပါလိမ့်လို့
အရည်မရအဖတ်မရ စဉ်းစားရင်း လွမ်းဆွတ်ရသည်။
တမာရွက်ခြောက်တွေကတော့ တဖြောက်ဖြောက်ဖြင့်
ဝေးကွာသွားကြပါပြီ။

ကျွန်တော့်မြို့လေးက အညာစာရင်း မ၀င်ခဲ့ပေမယ့်
အညာမြေနှင့် ရင်ချင်းဆက် အမြွှာညီအစ်ကိုလိုပါပဲ။
ပဲခူးတိုင်းနှင့် မကွေးတိုင်းက
ယုံဖြူတောင်လေးကိုကျော်လိုက်ရင်ဖြင့် အောင်လံမြို့လေးကို
ဆိုက်ဆိုက်မြိုက်မြိုက်လေး ရောက်ကာ ဆက်သွားရင်တော့
ကိုးပင်၊ သစ်ရာကောက်၊ လမ်းခွဲလေးအတိုင်း မြစ်ကိုကျော်ကာ
မင်းလှမြို့၊ လမ်းမကြီးတိုင်း သွားပါက ဒီလိုမှမဟုတ်ရင်တော့
မကွေး၊ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ ထိုသို့
အညာနှင့် နီးစပ်ခဲ့ပါသည်။ ပြည်မြို့လေးမှာ တမာပင်တို့များစွာ
ရှိသည်။ တမာပွင့်တို့ သင်းနေအောင်မွှေးကာ
ဖွေးနေအောင်ပွင့်ပါသည်။ ထိုနည်းတူ
တမာရွက်ခြောက်ဝါတို့လည်း နင်းတိုင်းခြေသံကြားရအောင်
ကြွေခဲ့ပါသည်။ ကျွန်တော့်အိမ်ရှေ့ ခြံစည်းရိုးတွင်ပင် ယခင်က
တမာပင်ကြီးရှိခဲ့သည်။ ထိုတမာပင်ကြီးအောက်တွင်
အကြော်တဲလေးလည်း ရှိခဲ့ပါသည်။ တမာနုချိန်ဆို
ဝါးတံချူရှည်ဖြင့်ချူကာ ဆီးသီးဒါမှမဟုတ် မန်ကျည်းသီးတို့ဖြင့်
စဥ့်အိုးလေးထဲတွင် စိမ်ထားကာ တို့စားကြသည်။

ကျွန်တော်တို့အရပ်မှာ တမာချဉ်ကို စိမ်ကာ ထမင်းစား
အလုပ်သဖွယ်လုပ်လေ့ရှိသည့် ကျေးရွာလေးတွေများစွာ
ရှိသည်။ ရွှေတောင်မြို့နယ်ထဲက ဘယ်လက်ကျေးရွာ၊
ရွှေနတ်တောင် ဘုရားအနီး ကျေးရွာလေးများမှာ ဧရာဝတီမြစ်
အနောက်ဘက်ကမ်းက ရွှေဘုံသာ ကျေးရွာအုပ်စု၊
ညောင်ပင်သာကျေးရွာ၊ သစ်ဆိမ့်ပင်ကျေးရွာတို့တွင်
တမာချဉ်လုပ်ငန်းများစွာရှိသည်။ ထိုမှတစ်ဆင့်
ရန်ကုန်နှင့်အခြား မြို့ကြီးများသို့ပို့ကြသည်။
နှီးတောင်းကြီးများထဲ တမာချဉ်အစည်းလေးများထည့်ကာ
အင်ဖက်ဖားဖားကြီးများဖြင့် အုပ်ဆိုင်း၊ နှီးထုပ်ကာ
ရန်ကုန်သို့သွားသည့် အဝေးပြေးကုန်ကားကြီးများနောက်မှာ
တသင်းသင်းဖြင့် လိုက်ပါသွားတတ်ကြသည်။ နောက်တော့
ထမင်းဝိုင်းများမှာ နေရာယူနေပါလိမ့်မည်။

ဒေသနေရာတွေကို လိုက်ပြီး တမာနုချိန်တွေက အနည်းငယ်
ကွဲလွဲမှုရှိကြသည်။ လှိုင်လှိုင်နုချိန်နှင့် အနည်းငယ်နုချိန်သာ
ကွာခြားသည်။ အများအားဖြင့် တပေါင်းလ
ချိန်ခါတွေပဲဖြစ်သည်။ တမာနုချိန်ဆိုရင်တော့
တမာလုပ်ငန်းရှိကြသည့် တောရွာတွေက တောင်သူမကြီးအချို့
ငွေပိုငွေလျှံ အလုပ်ကလေးရကြသည်။ ပုတ်တောင်းကြီးများကို
ရွက်ကာ ၀ါးတံချူချောင်းလေးများနှင့်
ပုဆိုးစုတ်များခေါင်းခြုံကာ၊ ဖျင်ကြမ်းအင်္ကျီလက် ရှည်များနှင့်
ရွာခရိုးစပ်စပ်၊ လယ်တောစပ်၊ တောတန်းခင်ရိုးလေးများဆီ
သွားကာ ၀ိုင်းဖွဲ့စကားပြောရင်း တမာနု ခူးခြွေပေတော့မည်။
ထိုမြင်ကွင်းများကိုမြင်ရပါက ဘာရယ်မသိ ကျွန်တော့်စိတ်ထဲ
မောဟိုက်စွာဖြင့် ကြည်နူးမိသည်။ တမာတွေနုပြီပဲ။ တမာတွေ
ပွင့်တော့မှာပဲ။

တမာချဉ်ဖန်တီးမှုကို စူးစမ်းမေးဖြစ်တော့
ယခုနှစ်ခူးယူစိမ်ထားသည့် တမာနုများကို မနှစ်ကျမှသာ
ပြန်လည်ဖော်ယူ စားသုံးနိုင်မည်ဖြစ်ပြီး
ယခုနှစ်စားသုံးနေသည်ကတော့ မနှစ်ကစိမ်ထားသည့်
တမာနုများပင် ဖြစ်သည်။ တမာနုများကို ခူးဆွတ်
အစည်းကလေးများ စည်းနှောင်၍ ရာဝင်စဥ့်အိုးကြီးများအတွင်း
အစီအရီသိပ်ထည့်ကာ ကျောက်ချဉ်၊ ဆား၊ နနွင်းတို့ဖြင့်
အချိုးအစား ကျနစွာဖြင့် တစ်နှစ်ပတ်လုံး စိမ်ထားကြကာ
ရာသီချိန် ပြန်လည်ရောက်ရှိချိန်မှာတော့ ပြန်လည်ဆယ်ယူပြီး
မန်ကျည်းသီးများဖြင့် အချဉ်ဖောက်ကြသည်။
အချို့အိမ်စားသုံးရန်အနည်း ဆိုပါက ဆီးသီးခြောက်များဖြင့်
စိမ်သည်လည်းရှိသည်။ ယနေ့ခေတ်မှာတော့ တမာချဉ်ကို
အချိန်ရာသီမရွေး ၀ယ်ယူရရှိနေပေပြီ။

တမာသည်ကား မြန်မာတိုင်းရင်းဆေးစွမ်းကောင်း
တစ်ခုလည်းဖြစ်သည်။ ဆေးနည်းများစွာရှိသည့်အတွက်
ပြော၍ပင် ကုန်နိုင်မည်မထင်။ မြန်မာ့ရိုးရာ
တိုင်းရင်းဆေးပညာအရ အပွင့်၊ အရွက်၊ အသီး၊ အစေ့၊
အခေါက်၊ အရိုး၊ အစေး၊ အဆီအားလုံးမှာ
ဆေးဖက်ဝင်ကြောင်း မြန်မာဆေးကျမ်းများတွင်
တွေ့ရမည်ဖြစ်သည်။ တိုင်းရင်းဆေးရုံများထဲတွင်
အများအပြား စိုက်ပျိုးထားရှိသည်ကို တွေ့ဖူးသည်။
တမာအကြောင်းက ပြောမည်ဆိုလျှင် ကုန်နိုင်မည်မထင်။

တမာသည် သီချင်းဂီတ၊ ကဗျာစာပေ သမားတို့၏
နွေဦးသရုပ်ဇာတ်ကောင်တွင် မပါမဖြစ်
ဇာတ်ပို့နေရာကသော်လည်းကောင်း၊
အဓိကဇာတ်ဆောင်နေရာက သော်လည်းကောင်း
ပါဝင်နေတတ်သည်။ ကျွန်တော်ကလည်း တမာအကြောင်း
မဖြစ်ညစ်ကျယ် စိတ်ကူးအတွေးလေးဖြင့်
စာရေးနေမိပြန်သည်။ ဒါပေမဲ့ ကျွန်တော်က အညာတွင်
မွေးသူမဟုတ်ပြန်ပါလေ။ တမာအုပ်အုပ်ရှိရာ
ရှာဖွေသွားရသည်။ အညာရောက်က တမာပင်တန်းတို့ကို
တခုတ်တရကြည့်ရသည်။ တမာတွေနုပြီ၊ တမာတွေနုပြီလို့
စိတ်မှာ မကြာခဏ မြည်တွန်နေမိသည်။ တမာနုချိန်သည်က
ခဏတာအချိန်လေးသာ မဟုတ်လား။
ရက်တို့ရင့်လာသည်နှင့်အမျှ တမာတို့ကလည်း
ရင့်သွားကြတော့မည် မဟုတ်လား။ တွေးနေယုံမျှဖြင့်
တမာနုချိန်ကို လက်လွတ်ခံမည်မဟုတ်၊ တောတန်းခရိုးလေးဆီ
သွားရမည်ဟု ပြင်ဆင်ထားမိသည်အထိ တမာနုချိန်က
စွဲဆောင်နေသေးတော့။

အခုတော့ တမာတို့နည်းတူ သရက်ဖူးလေးတွေလည်း
ဝေနေကြပြီ။ အချို့ သရက်ပင်တို့ကတော့
သီးကင်းလေးများပင် သီးနေကြပါပြီ။ တို့စရာအဖြစ် တမာချဉ်၊
သရက်ကင်းတို့ဖြင့် ထမင်းမြိန်လှပြီ။ မကြာခင်မှာတော့
စွပ်ကျယ်လက်ပြတ်တစ်ထည်ဖြင့် နေ့တို့ကို ပူပူလောင်လောင်
ခံစားရဦးတော့မည်ပေါ့။ တောတန်းလေးဆီသွားမည်။
ဆရာမြသန်းတင့်၏ ပင်ကိုရေး အက်ဆေးစာအုပ်လေးကို
ထည့်သွားမည်။ တမာရိပ်မှာ နားမည်။ လမ်းဘေးတစ်နေရာ
တမာပင်အောက် အကြော်တဲလေးများရှိနေရင်တော့
ရေနွေးကြမ်းပူပူဖြင့် အကြော်စားကာ စာဖတ်နေမည်။
အရှက်နှင့် အသက်လဲခဲ့ရသည့် မိန်းမပျိုလိုမျိုးဘဝ
ဘယ်ခေတ်မျိုးမှာမှ အဖိနှိပ်ခံများ မကြုံတွေ့စေလိုတော့ပါ။
တမာနုချိန်သည် အလွမ်းတို့ဖြင့် ဆွတ်ပျံ့ဖွယ်ရာသာ
ဖြစ်နေစေလိုသည်။ တမာတို့နုချိန် တပေါင်းလသည်
ဆယ့်နှစ်လရာသီတွင် အသာယာဆုံးလ မဟုတ်ပါလား . . .။

ဝေလင်း (ပြည်)


Eleven Media Group

No comments:

Post a Comment