Latest News

Wednesday, February 15, 2017

မြန်မာ့နိုင်ငံရေးနှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု

မြန်မာ့နိုင်ငံရေးနှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု


တစ်လော တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူတာနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ ကြားနေရပါတယ်။ အချို့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေဆိုရင် တရားဝင် ကန့်ကွက်စာတွေ ထုတ်ပြီး ကန့်ကွက် တောင်းဆိုတာတွေ လုပ်ဆောင်လာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တစ်နိုင်ငံလုံးရဲ့ ခေါင်းဆောင်လို့ ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် အစဉ်အလာ မှတ်ယူခဲ့ကြပေမယ့် အဲဒါဟာ လွဲမှားနေပုံရပါတယ်။ တိုင်းရင်းသား အများအပြားဟာ ဗိုလ်ချုပ်အောင်ဆန်းကို အသိအမှတ်ပြုကြပေမယ့် နေရာတကာ ရုပ်တုတွေ စိုက်ထူပြီး ဂါရဝပြုဖို့ အထိတော့ မလိုအပ်လှဘူးလို့ ထင်မြင်ကြပါတယ်။ သူတို့ထင်မြင်ချက်ကို မှားယွင်းတယ်ပြောလို့ မရပါဘူး။ အခုလို ခံစားချက်ပါပြီး အတိမ်းအစောင်း မခံတဲ့ မြန်မာနိုင်ငံရေး အခြေအနေမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေ နိုင်ငံအနှံ့ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ စိုက်ထူနေတာကို ကန့်ကွက် ဟန့်တားသင့်ပါတယ်။ လိုအပ်ရင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဝင်ရောက်ပြောဆိုသင့်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမှန်တကယ် ရရှိစေချင်တယ်ဆိုရင်၊ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေး တည်ဆောက်ချင်တယ်ဆိုရင် လုပ်ဆောင်ရမယ့်အရာတွေ အများအပြား ရှိပါတယ်။ အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဆိုတာ လုပ်ဆောင်ရမယ့်အရာတွေကို လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။ နှစ်ဦး၊ နှစ်ဖက် ထိတွေ့တယ်။ နှစ်ဦး၊ နှစ်ဖက် ဆက်ဆံရေး တည်ဆောက်တယ်။ နှစ်ဦး၊ နှစ်ဖက် ငြင်းခုံဆွေးနွေးကြတယ်။ နှစ်ဦး၊ နှစ်ဖက် ဆိုတာ အမြင်မတူသူ အချင်းချင်း၊ ပဋိပက္ခ ဖြစ်ပွားနေသူ အချင်းချင်း တွေ့ဆုံ ညှိနှိုင်းကြတာကို ဆိုလိုပါတယ်။ လူမှုအဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ ဒီလို တွေ့ဆုံဆွေးနွေးနေကြတာကို အားဖြစ်စေမယ့် အရာများကို လုပ်ဆောင်နိုင်ပါတယ်။ ကိုယ်နိုင်သလောက် ကိုယ့်အဝန်းအဝိုင်းအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲလေးတွေ လုပ်မယ်။ ဝိုင်းဝန်း ထောက်ခံကြမယ်။ အကြံပြုကြမယ်။ တင်ပြကြမယ်။ ဝန်းရံကြမယ်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေထက် အရေးကြီးတာ ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ်တွေ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံသားတွေရဲ့စိတ်ထဲမှာ စွဲမြဲစွာတည်ရှိပြီး ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကို လေးစားကြည်ညိုတဲ့ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ထားကို ဘယ်လိုသော အကြောင်းအရာတွေကမှ လုပ်ကြံတားဆီးလို့ရမှာ မဟုတ်ပါဘူး။ စစ်အစိုးရလက်ထက်တုန်းက ပြည်သူများအတွင်း ဗိုလ်ချုပ်အောင်ဆန်းပုံရိပ်ကို လျော့ပါးပျောက်ကွယ်ဖို့ စနစ်တကျ ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ပုံတွေကို နိုင်ငံအတွင်း လှည့်လည်သုံးစွဲနေတဲ့ ငွေစက္ကူပေါ်တွေကနေ ပယ်ဖျက်ပစ်ခဲ့တယ်။ နိုင်ငံတော် အာဇာနည်နေ့ အခမ်းအနားတွေကို အနှစ်သာရမဲ့စွာ ကျင်းပခဲ့တယ်။ နိုင်ငံအနှံ့က အများပြည်သူဟာ အာဇာနည်နေ့ အခမ်းအနားတွေကို တိုးတိုးတိတ်တိတ် ပြုလုပ်ခဲ့ကြရတယ်။ စစ်ထောက်လှမ်းရေး ကြီးစိုးစဉ်ကာလက ဗိုလ်ချုပ်အောင်ဆန်းပုံ ချိတ်ဆွဲတဲ့အိမ်တွေ အရေးယူခံရနိုင်တယ်ဆိုလို့ လူအများအပြားဟာ သူတို့အိမ်ဧည့်ခန်းတွေက ဗိုလ်ချုပ်အောင်ဆန်းပုံတွေကို လူမမြင်ကွယ်ရာကို ပို့ထားခဲ့ရတယ်။ ပြည်သူတွေဟာ လူဆိုးတွေ ရှိနေသမျှ လူကောင်းတွေကို အမြဲ အမှတ်တရ ရှိနေတတ်ကြပါတယ်။ စစ်အစိုးရဆိုးလေ လူတွေက ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်ကြလေ ဖြစ်ပါတယ်။ ပွင့်လင်းလာတဲ့ ဒီဘက်ခေတ်မှာ ဗိုလ်ချုပ်အကြောင်း ရေးသားထားတဲ့ စာအုပ်တွေဆိုတာ မရေတွက်နိုင်ပါဘူး။ ဗိုလ်ချုပ်အမှတ်တရ စာပေဟောပြောပွဲတွေ၊ ဗိုလ်ချုပ်ပုံပါ အမှတ်တရ အဝတ်အစားတွေ၊ အသုံးအဆောင်တွေဆိုတာလည်း မရေတွက်နိုင်ပါဘူး။ ဒီလောက်ဆို လုံလောက်ပါပြီ။ ဗိုလ်ချုပ်ကြေးရုပ်တွေ ထပ်မံစိုက်ထူဖို့ မလိုအပ်တော့ပါဘူး။ အဲဒီလို စိုက်ထူ အသုံးပြုရာမှာ အချိန်တွေ၊ ကုန်ကျမယ့် အသုံးစရိတ်တွေကို ပညာရေး၊ ကျန်းမာရေး၊ လူထုကြီးပွား တိုးတက်ရေးဆိုင်ရာတွေမှာ အသုံးပြုသင့်ပါတယ်။


ဗိုလ်ချုပ် ကွယ်လွန်တာပဲ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ။ ဗိုလ်ချုပ်မြင်ချင်တဲ့ တိုင်းပြည် ဒီနေ့အထိ ဖြစ်မလာသေးပါဘူး။ အချင်းချင်း ပြစ်တင် တိုက်ခိုက်နေတာနဲ့ပဲ မြန်မာဟာ အာဆီယံ ၁၀ နိုင်ငံမှာ နောက်ဆုံးနိုင်ငံ ဖြစ်နေပါပြီ။ ဗိုလ်ချုပ်ကို တကယ်ချစ်ရင် တစ်ဦးချင်းက မိမိဘဝ တိုးတက်ကောင်းမွန်အောင် ကြိုးပမ်း လုပ်ဆောင်သင့်ပါတယ်။ ဗိုလ်ချုပ် ကျေးဇူးဆပ်ချင်ရင် တစ်ဦးချင်း ဘယ်လို လုပ်ကြမလဲ။ ပညာရေးကောင်းအောင် လုပ်ဆောင်တာ ဗိုလ်ချုပ် ကျေးဇူးဆပ်တာ ဖြစ်ပါတယ်။ ကျန်းမာရေး ကောင်းအောင် နေထိုင်ကျင့်ကြံတာ ဗိုလ်ချုပ်ကျေးဇူးဆပ်တာ ဖြစ်ပါတယ်။ ကြီးပွားချမ်းသာအောင် ကြိုးပမ်းအားထုတ်တာ ဗိုလ်ချုပ်ကျေးဇူးဆပ်တာ ဖြစ်ပါတယ်။ နိုင်ငံသားအချင်းချင်း ကူညီရိုင်းပင်းတာ ဗိုလ်ချုပ် ကျေးဇူးဆပ်တာ ဖြစ်ပါတယ်။ စိတ်ရော၊ ကိုယ်ပါ ဖွံ့ဖြိုးတဲ့ နိုင်ငံသားတွေဖြစ်အောင် ပြုစုပျိုးထောင်တာ ဗိုလ်ချုပ်ကျေးဇူးဆပ်တာ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံသား အများအပြားဟာ ဆင်းရဲမွဲတေမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော အောက်ဆုံးအဆင့်ကို ရောက်သည်ထက် ရောက်လာနေပါတယ်။ လူတွေဟာ နိုင်ငံအတွင်းမှာ နေတာများပြီး နိုင်ငံပြင်ပအခြေအနေနဲ့ ကင်းကွာနေတာ များပါတယ်။ ပြည်ပ ရောက်ဖူးကြတယ်ဆိုရင်လည်း အများစုက အောက်ခြေ အလုပ်သမားဘဝနဲ့ ရောက်ကြတာ များပါတယ်။ ဒီတော့ အခြားလူ့အဖွဲ့အစည်းတွေကို စနစ်တကျ လေ့လာဖို့ဆိုတာ သူတို့မှာ အချိန်မပေးနိုင်ပါဘူး။ သူများတွေ ချမ်းသာရင် ချမ်းသာတယ်ပဲ မှတ်တယ်။ သူများတွေ ဖွံ့ဖြိုးတိုးတက်ရင် တိုးတက်တယ်ပဲမှတ်တယ်။ ချမ်းသာခြင်းရဲ့ နောက်ကွယ်က အကြောင်းအချက်တွေကို မလေ့လာကြဘူး။ ဖွံ့ဖြိုးခြင်းရဲ့ နောက်ကွယ်က အကြောင်းအချက်တွေကို မသိချင်ကြဘူး။ ပြင်ဆင်ပြောင်းလဲဖို့ မကြိုးပမ်းကြဘူး။ ရန်ကုန်မြို့က တက္ကစီသမား အများစုကို ကြည့်ပါ။ ကွမ်းစားလေ့ ရှိပါတယ်။ ကွမ်းစားတော့ ဘာဖြစ်လဲ။ လူညစ်ပတ်တာပေါ့။ ပတ်ဝန်းကျင် ညစ်ပတ်တာပေါ့။ နိုင်ငံ ညစ်ပတ်တာပေါ့။ ဒီထက် ချဲ့စဉ်းစားရင် ကိုယ်ကွမ်းစားလို့ ကိုယ့်မိသားစုဝင်ထဲကလိုက်ပြီး ကွမ်းစားတယ်။ ကိုယ့်မိတ်ဆွေ အပေါင်းအသင်းက လိုက်ပြီး ကွမ်းစားတယ်ဆိုရင် အဲဒါ လူ့အဖွဲ့အစည်းအတွင်း မကောင်းတဲ့ အမူအကျင့်တွေကို ပြန့်ပွားစေတာပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဖြစ်စေ၊ မြင်ချင်တဲ့ တိုးတက်ဖွံ့ဖြိုးတဲ့ လူသားရင်းမြစ်ကို အတားအဆီး ဖြစ်စေတဲ့အတွက် လူတစ်ဦးချင်း ကွမ်းစားတာဟာ လူတစ်ဦးချင်းက ဗိုလ်ချုပ်ကို စော်ကားတာ ဖြစ်တယ်။

စာရေးသူ ပြည်ပနိုင်ငံများမှာ ရောက်ရှိနေထိုင်စဉ် တိုင်းရင်းသား မိတ်ဆွေများထံမှ စူးရှပြင်းထန်တဲ့ ဗမာဆန့်ကျင်ရေး လူမျိုးရေး မှတ်ချက်များကို မကြာခဏ ကြုံတွေ့ ကြားသိခဲ့ဖူးပါတယ်။ ဒီလို လူမျိုးရေးဆန်တာဟာ အနည်းစုလို့ပဲ သဘောထားပါတယ်။ ဒါပေမဲ့ ဒီလို ဗမာမုန်းတီးရေးလှိုင်းဟာ တိုင်းရင်းသားတွေအကြား အချို့ဒေသတွေမှာ အတော်ပျံ့နှံ့အား ကောင်းနေတာ တွေ့ရပါတယ်။ ဒီလို တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲတာကို အကောင်းဆုံး ကုစားဖို့က စစ်မှန်တဲ့ စိတ်ခွန်အားတွေနဲ့ ငြိမ်းချမ်းရေးကို အတူတကွ ပူးတွဲ တည်ဆောက်ကြဖို့ပဲ ဖြစ်ပါတယ်။ ၂၁ရာစု ပင်လုံညီလာခံမှာ တတ်အားသရွေ့ ပူးပေါင်း ပါဝင်ကြဖို့ပဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေ ရပ်ပါလို့လည်း မဆိုချင်ဘူး။ ထိုးစစ်တွေ ရပ်ပါလို့လည်း မပြောချင်ဘူး။ ပြောစရာကို မဟုတ်ဘူး။ တိုက်ပွဲဆိုတာ မရှိရင် အကောင်းဆုံးပေါ့။ စစ်ရေးအရ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ မသုံးသပ်နိုင်တဲ့အတွက် တိုက်ရင်း၊ ခိုက်ရင်း ငြိမ်းချမ်းရေးကို လုပ်ဆောင်သွားရမယ်လို့ပဲ နားလည်မိတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး အခြေအနေ အရပ်ရပ်ကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် အခြေအနေ မကောင်းဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ တိုင်းရင်းသားတွေ မကျေမနပ်ဖြစ်စေမယ့် တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေ စိုက်ထူမှုတွေကို အားမပေးသင့်ပါဘူး။ ရေရှည် နိုင်ငံရေးအမြင်ရှိဖို့ လိုပါတယ်။ တဒင်္ဂ လက်ခုပ်သံ၊ အများကြိုက် လုပ်ဆောင်မှုတွေမှာ စီးမျှောမနေသင့်ပါဘူး။ ဆိုခဲ့သလို ဗိုလ်ချုပ်ရုပ်တုတွေအစား အရေးကြီးတာ ဗိုလ်ချုပ်စိတ်ဓာတ်မျိုးတွေ ပြုစုပျိုးထောင်ဖို့ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

အောင်အောင် (IR)

The Voice

No comments:

Post a Comment