Latest News

Sunday, February 19, 2017

ရန်ကုန်မြို့ဝန်းကျင်၌ မြေကွက်အတိုင်းရှိနေသည့် အိမ်ရာစီမံကိန်း အဟောင်းများကို လာမည့်မတ်လတွင် စတင်တည်ဆောက်နိုင်ရန် ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ရန်ကုန်မြို့ဝန်းကျင်၌ မြေကွက်အတိုင်းရှိနေသည့် အိမ်ရာစီမံကိန်း အဟောင်းများကို လာမည့်မတ်လတွင် စတင်တည်ဆောက်နိုင်ရန် ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား



ရန်ကုန်မြို့ဝန်းကျင်ရှိ မြေကွက်အတိုင်းသာ ရှိနေသည့် အိမ်ရာစီမံကိန်း အဟောင်းများကို လာမည့်မတ်လအတွင်း စတင်တည်ဆောက်နိုင်ရန် ဆွေးနွေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁၈ ရက်က ကုန်သည်/စက်မှုအသင်းချုပ်၌ ကျင်းပသည့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ တတိယအကြိမ် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့တွင်းရှိ အိမ်ရာစီမံကိန်း အဟောင်းများကို အဆင့်မြှင့်တင်နိုင်ရန်အတွက် ဂျပန်နိုင်ငံ အပါအ၀င် အခြားနိုင်ငံများမှ ကမ်းလှမ်းထားကြောင်း သိရသည်။

“ရန်ကုန်မြို့ထဲမှာရှိနေတဲ့ အိမ်ရာစီမံကိန်း အဟောင်းတွေကိုလည်း အဆင့်မြှင့်တင်ဖို့ အစီအစဉ် ရှိပါတယ်။ ဂျပန်နိုင်ငံဘက်က အဆိုပြု ကမ်းလှမ်းထားတဲ့ နေရာတွေလည်း ရှိပါတယ်။ အခြားနိုင်ငံတွေက ကမ်းလှမ်းထားတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ထို့ပြင် ရန်ကုန်မြို့ရဲ့ ပတ်ချာလည်မှာရှိနေတဲ့ အိမ်ရာစီမံကိန်း အဟောင်းတွေရှိပါတယ်။ ဒီအိမ်ရာ စီမံကိန်းအဟောင်းတွေဆိုတာ မြေကွက်ပဲ ရှိနေပါသေးတယ်။ နာမည်တွေရှိနေပြီး ဒီလုပ်ငန်းတွေ အကုန်လုံးကို ကျွန်တော်တို့ မတ်လအတွင်း စတင်နိုင်ဖို့ စတင်ဆွေးနွေးနေပြီ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ၀န်ထမ်းများ၊ နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေသည့် ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“နောက်တစ်ချက်က အစိုးရချင်း ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေလည်း ရှိပါတယ်။ ဂျပန်နဲ့သော်လည်းကောင်း၊ တရုတ်၊ ကိုရီးယားနဲ့သော်လည်းကောင်း၊ ပူးပေါင်း ဆောင်ရွက်မယ့် အစီအစဉ်တွေ ရှိပါတယ်။ ဒီအစီအစဉ်က ဘာကြောင့်လဲဆိုရင် တစ်ချိန်တစ်ခါက ပြည်သူလူထုက အစိုးရပိုင်မြေတွေကို ပုဂ္ဂလိကတွေကိုရောင်းပြီး ဆောင်ရွက်နေတယ်ဆိုတဲ့ ပြဿနာတွေ တွေ့ရတယ်။ ပြည်သူလူထုမှာ ဒီလို အမြင်ရှိပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

နီလာ

Eleven Media Group

No comments:

Post a Comment