Latest News

Friday, February 17, 2017

တရားစီရင်ရေးဟာအရေးအကြီးဆုံးအရာ

တရားစီရင်ရေးဟာအရေးအကြီးဆုံးအရာ

သရ၀ဏ်(ပြည်)

နိုင်ငံတနိုင်ငံတွင်အရေးအကြီးဆုံးအရာမှာဘာဖြစ်သလဲဟုစဉ်းစားတိုင်း မဆိုင်းမတွဖြေမိသောအရာမှာ လွတ်လပ်သန့်ရှင်းမျှတသောတရားစီရင်ရေးဖြစ်သည် ။ဤတွင် လွတ်လပ် ဟူသောစကား၊ သန့်ရှင်းဟူသောစကား၊ မျှတဟူသောစကား သုံးလုံးကို ၀ိဂြိုဟ်ပြုထားရပါ၏ ။အဘယ့်ကြောင့်ဆိုသော် တရားစီရင်ရေးသည် လွတ်လပ်မှုရှိခြင်းမရှိခြင်းအပေါ်တွင်အသက်တမျှတည်၇ှိနေ၍ဖြစ်သည် ။ စစ်အာဏာရှင်လက်အောက်တွင်တရားသူကြီးများသည် လွတ်လပ်စွာ စီရင်ချက်မချနိုင်ဖြစ်ရပါ၏ ။တရားသူကြီးများအထက်တွင် စစ်ထောက်လှမ်းရေးအာဏာပိုင်များရှိနေပါ၏ ။ အပြစ်ရှိခြင်းမရှိခြင်းကိုဥပဒေရှုထောင့်အရလူသက်သေ ပစ္စည်းသက်သေ နှစ်ဖက်ရှေ့နေလျှောက်လဲချက်များကိုတရားသူကြီးက ကြည့်ရှုဆုံးဖြတ်ကြရခြင်းမဟုတ်ပဲ စစ်ထောက်လှမ်းရေးများက ဖြစ်စေချင်သောဆုံးဖြတ်ချက်ပြစ်ဒဏ်များကို တရားသူကြီးပါးစပ်မှဖတ်ပြရခြင်းဖြစ်သည် ။ သက်သေခိုင်လုံသည်ဖြစ်စေ မခိုင်လုံသည်ဖြစ်စေ အပြစ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စစ်အစိုးရအာဏာပိုင်များကပေးလာသော စာအိပ်ကိုဖောက်၍ ပြစ်ဒဏ်စီရင်ချက်ကိုတရားသူကြီးများက ဖတ်ရခြင်းဖြစ်သည် ။ ထို့ကြောင့်တ၇ားစီရင်ရေး၏အသက်တမျှအရေးကြီးသော လွပ်လပ်စွာတရားစီရင်ခြင်းဟူသည့်အချက်မှာ ပျောက်ဆုံးခဲ့ပါသည် ။ အဘတို့ ၏အလိုကျသာ ဆုံးဖြတ်ခဲ့ရသောအမှုများစွာရိလေသည် ။အချို့အမှုများမှာ ဥပဒေအရအပြစ်ရှိနေကြောင်းထင်ရှားသော်လည်း စစ်အာဏာပိုင်များ၏လူဖြစ်နေသဖြင့် အမှုမှကွင်းလုံးကျွတ်လွှတ်ပေးရသော ၊ အချို့ မှာ တရားရုံးသို့ ပင်ရောက်မလာတော့ပဲ ရဲစခန်းမှာပင်  အမှုပိတ်ပစ်လိုက်သည်များ ၊ ထို့ထက်အကောင်ကြီးကြီး နှင့်ပါတ်သက်သောအမှုများတွင်ရဲစခန်းသို့ ပင်ရောက်မလာပဲ လေလိုအငွေ့ ပျံကွယ်ပျောက်သွားသော အမှုများလဲမရေတွက်နိုင်အောင်ရှိခဲ့လေသည် ။ဤကား တရားသူကြီးတို့ လွတ်လပ်စွာတရားစီရင်ခွင့်မရခဲ့သော အမှုများတွင် တရားမျှတမှုကင်းမဲ့ခဲ့ပုံဖြစ်သည် ။ လွတ်ချင်သူကိုလွှတ် ၊ချချင်သူကိုထောင်ချသောတရားစီရင်ရေးဖြစ်သည် ။ အထက်အလိုကျစနစ်ဖြစ်သည် ။

သန့် ရှင်းဆိုသောစကားမှာရှင်းသည် ။ အဂတိမလိုက်စားသော ၊ လာဘ်မစားသောတရားစီရင်ရေးဖြစ်သည် ။ တရားသူကြီးများလာဘ်စားသောအခါ အမှုကို မျှတစွာ စီရင်မှုမပြုတော့ ။ငွေပေးသူအလိုကျစီရင်သောစနစ်ဖြစ်သည် ။ ငွေများတရားနိုင် ငွေနည်းတရားရှုံးဆိုသောစကားတို့ ထွက်ပေါ်လာခြင်း၏အဓိကအကြောင်းဖြစ်သည် ။ တရားသူကြီးများလာဘ်စားခြင်းကိုအတိအကျလက်ဆုပ်လက်ကိုင်ပြဖို့ခက်သည် ။ အမှုနိုင်ချင်သူ ၊သို့ မဟုတ် အမှုတွင်သက်သာရာရလိုသူက တိတ်တဆိတ်သွားရောက်ငွေပေးခြင်းဖြစ်ရာ ပေးသူက သူ့ အကျိုးလည်းပါနေသဖြင့် တိုင်လားတောလားလုပ်ခဲသည် ။ တိုင်ခဲ့လျှင်လည်းသက်သေအတိအကျ ပြနိုင်ဖို့
ခက်သည် ။များသောအားဖြင့် တရားသူကြီးများသည် လာဘ်ပေးသူနှင့်တိုက်ရိုက်တွေ့ ဆုံကာငွေတောင်းခံမှုပြုခဲသည် ။ တဆင့်ခံအဖြစ် ရှေ.ဖတ်စာရေးများ ၊ရှေ့နေများ၊အမှုပွဲစားများမှတဆင့်သာ လာဘ်ငွေကိုလက်ခံသည် ။ သူကိုယ်တိုင်လက်ခံရယူသည်မဟုတ်သဖြင့် တရားသူကြီးကိုလာဘ်ပေးလာဘ်ယူမှုဖြင့် တိုင်ကြားဖို့ ခက်သည် ။ ကြားလူများသာလာဘ်ပေးလာဘ်ယူမှုဖြင့်အရေးယူခံရသည်မှာများသည် ။ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးကိုယခုထက်ပို၍ ထိရောက်စေချင်သည်ဆိုလျှင် ၊ တရားစီရင်ရေးတွင်သန့် ရှင်းစေချင်သည်ဆိုလျှင် သွယ်ဝိုက်သက်သေများဖြင့်တရားသူကြီးကိုစစ်ဆေးအရေးယူနိုင်သော ဥပဒေများကိုလွှတ်တော်မှပြဌာန်းဖို့လိုသည် ။ အများအားဖြင့်တရားသူကြီးများသည် ဥပဒေကျွမ်းကျင်သူများဖြစ်ရာ သူတို့ကိုဦးတည်လာနိုင်သောသဲလွန်စမှန်သမျှကျွမ်းကျင်စွာဖျောက်ဖျက်တတ်သည်သာဖြစ်သည် ။ ထို့ ကြောင့်တရားစီရင်ရေးကိုသန့်ရှင်းစေဖို့ ဥပဒေကိုပိုမိုထိရောက်အောင်ပြဌာန်းရပေလိမ့်မည် ။

 နောက်ဆုံးအချက်မှာမျှတဆိုသည့်စကားဖြစ်သည် ။ တန်းတူညီမျှဖြစ်ခြင်းကိုဆိုလိုပါသည် ။ ဆင်းရဲသူနှင့်ချမ်းသာသူ ၊ အာဏာရှိသူနှင့်အာဏာမဲ့သူ သာမာန်လူတန်းစား ၊တပ်မတော်သားနှင့်အရပ်သား ဥပဒေအရာတွင် တန်းတူရည်တူရှိရေးသည် ကောင်းမွန်မှန်ကန်သောတရားစီရင်ရေးဖြစ်သည် ။ထိုအရာများချို့ ယွင်းနေလျှင် ရေများရာမိုးရွာသောတရားစီရင်ရေး ၊ မျှတမှုကင်းမဲ့သောတရားစီရင်ရေးသာဖြစ်ပေမည် ။ ဥပမာမီးလောင်မှုတခုဖြစ်လျင် မီးပေါ့ဆသူကို တရားခံစာရင်းတွင်ထည့်၍ မည်သူ့ ကိုတော့ ပုဒ်မဘယ်လောက်ဖြင့်အရေးယူထားသည်ဟု သတင်းများတွင်ပါလေ့ရှိသည် ။ သို့ သော် တပ်မတော်တပ်ဝင်းအတွင်း မီးလောင်မှုဖြစ်ပွားသောသတင်းများတွင် မည်သူမည်ဝါကို တရားခံစာရင်းသွင်း၍မီးပေါ့ဆမှုဖြင့်အရေးယူထားကြောင်းဆိုသော By name ဖြင့်ဖော်ပြမှု မရှိသလောက်ဖြစ်သည် ။ မီးလောင်မှုသတင်းကိုသာဖော်ပြပြီး တရားခံအမည်ကိုဖော်ပြလေ့မရှိခြင်းကိုလည်းသတိပြုမိသည် ။ ထို့အတူ ယဉ်တိုက်မှုများဖြစ်ပွားရာတွင်လည်းထိုနည်းနှင်နှင်ဖြစ်သည် ။ တပ်မတော်သားတို့ နိုင်ငံခြာသံတမန်တို့  ကြောင့်ဖြစ်ပွားသောယာဉ်တိုက်မှုသတင်းများတွင် တရားခံကိုအရေးယူဖမ်းဆီးကြောင်းသတင်းများ တွေ့ ရလေ့မရှိချေ ။ ဤသည်မှာလည်း Fair Play ခေါ် မျှတသည့်ကစားပွဲဖြစ်မြောက်ရေး အလှမ်းဝေးသည့်သဘောဖြစ်သည် ။

    ယခုအခါ လွှတ်တော်အမတ်များသည် မြန်မာနိုင်ငံတွင်တရားစီရင်ရေးစနစ်ကြီးတခုလုံး ပျက်ဆီးယိမ်းယိုင်နေသည်ကိုသတိထားမိကြသည် ။ သို့ သော် ထိုကိစ္စကိုဘယ်လိုကိုင်တွယ်ကြမည်ဟု ဆုံးဖြတ်ရခက်နေဆဲဖြစ်သည် ။ ကြက်တကောင်သောင်းကျန်းနေသောအိမ်တအိမ်တွင် ကြွက်တွေကအကြံကောင်းတခုရကြသည် ။ထိုအကြံမှာ ကြောင်လည်ပင်းတွင်ခြူဆွဲပေးဖို့ဖြစ်သည် ။
ကြောင်လည်ပင်းတွင်ခြူတခုရှိခဲ့လျှင် ကြောင်လာသည်နှင့်အသံကြားနိုင်သောကြောင့် ကြွက်အပေါင်းဘေးရန်ကင်းမည်ဖြစ်သဖြင့်ထိုအကြံမှာအလွန်တန်ဘိုးရှိသောအကြံဖြစ်သည် ။ သို့ သော်လက်တွေ့ အခက်အခဲမှာ ကြောင်လည်ပင်းတွင်ခြူဆွဲသည့်တာဝန်ကိုမည်သူက တာဝန်ယူဆောင်ရွက်မလဲဟူ၍ဖြစ်သည် ။ယခုလည်းတရားစီရင်ရေးမဏ္ဍိုင်အဂတိတရားများဖြင့်ယိမ်းယိုင်ပျက်စီးနေသည်ကိုလူအများသိကြသည် ။ အနာကိုသိ၏။ဆေးကိုကားမတွေ့ ကြသေးချေ။ သို့သော် မိုးမှောင်ကြီးကျနေရာတွင် လျှပ်ရောင်လေးတချက် နှစ်ချက်ဝင်းလက်လိုက်သလို အလင်းရောင်လေးအချို့ကားပေါ်လာ၏ ။ ယခုတလောတရားဥပဒေစိုးမိုးရေးနှင့်ပါတ်သက်၍သတင်းနှစ်ပုဒ်ကြားသိရသည် ။ ပထမသတင်းကား တရားစီရင်ရေးကဏ္ဍတိမ်းစောင်းမှု ပြန်လည်တည့်မတ်ရေး အဆို လွှတ်တော်တွင်ဆွေးနွေးမည်ဟူသောသတင်းဖြစ်သည် ။တရားစီရင်ရေးကဏ္ဍတိမ်းစောင်းနေမှုကို ပြန်လည်တည့်မတ်နိုင်ရေး ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တိုက်တွန်းသည့်အဆို ကိုလက်ခံဆွေးနွေးရန် ဖေဖော်ဝါရီ (၁၀)ရက်ကကျင်းပသည့် ပြည်သူ့ လွှတ်တော်အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည် ။ လက်ရှိတရားစီရင်ရေးမဏ္ဍိုင်တွင် အာမခံပေးရမည့်အမှုများကို ငွေကြေးလာဘ်လာဘမရပါက အကြောင်းအမျိုးမျိုးပြ၍ အချိန်ဆွဲခြင်း ၊အာမခံမပေးနိုင်သည့်ရာဇ၀တ်မှုများကို ငွေကြေးလာဘ်လာဘရသည့်အခါ ချက်ချင်းအာမခံပေး၍ မလိုလားအပ်သည့်ပြသနာများဖြစ်ပေါ်နေကြောင်း နှင့် အယူခံပြင်ဆင်ရန်အထက်တရားရုံးများသို့ တက်ရာတွင် မူလတရားရုံးများ စစ်ဆေးချက်မှတ်တမ်းများကို လစ်လျူရှုကာ ငွေကြေးလာဘ်လာဘအပေါ်အဓိကထား၍ဆောင်ရွက်နေခြင်း ကိုတွေ့ ရသည်ဟု လွှတ်တော်တွင်အဆိုတင်သွင်းသူ ဦးတင်ထွေးကဆွေးနွေးသည် ။ ၎င်းအပြင် အချို့တရားသူကြီးများသည် ၎င်းတို့ စာရေးဝန်ထမ်းများကို ကြားခံဆက်သွယ်၍လာဘ်လာဘများရယူနေပြီး လက်ခံကြားနာစစ်ဆေးသည့်အမှုနှင့်ပါတ်သက်ပါကလည်း တဖက်ဖက်ကတိုင်ကြားမှုရှိလာပါက တိုင်ကြားသူဘက်ကိုကြောက်ရွံ့ ပြီး အခြားတဖက်ကို ဖိအားပေးစစ်ဆေးခြင်း ၊အမှုပွဲစားများကိုမသိဟန်ဆောင်၍လက်ခံနေခြင်းနှင့် ကျေအေးရုပ်သိမ်းခွင့်ရှိသည့် ရာဇ၀န်မှုများကိုလည်း အမှုသည်အချင်းချင်းကျေအေးရုပ်သိမ်းရာတွင် တောင်းဆိုသည့်ငွေကြေးမပေး နိုင်ပါက အချိန်ဆွဲထားခြင်း နှင့် ကျေအေးရုပ်သိမ်းခွင့်မပြုခြင်းစသည့်အခြေအနေများဖြစ်ပေါ်နေကြောင်း ဦးတင်ထွေးကပြောကြားသည် ။ ဦးတင်ထွေး၏အဆိုကို လက်ခံဆွေးနွေးရန်သင့်မသင့်လွှတ်တော်၏ဆန္ဒရယူရာ ကန့် ကွက်သူမရှိ၍ အဆိုကို လက်ခ့ဆွေးနွေးရန်ပြည်သူ့ လွှတ်တော်ကကြေညာခဲ့သည် ။ဤကားပထမအလင်းရောင်တည်း ။

   ဒုတိယအလင်းရောင်ကား ရှေ့ ပြေးတရားရုံး Pilot Court စီမံချက်ဟုအမည်ရသည့်တရားစီရင်ရေးစနစ်သစ်ကို အချို့မြို့များတွင်စတင်ဆောင်ရွက်မည့်သတင်းဖြစ်သည် ။ ထို Pilot Court စံနစ်ကိုပုသိမ်မြို့တွင်စမ်းသပ်သုံးစွဲနေသည်ဟုသိရသည် ။ထိုစနစ်အရ
တရားရုံးများ၏တရားစစ်ဆေးရန်ကြာမြင့်သည့်အချိန်ကာလကို သတ်မှတ်ထားပြီးထိုအချိန်ကာလထက်မကျော်စေရန်စောင့်ကြပ်ထိမ်းသိမ်းသောစနစ်ဖြစ်သည်ဆို၏ ။ တကယ်ပဲတရားရုံးအားလုံးတွင်ထိုစနစ်ကိုအကောင်အထည်ဖော်နိုင်မလား ၊မြန်မာ့ထုံးစံအတိုင်းအဖျားရှူးသွားကာ ပိုင်းလော့တရားရုံးမှ ပိုင်းလုံးတရားရုံး ဖြစ်သွားမလားဆိုတာတော့စောင့်ကြည့်ရမည် ဖြစ်သည် ။ သူတို့ပြောသော ပိုင်းလော့တရားရုံးစနစ်အရ ရာဇ၀တ်မှုများ စစ်ဆေးဆုံးဖြတ်ရာတွင် အကြာမြင့်ဆုံးအချိန်မှာ ရက်ပေါင်း ၂၇၀ ဖြစ်ပြီး တရားမမှုများအတွက်စစ်ဆေးဆုံးဖြတ်ရာတွင် အကြာမြင့်ဆုံးအချိန်မှာ ရက်ပေါင်း ၅၄၀ အတွင်းပြီးရမည်ဖြစ်သည်ဟုသိရသည် ။ ထိုစနစ်ကိုတရားရုံးအားလုံးကအတိအကျလိုက်နာကျင့်သုံးခဲ့လျှင် ဘာမဟတ်ုသည့်အမှုကလေးများကို နှစ်ပေါက်အောင်စစ်ဆေးခြင်းဖြင့် အချိန်ကုန်လူပန်းဖြစ်နေမှုများ ၊ အချုပ်ထဲ ၊ထောင်ထဲတွင် အချုပ်သားများ အဆမတန်များပြားနေခြင်းကိုလျှော့ချနိုင်မည်ဖြစ်သည် ။ ရှေ့ပြေးတရားရုံးစနစ်အရ ရှုပ်ထွေးမှုမရှိသော ရာဇ၀တ်မှုများတွင်ရက်ပေါင်း ၉၀ အတွင်းအပြီးစစ်ဆေးရန် ၊ အနည်းငယ်ရှုပ်ထွေးသော ရာဇ၀တ်မှုများတွင် ရက်ပေါင်း ၁၈၀ အတွင်းအပြီးစစ်ဆေးရန် ၊အလွန်ရှုပ်ထွေးသောရာဇ၀တ်မှုများတွင် ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်ဆေးရန် သတ်မှတ်ထားသည် ။ တရားမမှုများတွင် ရှုပ်ထွေးမှုမရှိသည့်အမှုများအားရက်ပေါင်း ၁၈၀ ၊ အနည်းငယ်ရှုပ်ထွေးသည့်တရားမမှုများတွင် ရက်ပေါင်း ၂၇၀ နှင့် ၃၆၀ အတွင်း ၊ ရှုပ်ထွေးသည့်တရားမမှုများတွင် ရက်ပေါင်း ၅၄၀ အတွင်းအမှုအားပြီးပြတ်စေရန်စစ်ဆေးဆောင်ရွက်မှု များလုပ်ဆောင်ရမည်ဖြစ်ကြောင်းသိရသည် ။

    မြန်မာနိုင်ငံတရားစီရင်ရေး၏အဓိကအားနည်းချက်မှာ အမှုကိုမကြာကြာအောင်တတိတိဖြင့်အချိန်ယူစစ်ဆေးသည့်အလေ့အထဖြစ်သည် ။ တရားလိုဖြစ်သော ရဲများမှာလည်းတရားရုံးသို့သက်သေခံရန်ချိန်းထားသောနေ့တွင် မှန်မှန်လာလေ့မရှိသဖြင့် ထောင်ထဲမှလက်ထိပ်တန်းလန်းဖြင့်တကူးတကရောက်လာရသော  တရားခံမှာ ဘာမှအမှုမစစ်ဆေးဖြစ်ပဲ ထောင်မှတရားရုံး ၊တရားရုံးမှထောင်သို့ သွားချည်ပြန်ချည်လုပ်နေရခြင်းမှာများစွာနစ်နာလေသည် ။ နောင်တွင် ထိုသို့မဖြစ်အောင် ရဲများကိုဖြစ်စေ ၊ သက်သေများကိုဖြစ်စေ ရှေ့ နေများ ၊ဥပဒေအရာရှိများ အားလုံးအမှုမကြန့်ကြာရေးအတွက် ကြန့်ကြာအောင်ပြုလုပ်သူကိုအရေးယူအပြစ်ပေးနိုင်သောစနစ်ကိုပြဌာန်းသင့်ပေသည် ။ ဤစနစ်တွင် မကြန့်ကြာအောင်စစ်ဆေး၇န်ဟုပါသော်လည်း ကြန့်ကြာအောင်ပြုလုပ်သူများရှိပါကမည်သို့ အရေးယူမည်ဆိုတာလည်း မပါဝင်သဖြင့် ဒုံရင်းဒုံရင်းဆိုက်မည်ကိုလည်းစိုးရိမ်မိပါသည် ။ ထို့ အတူ ပုသိမ်မြို့တမြို့တည်းကိုသာစမ်းသပ်ဆောင်ရွက်မည့်အစား မြန်မာတပြည်လုံးအတိုင်းအတာနှင့် ကျယ်ပြန့်စွာချက်ခြင်းဆောင်ရွက်သင့်ပါသည် ။သရုပ်ဆောင်ထက်ထက်မိုးဦးက
သတင်းထောက်ကောင်မလေးအား ပါးရိုက်မှု (လက်ရောက်မှု) တွင်  အင်မတန်ရိုးရှင်းလွယ်ကူသောအမှုတခုဖြစ်သော်လည်း ထိပ်တန်းရာဇ၀တ်မှုကြီးသဖွယ် ရုံးချိန်းအကြိမ်ကြိမ်ချိန်းဆိုပြီး နှစ်ပေါက်အောင်စစ်ဆေးခဲ့တာလည်း မြန်မာ့တရားစီရင်ရေးတွင်အချိန်မကုန်သင့်ပဲကုန်နေသောသိသာထင်ရှားစေသည့်သာဓကဖြစ်သည် ။Pilot Court စနစ်သစ်အရဆိုလျှင် ထိုအမှုမျိုးမှာ ရက်ပေါင်း ၉၀ (သုံးလ)အတွင်းအပြီးစစ်ဆေးရမည်ဖြစ်သည်။

        မြန်မာနိုင်ငံတွင် အဓိကအားနည်းချက်မှာ မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သော အုပ်ချုပ်ရေး ၊ဥပဒေပြုရေး မဏ္ဍိုင်နှစ်ခုသည် တရားစီရင်ရေးမဏ္ဍိုင်အား စောင့်ကြပ်ထိန်းညှိခွင့် ( Check and Balance လုပ်နိုင်စွမ်း)မရှိခြင်းပင်ဖြစ်သည် ။ အမှတ်တမဲ့ကြည့်လျှင် အုပ်ချုပ်ရေး (အစိုးရ) နှင့် ဥပဒေပြုရေး (လွှတ်တော်များ) သည် တရားစီရင်ရေးမဏ္ဍိုင်ကို အပြန်အလှန် ထိမ်းညှိနိုင်သလိုလိုပြောနေကြသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏အားနည်းချက်အရ တရားစီရင်ရေးမဏ္ဍိုင်သည် အခြားမဏ္ဍိုင်ကြီးနှစ်ခု၏ထိမ်းညှိမှုမှ ကင်းလွတ်နေပါသည် ။ ရှင်းအောင်ဆိုရလျှင် တရားစီရင်ရေးမဏ္ဍိုင်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ လွှတ်တော်ကရော၊အစိုးရကပါဘာမှဝင်ရောက်လုပ်ကိုင်၍မရခြင်းဖြစ်သည် ။ ကျွန်တော်တို့နိုင်ငံတွင်ရှိသော ၂၀၀၈ ဥပဒေမှာ မဏ္ဍိုင်သုံးရပ်အကြား အပြန်အလှန်ထိမ်းကျောင်းနိုင်စွမ်းမရှိသလောက်နည်းပေသည် ။ လွှတ်တော်က အစိုးရကို အတော်အတန်ထိန်းချုပ်နိုင်၏ ( သမ္မတ ၊ ၀န်ကြီး စသည်များကိုလွှတ်တော်ကစွပ်စွဲပြစ်တင်ကာ ရာထူးမှဖြုတ်ချနိုင်ခွင့်ရှိ၏ ) ။ သို့ သော် သမ္မတက လွှတ်တော်ကိုဖျက်သိမ်းခွင့်မရှိပေ (ဒီမိုကရေစီနိုင်ငံအတော်များများတွင် သမ္မတသည်လွှတ်တော်ကိုဖျက်သိမ်းပြီးရွေးကောက်ပွဲအသစ်လုပ်ပိုင်ခွင့်အာဏာရှိ၏) ။တဖန် လွှတ်တော်ကဆုံးဖြတ်ချက်ကို သမ္မတက ဗီတိုအာဏာသုံးကာပယ်ချနိုင်ခွင့် နိုင်ငံတကာတွင်ရှိသော်လည်း မြန်မာသမ္မတတွင်ထိုအာဏာမရှိချေ ။ ထို့ ကြောင့်လွှတ်တော်နှင့် အစိုးရ အပြန်အလှန်အာဏာချိန်ခွင်လျှာထိန်းညှိခြင်းတွင် လွှတ်တော်ကအရေးသာနေပြီးအုပ်ချုပ်ရေးဘက်မှအရေးနိမ့်နေ၏ ။ တဖန် တရားစီရင်ရေးတွင်တော့ လွှတ်တော်ကရော ၊ အုပ်ချုပ်ရေးဘက်ကရောဘာမှ ထိန်းကျောင်းမှုမလုပ်နိုင်ပဲ သီးခြားကင်းလွတ်ကာ ကိုယ့်သဘောကိုယ်ဆောင်ခွင့်ရနေလေ၏ ။

၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုတရားသူကြီး ကို နိုင်ငံတော်သမ္မတကခန့် အပ်၏ ။ ထိုသို့ အခန့်ခံရသော တရားသူကြီးချုပ်က တရားလွှတ်တော်တရားသူကြီးခုနစ်ဦးမှ ၁၁ ဦးအထိ ရွေးချယ်ရပြီး တရားသူကြီးများကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရ၏ ။လွှတ်တော်မှအတည်ပြုပေးရန်သာဖြစ်ပြီးအရည်အချင်းနှင့်မညီကြောင်းသက်သေမပြနိုင်လျှင်မငြင်းပယ်ရဟု ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၉ (ဂ) (၁) နှင့်(၂)တွင်ုပြဌာန်းထားသဖြင့် လွှတ်တော်၏တာဝန်မှာလည်းမည်ကာမတ္တသာဖြစ်ပါသည် ။ ထိုသို့ သမ္မတကခန့်သဖြင့်ရာထူးရလာသောပြည်ထောင်စုတရားသူကြီးချုပ်သည် အောက်ပါအချက်များမှတပါး ရာထူးတွင် အသက် ၇၀ အထိ ကျောက်ချရပ်နားနေတော့မည်ဖြစ်သည် ။

 (က)မိမိသဘောအလျောက်ရာထူးမှနုတ်ထွက်ခြင်း
(ခ)ဖွဲ.စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များနှင်.အညီစွပ်စွဲပြစ်တင်ခြင်းခံရ၍ရာထူးမှရပ်စဲခံရခြင်း
(ဂ) ဥပဒေအရသတ်မှတ်ထားသောဆေးအဖွဲ.၏စစ်ဆေးချက်အရကိုယ်စိတ်နှစ်ပါးအနက်တပါးပါးသည် ထာဝစဉ်ချို.ယွင်းသွားခြင်းကြောင်.တာဝန်ကိုဆက်လက်ထမ်းဆောင်နိုင်စွမ်းမရှိကြောင်းတွေ.ရှိရခြင်း
(ဃ) ကွယ် လွန်ခြင်း  ဟုပါရှိပေ၏ ။

 ယခုပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးကို ၂၀၁၁ မတ်လ ၃၀ ရက်နေ့တွင် ယခင်သမ္မတ ဦးသိန်းစိန်မှခန့်ထားခဲ့ခြင်းဖြစ်သည် ။ထိုတရားသူကြီးချုပ်မှအမည်စာရင်းပေးသောတရားသူကြီးများကို တရားလွှတ်တော်တရားသူကြီးများအဖြစ် ထိုစဉ်ကလွှတ်တော်ကလက်ခံခန့်အပ်ပေးခဲ့ခြင်းဖြစ်သည် ။  ထို့ ကြောင့် သမ္မတဦးထင်ကျော်လက်ထက်ရောက်သောအခါ ယခင်သမ္မတခန့် အပ်ခဲ့သော တရားသူကြီးချုပ်ကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ အသစ်တယောက်အစားထိုးခန့်အပ်ပိုင်ခွင့်မရှိတော့ပေ ။ တရားသူကြီးချုပ်ဦးထွန်းထွန်းဦးသည် ၂၈.၇.၁၉၅၆ တွင်မွေးဖွားခဲ့သူဖြစ်သဖြင့် အထက်ပါအချက် က၊ခ၊ဂ၊ဃ ထဲမှတချက်ချက်နှင့်မငြိမချင်း ဦးထွန်းထွန်းဦးသည် လွှတ်တော်ကိုလည်းကောင်း၊အစိုးရကိုလည်းကောင်း ကြောက်စရာမလိုပဲ အသက် ၇၀ ပြည့်သည့် ၂၀၂၆ အထိရာထူးတွင်ရှိနေတော့မည်ဖြစ်သည် ။ တခုပဲရှိသည် ။ မြန်မာနိုင်ငံ၏တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်နေပြီဟု လက်ဆုပ်လက်ကိုင်ပြနိုင်ခဲ့လျှင် လွှတ်တော်သည် တရားစီရင်ရေးမဏ္ဍိုင်၏ အကြီးဆုံးပုဂ္ဂိုလ်အား  ဖွဲ.စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များနှင်.အညီစွပ်စွဲပြစ်တင်ခြင်းဆိုသော နည်းလမ်းကိုသုံးခွင့်ရှိလေ၏ ။ အခြားနည်းဖြင့်တရားစီရင်ရေးကိုဝင်ရောက်ထိန်းကျောင်းခွင့်ပေးမထားပေ ။ NLD အများစုလွမ်းမိုးထားသော လွှတ်တော်နှစ်ရပ်သည် တပ်မတော်ကပြောင်းရွှေ့ လာသော တရားသူကြီးချုပ်တယောက်အားစွပ်စွဲပြစ်တင်မှုပြုလုပ်ဝံ့လောက်အောင် လက်သွက်ခြေသွက်ဆောင်ရွက်လိမ့်မည်ဟူ၍လည်းမျှော်လင့်၍မရပေ ။ အဝေးမှအော်နေရုံအဆိုတင်ရုံမျှနှင့်ပဲပြီးသွားမည်ဟု ယူဆရပေသည် ။

ဤအခြေအနေအောက်တွင်မြန်မာတရားရုံးများနှင့်တရားသူကြီးများသည်ပျော်ပျော်ကြီးဆက်လက် လာဘ်စားနေနိုင်ခွင့်ကိုရရှိနေဦးမည်ဖြစ်သည် ။ ဖြစ်သင့်သည်ကား တရားစီရင်ရေးမဏ္ဍိုင်၏အကြီးအကဲဖြစ်သော ပြည်ထောင်စုတရားသူကြီးချုပ်သည် မိမိတာဝန်ကိုမိမိအပြည့်အ၀တာဝန်ယူလျှက် နာမည်ဆိုးဖြင့်ကျော်ကြားနေခဲ့ပြီးဖြစ်သော
မြန်မာတပြည်လုံးမှတရားရုံးများနှင့်တရားသူကြီးများ ၊ ဥပဒေ၀န်ထမ်းများကို ဥပဒေနှင့်အညီတင်းတင်းကြပ်ကြပ်စစ်ဆေးကိုင်တွယ်ဆောင်ရွက်ဖို့ ဖြစ်သည်။ထိုသို့ပြတ်ပြတ်သားသားကိုင်တွယ်ဆောင်ရွက်ရန်မှာ နောက်တောင်ကျနေပြီဖြစ်သည် ။သို့ သော် အင်္ဂလိပ်ဘာသာစကားတွင် Better late than never ( မလုပ်တာနဲ့စာရင်နောက်ကျတာကတော်ပါသေးတယ်)ဟူသောဆိုရိုးတခုလို မြန်မာနိုင်ငံအတွက်အရေးအကြီးဆုံးဖြစ်သော တရားစီရင်ရေးမဏ္ဍိုင်ဖြောင့်မတ်မှန်ကန်ရေးကို တိတိကျကျမှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်ဆောင်ရွက်သင့်ပြီဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)
စောင့်ကြည့် ( News Watch) ဂျာနယ်
၁၇.၂.၂၀၁၇

No comments:

Post a Comment