Latest News

Friday, February 17, 2017

"ဖိနပ်ပြတ်တဖက်၊ အုတ်ခဲကျိုးတပိုင်း"

"ဖိနပ်ပြတ်တဖက်၊ အုတ်ခဲကျိုးတပိုင်း"

"တစ်နေ့တော့ ဂျပန်စစ်သားတယောက်က ကျောင်းသူတဦးကို ကျောင်းရှေ့မှာ ဆွဲလားယမ်းလားလုပ်တယ်။
ကျောင်းသူလေးက ငိုယိုပြီး ဂျပန်စစ်သားကို တွန်းပစ်လိုက်တယ်။
နောက်ကျောင်းထဲကို ၀င်ပြေးတယ်။
ဂျပန်စစ်သားက နောက်ကလိုက်လာတယ်။
အဲဒီအချိန်မှာ အရာတခုက အရှိန်ပြင်းပြင်းနဲ့ ဂျပန်စစ်သားရဲ့ ရင်ဘတ်ကို ဗုန်းခနဲ လာမှန်တယ်။ ကြည့်လိုက်တော့ ယောကျာ်းစီးသားရေဖိနပ်တဖက်။ ဂျပန်စစ်သားကလည်း ဒေါပွပြီး ကျောင်းထဲဝင်မယ်လုပ်တယ်။
ကျောင်းသားတွေက ၀ိုင်းလာတယ်။
ဟန်ပုံမရတော့ အဲဒီဂျပန် ပြန်ပြေးသွားတယ်''

စာရေးဆရာ ဆရာနတ်မှူး၏
'ဖိနပ်ပုံပြင်'၀တ္ထုတိုထဲက ဇာတ်ရှိန်အတက်ဆုံး အခန်းတခန်းဖြစ်ပါသည်။
ဂျပန်ခေတ်က ကျောင်းတကျောင်းတွင် ကျောင်းသူကိုဝင်ဆွဲသည့် ဂျပန်စစ်သားကို
ဖိနပ်တဖက် နှင့်ပေါက်လိုက်သော ဇာတ်လိုက်ကျောင်းသားလေးကြောင့် ဂျပန်ဗိုလ်အပါအ၀င် ဂျစ်ကားနှင့် ချီတက်လာသော ဂျပန်အဖွဲ့ကို နှလုံးရည်ပြည့်တုံ့ပြန်ခဲ့သူက "ဆရာကြီးဦးရာဇတ်"ဟု ဆိုပါသည်။

ဂျပန်ဗိုလ်နာကာတာက ရှူးရှူးရှားရှားနှင့် ကျောင်းအုပ်ကြီးရုံးခန်းထဲကို ၀င်သွားတယ်။ သူ့စစ်သားကို ဖိနပ်နဲ့ပေါက်တဲ့ကျောင်းသားကို ထုတ်ပေးဖို့ စကားပြန်ကတဆင့် ကျောင်းအုပ်ကြီးကိုပြောပါတယ်။

''ဒီဖိနပ် ပေါက်တဲ့ကိစ္စဟာ မာစတာတို့ ဂျပန်စစ်သားရဲ့ မြန်မာကျောင်းသူလေး တဦးအပေါ် ရမ်းကားမှုကြောင့် ဖြစ်လာတာပါ၊ဘယ်လိုလူမျိုးမဆို၊ ကိုယ့်ရှေ့မှာတင် ကိုယ့်လူမျိုးကျောင်းသူတဦးကို လူမျိုးခြားက စော်ကားတာ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ ရမ်းကားလို့ ဖိနပ်နဲ့ပေါက်တာပါ။"
ဆရာကြီးဦးရာဇတ်၏ ပြတ်သားသောစကားတွေက ၀တ္ထုဇာတ် လမ်းအပြင်ကိုထွက်လာပြီး ကျွန်တော်တို့ကို သွေးမြှင့်ပေးလိုက်သကဲ့သို့ ရှိပါသည်။
ဇာတ်လမ်းထဲက သတ္တိခဲ မောင်ကျောင်းသားလေးရဲ့ ဖိနပ်ကိုလည်း ကျွန်တော်မြင်ယောင်မိလာသည်။ ဆရာကြီးက ဂျပန်စစ်ဗိုလ် ကျေနပ်အောင် ညနေကျောင်းဆင်းလျှင် ဖိနပ်နှင့်ပေါက်သည့်ကျောင်းသားကို စောင့်ခေါ်ပါဟုပြောပြီး ဖိနပ်တစ်ဖက်ထဲစီးထားသည့် ကျောင်းသားသည် မာစတာလိုချင်သည့် တရားခံပါပဲဟုပြောပြီး နှစ်သိမ့်ထား၍
ညနေ ကျောင်းဆင်းသည့်အချိန်၌မူ ကျောင်းသူကျောင်းသားအားလုံး ခြေဗလာ နှင့်ဆင်းလာသည်ကို တွေ့လိုက်ရသည့် မာစတာတို့သည် . . . ။
မာစတာကြီး ပထမတော့ ဒေါသငယ်ထိပ်တက်သွား၏။ နောက်တော့ ဆရာကြီးဦးရာဇတ်၏ နှလုံးရည်ကို လေးစားလွန်း၍ လက်ဆွဲ နှုတ်ဆက်ပြန်သွားကြသည်။

ဇာတ်လမ်းကား မဆုံးသေး။
ဂျပန်စစ်သားကို ဖိနပ်နှင့်ပေါက်သည့် မောင်ကျောင်းသားနှင့် ဂျပန်ရမ်းကားမှုကို ကြုံရလေသည့် ကျောင်းသူလေးတို့ မေတ္တာမျှသွားကြပြီး သူတို့နှစ်ဦး၏ ဖူးစာရေးနတ်'ဖိနပ်ပြတ်' (ဂျပန်စစ်သားက ဓားနှင့်ခုတ်သွားသည်)ကို အမြဲအမြတ်တနိုးသိမ်းထားဖို့ တိုင်ပင်ကြသည်။
သူတို့၏ သားဖြစ်သူက အဖေအမေတို့၏ သမိုင်းဝင်ဖိနပ်ပြတ်လေးကို မှန်ကောင်တာနှင့်ထည့်ပြီး ထိန်းသိမ်းထားသည်တဲ့။

တကယ်တော့ ဖိနပ်ကလေးဟာ ဖိနပ်လေးမဟုတ်တော့ဘူး။
ကျွန်တော်တို့လူမျိုးရဲ့  'ရဲဝံ့မှု၊ မဟုတ်မခံမှု၊ ဥာဏ်အမြော်အမြင်ကြီးမှုတို့ရဲ့သင်္ကေတ'အဖြစ်။
ဆရာနတ်မှူးအရေးအသား၊ အတင်အပြ၊ အချိန်အဆက်၊ ချက်ကျလက်ကျ ရေးပြထားသဖြင့် ထိုဝတ္ထုကိုဖတ်ပြီး(၈)နှစ်ကြာသည်အထိ ရင်ထဲငြိနေခြင်းဖြစ်သည်။
ယခုတော့ဖြင့် ရင်ထဲငြိနေသည့် ဖိနပ်ပုံပြင်လေးသည် ဂျပန်ခေတ်မဟုတ်သည့် ဒီမိုကရေစီခေတ်အစ၌ ကျွန်တော့်ရင်ဝကို ရောက်လာပြန်ပါသည်။
••••••••••••••••••••••

''ရူးသွပ်နေတဲ့ ကျည်တတောင့်က
အဖြူရောင်နှင်းဆီတပွင့်ကိုခြွေချလိုက်တယ်''
''အနီရောင် အုတ်ခဲကျိုးတပိုင်းက
အမှောင်ထဲမှာ ဆီမီးတိုင်ကို ထွန်းညှိခဲ့ . . . ။''
#ဆရာထင်လင်းဦး (Wisdom villa)

၂၉-၁-၂၀၁၇
ညနေ (၅)နာရီခန့်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်။
Terminal (1)  . . . ။

လေဆိပ်ထဲမှာ ကလေးတယောက်ကို ချီထားသည့် အဘိုးအိုတယောက် အနီးကပ်သေနတ်နှင့် လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည့် သတင်းက မြန်မာပြည်အနှံ့တောမီးလိုပြန့်သွားသည်။
အဲဒါ NLD ဥပဒေအကြံပေးပုဂ္ဂိုလ် ဦးကိုနီတဲ့ . . . ။ ဦးကိုနီတဲ့ . . . ။ သတင်းအတည်ပြုကြပါဦး။ သတင်းအတည်ပြုကြပါဦး။ ဦးကိုနီတဲ့ . . . ။

တယ်လီဖုန်းတွေပွတ်လွန်းလို့ မီးဟုန်းဟုန်းတောက်ကုန်ကြပြီ။
ရင်တွေထဲ မီးခဲမျိုချလိုက်သလို ဗလောင်ဆူကြရပြီ။ မြန်မာပြည်မှာတဲ့ . . . ။ ရန်ကုန်လေဆိပ်မှာတဲ့ . . . ။ သေနတ်နဲ့ . . . တဲ့။ တောရောမြို့ပါ လန့်ထိတ်၊ တိတ်ဆိတ်သွားကြရပြီ။ အံ့သြမှင်တက်သွားကြရပြီ . . . ။
မြန်မာပြည်မှာ . . . တဲ့။
ရန်ကုန်လေဆိပ်ကြီးမှာတဲ့
သေနတ်နှင့်ပစ်တာတဲ့ . . . ။

ဦးကိုနီ ပက်လက်လှန်လဲနေသည်။
ဦးခေါင်းတ၀ိုက်မှာ သွေးခြင်း ခြင်းနီ . . . လို့။
အို . . . ရက်စက်ကြပါ့ပေါ့။ သေနတ်သမားကို မိပြီတဲ့။ တီရှပ်လက်တို၊ ဘောင်းဘီတိုနှင့် မျက်နှာတခုလုံး ဖူးရောင် နီရဲ သွေးအလိမ်းလိမ်း မျက်နှာနှင့်လူ။ တရုတ်ကြီးလား၊ ဘာလား၊ မဟုတ်ဘူး။
မန္တလေးလိပ်စာနဲ့ မှတ်ပုံတင်ပါသတဲ့။
ဟာ လုပ်ကြဦး။
မန္တလေးဘက် ဦးလှည့်လာနေပြီ။
လူမျိုးရေး၊ ဘာသာရေးမြားဦး အလှည့်မခံဖို့ တယောက်နှင့်တယောက် သတိပေးရသည်။
ပုဏ္ဏားကုန်း ဘက်ဆိုလား၊ ဘာလား။

''နိုင်ငံတော်ဟာ ရင်ဘတ်ကိုဖိလို့
သွေးအိုင်ထဲမှာ လဲသွားတယ် . . .
ကောင်းဘွိုင်တွေခေတ် မကုန်သေးဘူးမေမေ''
#သရ၀ဏ်(ပြည်)

သတင်းတွေ။ သတင်းတွေ။
မျက်ရည်တွေ . . . ။ မျက်ရည်တွေ။
တောက်ခေါက်သံတွေ . . . ။
တောက်ခေါက်သံတွေ . . . ။
ထင်ကြေးတွေ . . . ။ ထင်ယောင်ထင်မှားမှုတွေ။
လိမ်ဆင်တွေ . . . ။ လိမ်ဆင်တွေ . . . ။
နှစ်ကျပ်ကွက်တွေ . . . ။ နှစ်ကျပ်ကွက်တွေ . . . ။
အွန်လိုင်းမှာ တဆက်တည်း တဆက်တည်း တက်လာသည်။

ကဗျာဆရာတွေ ကဗျာစပ်ကြ၊ ပန်းချီဆရာတွေ ဦးကိုနီပုံတွေတင်ကြ၊ အနက်ရောင် ကာဗာတွေချိန်းကြ။ ရင်ခုန်သံ အွန်လိုင်း။ 'ဇူကာဘတ်'ရေ မင်းသိရဲ့လား။ တို့မြန်မာပြည်ကြီးမှာလေ ''ရူးသွပ်နေတဲ့ ကျည်တတောင့် က အဖြူရောင်နှင်းဆီတပွင့်ကို ခြွေချလိုက်တယ်''။

ဟော . . . တက်လာပြီ။
သေနတ်နှင့်လူသတ်သမားကို တက္ကစီကားမောင်းသူ ကိုနေ၀င်းက အုတ်ခဲနှင့်ပစ်ဖမ်းတာတဲ့။
သေနတ်သမားက သူ့ကို သေနတ်နှင့်ပစ်သည်။ သူလဲသွား၏။ လဲနေရာမှ အုတ်ခဲနှင့်ထပ်ပစ်သည်။ ပြည်သူတွေ ၀ိုင်းပြီး ဖမ်းကြပြီ။ ညီညွတ်ကြ၊ ရဲဝံ့ကြ၊ မဟုတ်မခံကြ။
သေနတ်နှင့်လူသတ် သမားကို အုတ်ခဲနှင့်ပစ်ဖမ်းပြလိုက်ပြီ။
ဓမ္မနှင့် အဓမ္မ . . . ။
ကြည့်စမ်းပ . . . ။
လူသတ်သမားကိုမိလိုက်ပြီ . . . ။

ကိုနေ၀င်းသည် သူရဲကောင်း၊ ကိုနေ၀င်းသည် တာဝန်သိပြည်သူ၊
ကိုနေ၀င်းသည် သူရကိုနေ၀င်း။

''နာမည်တူ လူတယောက်ရဲ့အကြွေး
နိုင်ငံအတွက် ပေးဆပ်ရင်း . . .
အဖေ . . . ဒီနေ့ အိမ်မပြန်တော့ဘူး''
''လူသားဆန်တဲ့ လူသားတယောက်
လူပီသအောင် စံနမူနာပြရင်း
အဖေ . . . ဒီနေ့ အိမ်မပြန်တော့ဘူး''
#ဆရာခန့်ညီဖေ

ဇူကာဘတ်ရေ . . . ။ မင်းသိရဲ့လား။
တို့ပြည်ကြီးမှာလေ . . . ။
''အနီရောင်အုတ်ခဲကျိုးတပိုင်းက
အမှောင်ထဲမှာ ဆီမီးတိုင်ကိုထွန်းညှိခဲ့''။

ဖြစ်နိုင်လျှင် ကိုနေ၀င်းတယောက်
သက်စွန့်ဆံဖျား လူသတ်သမားကို ပစ်ဖမ်းခဲ့သည့် အုတ်ခဲကျိုးတပိုင်းကိုဖြစ်ဖြစ်၊ အုတ်ခဲကျိုးတစဖြစ်ဖြစ် ကျွန်တော် လိုချင်နေမိသည်။
ကိုနေ၀င်း၏ဇနီးသည်နှင့် သားသမီးလေး တွေအတွက် အဖေ စံပြသူရဲကောင်းအမှတ်တရအဖြစ် ထိန်းသိမ်းပေးထား လိုက်ချင်နေသည်။

အုတ်ခဲကျိုးသည် အုတ်ခဲကျိုးသာမညောင်ညမဟုတ်တော့။
ဒီအုတ်ခဲကျိုးက . . . ''သတ္တိ၏ပြယုဂ်''။
ဒီအုတ်ခဲကျိုးက . . . ''မဟုတ်မခံစိတ်ဓာတ်၏သင်္ကေတ''။
ဒီအုတ်ခဲကျိုးက . . . ''အမှန်တရား၏ ဘက်တော်သား''။
ဒီအုတ်ခဲကျိုးက . . . ''မတရားမှု၏ ဆန့်ကျင်ဘက်''။
ကျွန်တော့်မှာတော့ ဂျပန်ခေတ်က ဖိနပ်လေးတဖက်နှင့် ကိုနေ၀င်း၏အုတ်ခဲကျိုးတပိုင်းကို ယှဉ်ချပြီး ပြတိုက်တခုပင် တည်ဆောက်လိုက် ချင်စိတ်တွေ ပေါ်ပေါက်လာနေပြန်ချေပြီ။
(ဦးကိုနီနှင့် ကိုနေ၀င်းတို့အား ဦးညွှတ်လျက်)

ရေးသားသူ = မျိုးသည်မင်း

News Watch Journal

No comments:

Post a Comment