Latest News

Thursday, February 2, 2017

ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံခြင်း

ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံခြင်း


ပုသိမ်၌ တရားဟောခွင့် မပြုခဲ့ခြင်း အပါအဝင် အသက်အန္တရာယ် ခြိမ်းခြောက်မှုများ၊ ယခင် ၂၀၁၅ ရွေးကောက်ပွဲကာလ၌ ကြံ့ခိုင်ရေးပါတီကို မဲထည့်ရန် မဲဆွယ်ပေးခဲ့သည်ဟု ပြောဆိုချက်များနှင့် ပတ်သက်ပြီး ဆရာတော် ဦးဝီရသူကို The Voice သတင်းစာက သွားရောက်တွေ့ဆုံ မေးမြန်းလျှောက်ထားခဲ့သည်။

Voice : ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပုသိမ်မြို့မှာ ဆရာတော်ရဲ့ တရားပွဲကို လုံခြုံရေး အကြောင်းပြချက်နဲ့ ဟောပြောခွင့် ကန့်သတ်လိုက်တဲ့အပေါ် ဆရာတော် ဘယ်လိုနားလည် လက်ခံထားလဲ ဘုရား။

ဆရာတော်း ခါတိုင်းလည်း တရားတွေ လှည့်ဟောတာပဲလေ။ တာဝန်ရှိသူတွေကလည်း လုံခြုံရေးကို သူ့နည်းသူ့ဟန်နဲ့ တာဝန်ယူပေးကြတယ်။ ကိုယ်မြို့နယ်မှာ တရားပွဲဟောခွင့် ချပေးထားတယ် ကိုယ်မြို့နယ်မှာ တရားပွဲ ကျင်းပရင်လည်း လုံခြုံရေးကို ကိုယ်ပဲတာဝန်ယူရမှာပဲလေ။ တာဝန်မယူနိုင်ဘူး ဆိုရင်တော့ ပြည်သူ့ဝန်ထမ်း မဟုတ်တော့ဘူးလေ။ ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူ့လုံခြုံရေးကို တာဝန်ယူရမှာပဲလေ။ သူက တာဝန်ရှောင်လွှဲတဲ့ ဝန်ထမ်းတစ်ယောက် တာဝန်မကျေတဲ့ ဝန်ထမ်းတစ်ယောက်လို့ မှတ်ယူထားတယ်။

Voice : လုံခြုံရေး အကြောင်းပြချက်နဲ့ တရားပွဲ ပိတ်လိုက်တာကို ဆရာတော်အနေနဲ့ ထပ်မံပြီး ဘယ်လိုမှတ်ချက်ပြုနိုင်လဲ။

ဆရာတော်း ပြောရမယ် ဆိုရင်တော့ စေတနာ မွဲတာပေါ့နော်။ စေတနာမွဲတော့ လုံခြုံရေးတာဝန် မယူနိုင်လို့ ဆိုပြီးတော့ အကြောင်းပြတာပေါ့။

Voice : တရားဟောခွင့် ကန်သတ်ခံရတာ ဘယ်မြို့နယ်တွေ ဖြစ်နေလဲ ဘုရား။

ဆရာတော်း ဦးပဉ္စင်း ထောင်ကလွတ်လာပြီးတော့ ဟောခွင့်မပြုတဲ့ တရားပွဲတွေ ရှိတာပေါ့။ တစ်အချက်ကတော့ သံဃနာယကအဖွဲ့က ဟောခွင့်ချမပေးလို့ ဟောခွင့်မရဘူး။ နှစ်အချက်က သံဃနာယကအဖွဲ့က ချပေးသော်လည်း မြို့နယ်တာဝန်ရှိတဲ့သူတွေက ခွင့်မပြုလို့ မဟောရတာ ရှိတယ်။ သုံးအချက်ကတော့ နှစ်ခုလုံးက ချပေးသော်လည်း လုံခြုံရေး တာဝန်မယူနိုင်လို့ ဆိုပြီး ကန့်သတ်ခံရတာ ရှိတယ်။ နောက် ပရိသတ်ထဲုက လက်မှတ်ထိုးပြီးတော့ ကန့်ကွက်လို့ တရားပွဲ ချမပေးရဲတာ ရှိတယ်။ နောက် ပရိသတ်တွေ ကိုယ်တိုင်က ဗီနိုင်းတွေဖျက်၊ လေးခွနဲ့ ပစ်မယ်တို့ တရားပွဲပျက်အောင် လုပ်မယ်တို့ နောက်ပြီး တရားပွဲကျင်းပတဲ့ နေရာမှာ စောင်းဘောက်ကြီးတွေ အပြိုင်တည်ပြီးတော့ အသံကျယ်ကျယ်လောင်လောင်တွေ ဖွင့်တာရှိလို့ ပျက်တာလည်း ရှိတယ်။ ဦးပဉ္စင်း တရားပွဲ ပျက်တာကတော့ ငါးမျိုးရှိတယ်။

Voice : ဆရာတော် တရားဟောခွင့်နဲ့ ပတ်သက်ပြီး ယခင်အစိုးရ လက်ထက်နဲ့ ယခုအစိုးရလက်ထက်ရဲ့ ခြားနားချက် နှစ်ခုကို သိပါရစေ။

ဆရာတော်း ဦးပဉ္စင်း ထောင်ကလွတ်ခါစတုန်းက အရင်အစိုးရ လက်ထက်က တရားပွဲဟောခွင့် မပြုတာတွေ များတာပေါ့။ နောက်ပိုင်းကျတော့ အရင်အစိုးရ လက်ထက်မှာ တရားဟောခွင့် ပြန်လည်ရရှိလာကြတယ်။ ဒီအစိုးရ လက်ထက်မှာ ဦးပဉ္စင်းက ထောင်က ထွက်ခါစအချိန်လို ဖြစ်နေတာ။ အဲလိုပဲ ဒီအစိုးရကို ထောက်ခံတဲ့ အာဏာရပါတီ အသိုင်းအဝိုင်းက ဖျက်လိုဖျက်ဆီးလုပ်လို့ တရားပွဲ ပျက်တာတွေက ဒီအစိုးရလက်ထက်မှာ ပိုများလာတယ်။

Voice : တရားဟောဖို့ ပင့်ဖိတ်ထားတာ ဘယ်လောက်ရှိနိုင်လဲ၊ ပြီးတော့ ဘယ်မြို့တွေက အများဆုံးဟောဖို့ ပင့်ဖိတ်တာ ရှိနေလဲ။

ဆရာတော်း ဦးပဉ္စင်းက ပွဲစဉ်တစ်လ တစ်လပဲ သိတာပေါ့နော်။ တစ်လကုန်သွားရင် နောက်တစ်လအတွက် တရားပွဲကိုင်တဲ့ ဦးပဉ္စင်းကနေ ဘယ်ကိုသွားရမယ်ပေါ့။  ဒီလဆိုရင် ဖြူးကိုသွားရမယ်။ ဧရာဝတီတိုင်းဘက်ကို သွားရမယ်။ နောက် ရန်ကုန်လည်း ပြန်လာရမယ်။ မုံရွာ၊ မန္တလေး၊ အလုံမှာ ဟောဖို့သွားရမှာ။

Voice : တရားဟောခွင့် မရတာက ဘယ်မြို့နယ်တွေ ဖြစ်မလဲ။ ဘယ်တိုင်းတွေမှာ အများဆုံးလဲ ဘုရား။

ဆရာတော်း တရားပွဲကို ဖျက်လိုဖျက်ဆီးလုပ်တာက  စစ်ကိုင်းတိုင်းက ပိုများတာပေါ့။ ဟောခွင့်မရအောင် ရပ်ကွက်လူကြီးက ထစ်ထားတာတို့ မြို့နယ်လူကြီးက ထစ်ထားတာတို့ အဲ့ဒါတွေက ဦးပဉ္စင်းရဲ့ ဇာတိ ကျောက်ဆည်မှာလည်း ဖြစ်တာပဲ။ အာဏာပိုင်တွေက တရားဝင် ပြန်ရုပ်သိမ်းတာတို့က ပုသိမ်မှာလည်း ကြုံရတာပဲ။

Voice : တရားပွဲ လုံခြုံရေးကို ဆရာတော် ကိုယ်ပိုင်လုံခြုံရေးနဲ့ ဆောင်ရွက်တာလား။ အစိုးရအဖွဲ့က စီမံဆောင်ရွက်ပေးတာလား။

ဆရာတော်း မန္တလေးမြို့မှာ ဆိုရင်တော့ တရားပွဲမှာ ရဲတွေက ပတ်ကားတွေနဲ့ ပတ်တဲ့အပြင် ပတ်ကားနဲ့ပဲ တရားပွဲအနီးမှာ လုံခြုံရေး ချပေးထားတာ တွေ့ရတယ်။ ရန်ကုန်ကတော့ သူတို့ ပုံသဏ္ဌာန်တစ်မျိုးတဲ့။ စောင့်ရှောက်ရင်လည်း စောင့်ရှောက်မှာပေါ့။ ရဲကားတွေတော့ မတွေ့ရဘူးပေါ့။ နယ်တွေက ဦးပဉ္စင်း လုံခြုံရေးက ပိုစိတ်ချရတယ်။ တရားပွဲ စီစဉ်တဲ့သူတွေက  လုံခြုံရေးကို အထပ်ထပ် ချထားပေးတယ်။ ပြောရမယ်ဆိုရင် ဦးပဉ္စင်းကို ကြည်ညိုလေးစာတဲ့ တရားနာ ပရိသတ်တွေလည်း အရပ်သား လုံခြုံရေး ယူပေးတယ်။ သူတို့က တရားပွဲအပြင် အိပ်တဲ့နေရာကို စောင့်ပေးတာ။ ကျောင်းဝင်းအတွင်းရဲ့ ထောင့်တွေမှာ တစ်ညလုံး မအိပ်ဘဲ လုံခြုံရေး တာဝန်ယူတာ ရှိတယ်။ နယ်တွေက ပိုစိတ်ချရတယ်။

Voice : ပြည်ပခရီးစဉ်တွေမှာ လုံခြုံရေးကို သက်ဆိုင်ရာ အစိုးရအဖွဲ့က တာဝန်ယူပေးတာလား။ ပြည်ပရောက် မြန်မာတွေက ဆောင်ရွက်ပေးတာလား။

ဆရာတော်း ဦးပဉ္စင်းက အလုပ်နဲ့သွားတော့ ပင့်ဖိတ်တဲ့ နိုင်ငံက တာဝန်ယူမှ သွားတာ ဖြစ်တယ်။ သီရိလင်္ကာဆိုရင် သီရိလင်္ကာဘောထုဗလဆေန အဖွဲ့က တာဝန်ယူပြီး ပင့်ဖိတ်တာ။ အစိုးရ လုံခြုံရေးတွေကို ခေါ်ထားပေးတယ်။ အစိုးရကလည်း လုံခြုံရေးပေးတယ်။ ထိုင်းဆိုရင် ဦးပဉ္စင်းကို ဓမ္မကာယ ကျောင်းတော်က ပင့်ဖိတ်တယ်။ တာဝန်ရှိသူတွေက လုံခြုံရေးယူတယ်။ မဟာချိုင်က ပင့်ဖိတ်တယ်။ မဟာချိုင်ကျောင်းတိုက် ဟွက်စီမိန်ကျောင်းတိုက် ဆရာတော်ကြီးက  ထိုင်းလုံခြုံရေးတွေကို ခေါ်ထားတယ်။ တာဝန်ယူမှ  ဦးပဉ္စင်းက ကြွတာပေါ့။

Voice : တရားပွဲတွေသွားတဲ့အခါ အသက်အန္တရာယ်နဲ့ ကြုံတွေ့ရတာ ဘယ်နှကြိမ်လောက်ရှိလဲ ဘုရား။

ဆရာတော်း အသက်အန္တရာယ်ကတော့ ကြီးကြီးမားမား သုံးကြိမ် ကြုံရတယ်။ ဟောနေတဲ့အချိန် ဗုံးပေါက်ကွဲတာက ၂၀၁၃ ဇူလိုင်လ ၂၃ ရက်နေ့။ အဲဒါက အကြီးအကျယ်ပေါ့။ မန္တလေးမှာပါ။ ရန်ကုန် တစ်ဖက်ကမ်း ဒလမှာဆိုရင် ဟောတုန်း ပြဿနာဖြစ်တာ ရုတ်ရုတ်သဲသဲဖြစ်တဲ့ အချိန်မှာ အမျိုးသားရေးသမားတွေ၊ မျိုးချစ်ပုဂ္ဂိုလ်တွေ ဖြေရှင်းလိုက်တယ်။ ဦးပဉ္စင်းက တရားဟော မပျက်ဘဲနဲ့ အောင်မြင်သွားတာပေါ့။ သာယာဝတီဘက်မှာ ဟောတဲ့အခါ လမ်းမှာချုံခိုပြီး တုတ်တွေ၊ ဓားတွေ စောင့်နေကြတယ်။ အကြီးအကျယ်က အဲဒီသုံးကြိမ်ပါ။ ဦးပဉ္စင်းတည်းတဲ့ အိမ်ကို လက်နက်နဲ့ပစ်တာ တစ်ကြိမ်ပေါ့။ အဲဒါက ၂၀၁၄ အောက်တိုဘာ ၂၁ ရက်နေ့မှာ မှန်ကိုပစ်သွားတာ။ ဦးပဉ္စင်းရှိတယ် ထင်ပြီး ဦးပဉ္စင်း တည်းတဲ့အိမ်ရဲ့မှန်ကို ပစ်သွားတာ။

Voice : ပြီးခဲ့တဲ့ရက်ပိုင်းမှာ သမ္မတရုံးက ပြည်သူလူထုတွေ အနေနဲ့ လူမျိုးရေး၊ ဘာသာရေး မဖြစ်ဖို့ ထုတ်ပြန်ထားတာ ရှိတယ်။ ထုတ်ပြန်ချက်အပေါ် ဘယ်လိုနားလည်ထားလဲ။

ဆရာတော်း သမ္မတရုံး ထုတ်ပြန်ချက်ကို ကြိုဆိုတယ်။ ဘာကြောင့်လဲဆိုရင် သေတဲ့သူကလည်း သေပြီ။ သတ်တဲ့သူကလည်း မိထားတယ်။ ဒီကြားထဲမှာ ဖွတဲ့သူက ပိန္နဲပင်ကို ဆွဲဆွဲပြီး ထည့်သလို ဖြစ်နေတယ်။ ပိန္နဲပင်ကို ဆွဲမထည့်မိအောင် သမ္မတရုံးက သတိပေးတာပေါ့။ အဲဒါကို လက်ခံပါတယ်။

Voice : ယခင်အစိုးရ လက်ထက်မှာ ဆရာတော်တို့နဲ့ နီးစပ်စွာ ရှိခဲ့ကြတယ်။ ဒီဘက်အစိုးရ လက်ထက်မှာ ရှိနေတဲ့ အခြေအနေကို ဘယ်လိုသုံးသပ်နိုင်လဲ။

ဆရာတော်း ဦးပဉ္စင်းလည်း အဲ့ဒါကို စဉ်းစားနေတာပေါ့။ စစ်သားကြီးတွေ ဆိုတာက တကယ်တမ်းဆို  စရိုက်ကြမ်းကြတယ်။ သံဃာတော်တွေဆိုတာ ယဉ်ကျေးသိမ်မွေ့ကြတယ်။ ကြမ်းတမ်းတဲ့ အဖွဲ့အစည်းနဲ့  နူးညံ့တဲ့ အဖွဲ့အစည်းတောင် ပေါင်းစည်းမိကြတယ်။ အရပ်သား ဆိုတာက သံဃာတော်တွေနဲ့ ပေါင်းစည်းမှုက ဘာမှမခဲယဉ်းဘူး။ ဘာကြောင့်များ သံဃာတော်တွေနဲ့ ချစ်ကြည်ရင်းနှီးစွာ မနေနိုင်တာလဲ ဆိုတာ ဒီအစိုးရကို ဦးပဉ္စင်းတို့က ပြန်ပြီးအဖြေထုတ်ရမှာ ဖြစ်တယ်။ သံဃာတော်တွေက ဒီအစိုးရအပေါ်မှာ ကျေးဇူးကြီးခဲ့တယ်။ စစ်သားကြီးတွေ ဆိုတာက ဒီအစိုးရကို အနိုင်ကျင့်ခဲ့တဲ့သူတွေ။ အနိုင်ကျင့်ခဲ့ကြတဲ့ စစ်သားကြီးတွေနဲ့ အနိုင်ကျင့်ခံရတဲ့ အစိုးရက လက်ချင်းဆွဲပြီး နှုတ်ဆက်နိုင်ကြသော်လည်း ကိုယ့်အပေါ် ကျေးဇူးရှိခဲ့ကြတဲ့ သံဃာတော်တွေကို လက်အုပ်ချီဖို့ ဝန်လေးနေကြတယ်။ အဲဒါ ဒီအစိုးရကို မေးရမယ့် မေးခွန်းပါ။ ဦးပဉ္စင်းတို့က စစ်သားကြီးတွေ လက်အုပ်ချီလည်း လက်ခံရမှာပဲ။ အရပ်သားက လက်အုပ်ချီလည်း လက်ခံရမှာပဲ။ ဘယ်သူက လက်အုပ်မချီနဲ့ ဘယ်သူက လက်အုပ်ချီပါဆိုပြီး ပြောပိုင်ခွင့် မရှိဘူး။

Voice : တပ်မတော်နဲ့ ဆက်ဆံရေးက ဘယ်အခြေအနေမှာ ရှိနေလဲ ဘုရား။ ပြီးခဲ့တဲ့လပိုင်းက တပ်ချုပ်ကိုယ်တိုင် မစိုးရိမ်တိုက်မှာ ဆွမ်းကပ်တာတွေ ရှိခဲ့တယ်။

ဆရာတော်း တကယ်တမ်း ပြောရရင် ဦးပဉ္စင်းနဲ့ တပ်ချုပ်နဲ့ရော တပ်အသိုင်းအဝိုင်းနဲ့ မနီးစပ်ပါဘူး။ တပ်ချုပ်ကိုယ်တိုင် မစိုးရိမ်ကိုလာပြီး ဆွမ်းကပ်တာကလည်း သံဃာများ၏ ကျောင်းတိုက်ဖြစ်လို့ သံဃာတော်တွေကို ကြည်ညိုလို့ ဆွမ်းကပ်တာ ဖြစ်တယ်။ တပ်ချုပ် ဆွမ်းကပ်တာကို အဆက်အသွယ်ပြုပြီး ဦးဆောင်လှုပ်ရှားတာကလည်း ဦးပဉ္စင်းတို့ တိုက်ထဲက မဟာနာယက ဆရာတော်သုံးပါ။ နောက် တပ်ချုပ်ကြီး တရားနာတယ်၊ တပ်ချုပ်ကြီး သြဝါဒ ခံယူတယ်။ တပ်ချုပ်ကြီးနဲ့ ရင်းနှီးစွာ ဆက်ဆံတာကလည်း မဟာနာယက ဆရာတော်သုံးပါး ဖြစ်တယ်။ ကျန်တဲ့ နာယကတွေကို တပ်ချုပ်ကြီးက ပုံမှန်လက်အုပ်ချီ အရိုအသေ ပြုတာလောက်ပဲ ရှိတယ်။ ဦးပဉ္စင်းတို့ကလည်း ကျန်တဲ့နာယက (၁၇) ပါးထဲမှာ ပါတော့ တပ်ချုပ်ကြီးလာပြီး ဆွမ်းကပ်တာကို ဦးပဉ္စင်းတို့ ရှိနေတဲ့ အတွက်ကြောင့် ဆွမ်းစားဝိုင်းမှာ ဆွမ်းအကပ်ခံတယ်။ ဆွမ်းဘုဉ်းပေးပြီး ချီးမြှောက်တယ်။ ဒီအဆင့်ပဲ ရှိတာပါ။

Voice : ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကို မဲဆွယ်ပေးခဲ့တယ်ဆိုတဲ့ အခြားပါတီတွေက ပြောဆိုတာ ရှိတယ်။ အဲဒီအပေါ်ကို သိပါရစေ။

ဆရာတော်း ဦးပဉ္စင်းတို့က ရဟန်းသံဃာတွေ ရွေးကောက်ပွဲမှာ မဲပေးခွင့် တောင်းဆိုတာကို သဘောမတူဘူး။ ရဟန်းသံဃာတွေက ပြည်သူလူထုအားလုံး ထောက်ပံ့မှုနဲ့ ရပ်တည်နေကြရတာ ဖြစ်တယ်။ ဘယ်သူကို မဲထည့်ရမယ်ဆိုရင် ပြည်သူတွေကို ခွဲခြားရာ ရောက်တယ်။ ဦးပဉ္စင်းတို့က အနီအသိုင်းအဝိုင်းနဲ့ မကင်းနိုင်သလို အစိမ်းအသိုင်းအဝိုင်းကိုလည်း ပစ်ပယ်လို့ မရဘူး။ ဘယ်သူကို မဲထည့်ပါလို့ မတိုက်တွန်းဘူး။ ဦးပဉ္စင်းတို့ ချထားတဲ့ ဘောင်ထဲကနေ အဂတိတရားကင်းစွာနဲ့ မဲထည့်ဖို့ တိုက်တွန်းတယ်။ အဂတိတရားဆိုတာ ပါတီကို မကြည့်ပါနဲ့။ ပုဂ္ဂိုလ်ကို မကြည့်ပါနဲ့။ အရည်အချင်းကို ကြည့်ပါ။ ကိုယ့်မြို့ကိုယ့်ရွာအတွက် ဘာတွေလုပ်ပေးနိုင်မှာလဲ၊ ဘယ်လောက်လုပ်ပေးနိုင်လဲ လက်ရုံးရည် နှလုံးရည် ပြည်စုံတဲ့ သူကိုပဲ ရွေးချယ်ပါလို့ ဦးပဉ္စင်းတို့ မဘသ ဗဟိုက  ထုတ်ပြန်ထားတာ ရှိသလို ဦးပဉ္စင်းရဲ့ လူမှုကွန်ရက်ကနေလည်း အမြဲတမ်းတင်ပါတယ်။ သို့သော်လည်းပဲ အာဏာရလိုမှု နိုင်ငံရေး လောဘဇောတွေ ကြီးမားနေတဲ့အခါ အရည်အချင်းရှိတဲ့ သူတိုင်းကို ထည့်ပါလို့ တိုက်တွန်းတာကို ရန်သူကြီးလို သဘောထားပြီး ကြံ့ခိုင်ရေးကို ထည့်ခိုင်းနေတယ်။ စွပ်စွဲခံရတာပေါ့။ ရွေးကောက်ပွဲ မနက်ဖြန် ကျင်းပမယ် ဒီလိုည ဖုန်းဆက်မေးတာကို မဖြေဘူး။ ဘယ်ပါတီကိုထည့်ပါ ဘယ်ပုဂ္ဂိုလ်ကို ထည့်ပါလို့ မဖြေဘူး။ အရည်အချင်းရွေးတဲ့အခါ အခြားပါတီလေးတွေလည်း မရှိဘူး။ ပါတီကြီးနှစ်ခုပဲ ရှိတယ်။ ပါတီကြီးနှစ်ခု၏ အမတ်လောင်းတွေကိုလည်း သူတို့မသိဘူး။ ဘယ်လိုရွေးရမှာလဲဆိုတော့ ဦးပဉ္စင်း ဘယ်လိုဖြေရမှာလဲ။ ကိုယ်ဆန္ဒရှိတာကို ထည့်လိုက်ပါတော့ဆိုပြီး ဖြေလိုက်တယ်။ ဘယ်ပါတီကို မဲထည့်ပါဆိုပြီး တစ်ယောက်မှ မစေခိုင်းဘူး။ နီးကပ်တဲ့ သူတွေကိုလည်း ဘယ်သူကို ထည့်ပါလို့ မတိုက်တွန်းဘူး။

Voice : နောက်ဆုံးတစ်ခု အနေနဲ့ NLD ပါတီ ရွေးကောက်ပွဲ မဲဆွယ်စဉ်က ကတိကဝတ်တွေ ရှိတယ်။ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုသော အချက်တွေ ပါတယ်။ သူတို့ ဘယ်လောက်လုပ် ပေးနိုင်ပြီလို့ ယူဆနိုင်လဲ ဘုရား။

ဆရာတော်း တရားဥပဒေစိုးမိုရေးက ဒီအစိုးရ ပြောင်းစဉ်ကာလမှာ နည်းနည်းလေး ဟုတ်မလိုလို ရှိတယ်။ တရားရေးနဲ့ ပတ်သက်တဲ့ သူတွေက အစိုးရကို စောင့်ကြည့်တဲ့ အနေနဲ့ ဘာမှမလုပ်ကြဘူး။ အဂတိတရားပေါ။ ဒီအစိုးရရဲ့ ရက် ၁၀၀ လည်း ကျော်တဲ့ အချိန်မှာ ဒီအစိုးရ ဘာမှမဟုတ်ဘူး ဆိုတာကို သိသွားတယ်။ ငါတို့တစ်တွေ လာဘ်ပေးလက်ယူလုပ်လို့ ရတယ်။ မတရားလုပ်လို့ ရတယ်။ ဘာမှမထူးပါဘူးဆိုတဲ့အသိ ဝင်သွားတယ်။ ရက် ၁၀၀ နောက်ပိုင်းမှာ တရားရေးဌာနက အဂတိလိုက်တာတွေ ပိုများလာတယ်။ လာဘ်ပေးလာဘ်ယူပြီး မတရား ဆုံးဖြတ်တာတွေ ပိုများလာတယ်။ တရားဥပဒေစိုးမိုးရေး ကြွေးကြော်ပြီး တက်လာတဲ့ အစိုးရလက်ထက်မှာ တရားဥပဒေမစိုးမိုးမှုကို ပြည်သူတွေ မပြောနဲ့ ကျုပ်တို့တောင် ခံနေရတယ်။

Voice : အစိုးရကို ဘာတွေတိုက်တွန်းချင်သလဲ ဘုရား။

ဆရာတော်း အစိုးရတစ်ဖွဲ့လုံးကို မတိုက်တွန်းချင်ပါဘူး။ အစိုးရကို ချုပ်ကိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းချင်တယ်။ မြန်မာပြည် တစ် ပြည်လုံးကို အစိုးရတစ်ဖွဲ့လုံးကို မိမိ မိသားစုကို ကိုင်တွယ်သလို ကိုင်တွယ်နေမှာလား။ မိမိပါတီကို ကိုင်တွယ်သလို ဆက်ပြီး ကိုင်တွယ်နေမှာလား။ ကိုယ်အင်မတန် အတုယူ အားကျတဲ့ အင်္ဂလန်၊ အမေရိကန် အစိုးရ ခေါင်းဆောင်တွေက သူတို့အစိုးရ ဌာနတွေကို ကိုင်တွယ်သလို ကိုင်တွယ်မှာလား ဆိုတာ မေးချင်တယ်။ တိုင်းပြည် တကယ်ကောင်းစားစေချင်တယ်ဆိုရင် အမေရိကန်သမ္မတ အုပ်ချုပ်သလို ဒီအစိုးရ တစ်ဖွဲ့လုံးကို ကိုင်တွယ်ပါ။ အကြံပြုချင်ပါတယ်။    

Sources : The Voice

No comments:

Post a Comment