တောင်းရမ်းစားသောက်သူများနှင့် စေခိုင်းသူများကို ရှင်းလင်းမည်
မန္တလေး၊ ဖေဖော်ဝါရီ ၂၃
မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်ခြောက်ခုအတွင်း တောင်းရမ်းစားသောက် နေသူများနှင့် နောက်ကွယ်မှ ခိုင်းစေသူများကို မတ်လဆန်းပိုင်းကစ၍ စီမံချက်ဖြင့် ရှင်းလင်းမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရဲတပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာ ရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ သန့်ရှင်းရေးဌာနနှင့် နယ်မြေခံ ရဲတပ်ဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ရှင်းလင်းဖယ်ရှားမည် ဖြစ်ကြောင်း၊ လမ်းပေါ်တွင် တောင်းရမ်းစားသောက်သည့် ကလေးငယ်များ အပါအဝင် ပန်းရောင်းသည့် ကလေးငယ်များနှင့် လူကြီးများ အပါအဝင် ငွေကြေးဖြင့် နောက်ကွယ်မှ စေခိုင်းသူများကို ဖော်ထုတ်ဖမ်းဆီးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရဲတပ်ဖွဲ့မှ ရဲမှူး ငြိမ်းချမ်းအောင်က ပြောကြားသည်။
“အရင်ကလည်း လုပ်ခဲ့ဖူးတယ်။ နောက်ကွယ်ကနေ စေခိုင်းသူတွေကို ဖော်ထုတ်အရေးယူဖို့ကျတော့ အားနည်းခဲ့တယ်။ အခုတော့ စနစ်တကျ ဖော်ထုတ်အရေးယူမယ်” ဟု ၎င်းက ရှင်းပြသည်။
တိုးတက်များပြားလာသည့် မော်တော်ယာဉ်များကြောင့် တောင်းရမ်းစားသောက်သူများ အနေနှင့် ယာဉ်အန္တရာယ် ရှိနေကြောင်း၊ ကလေးသူငယ်များ တောင်းရမ်းစားသောက်နေမှုကြောင့် မြို့တော် သန့်ရှင်းသာယာလှပရေးအတွက် အကျည်းတန်စေကြောင်း၊ ယင်းကြောင့် စီမံချက်ဖြင့် ဖယ်ရှားရှင်းလင်းရခြင်း ဖြစ်ကြောင်း ရဲမှူး ငြိမ်းချမ်းအောင်က ပြောဆိုသည်။
စီမံချက်ချ ဆောင်ရွက်ရာတွင် တောင်းရမ်းသူများ အဓိက သွားလာတတ်သည့် လမ်းဆုံလမ်းခွ၊ မီးပွိုင့်နေရာများတွင် အဖွဲ့ပေါင်းစုံက စောင့်ကြည့်ဖမ်းဆီးသွားမည် ဖြစ်ပြီး ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို လူမှုဝန်ထမ်း ဦးစီးဌာနသို့ ပို့ဆောင်မည်ဖြစ်ကာ နောက်ကွယ်မှ စေခိုင်းသူများကို စည်ပင်သာယာရေး ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း လုပ်ငန်းစီမံချက်များအရ သိရသည်။
လမ်းပေါ်နေ ကလေးများနှင့် တောင်းရမ်းစားသောက်သည့် ကလေးများ လျော့နည်းပပျောက်ရေး စီမံချက်အရ အသိပညာပေး လုပ်ငန်းများကို စည်ပင်နယ်နိမိတ်အတွင်း ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ကစ၍ ပညာပေးကာလ သုံးလအဖြစ် လုပ်ဆောင်နေကြောင်း မန္တလေးတိုင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ အရာထမ်းတစ်ဦးက ပြောကြားသည်။
လူမှုဝန်ထမ်း ဦးစီးဌာနသို့ ရောက်ရှိလာသော လမ်းပေါ်နေ ကလေးများ၏ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများ ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများသို့ ပို့ဆောင်ပေးခြင်းများ လည်း ပြုလုပ်ပေးမည် ဖြစ်ကြောင်းလည်း ယင်းဦးစီးဌာနထံမှ သိရသည်။
The Voice
Friday, February 24, 2017
တောင်းရမ်းစားသောက်သူများနှင့် စေခိုင်းသူများကို ရှင်းလင်းမည်
တောင်းရမ်းစားသောက်သူများနှင့် စေခိုင်းသူများကို ရှင်းလင်းမည်
Reviewed by Ar Ti
on
7:11 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment