Latest News

Monday, February 20, 2017

ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုမှာ မြောက်ကိုရီးယားလက်ချက် ဖြစ်နိုင်ဟု တောင်ကိုရီးယား တရားဝင် မှတ်ချက်ပေး

ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုမှာ မြောက်ကိုရီးယားလက်ချက် ဖြစ်နိုင်ဟု

တောင်ကိုရီးယား တရားဝင် မှတ်ချက်ပေး


ကင်မ်ဂျုံအန်း၏ ဖအေတူ မအေကွဲအစ်ကို လုပ်ကြံခံရမှုတွင် မြောက်ကိုရီးယား အစိုးရ၏ စနက်မကင်းဟု ယုံကြည်ကြောင်း တောင်ကိုရီးယား အစိုးရက ပထမဆုံးအကြိမ် တရားဝင် မှတ်ချက်ပေးခဲ့သည်။

မြောက်ကိုရီးယား အာဏာရှင် ကင်မ်ဂျုံအန်းနှင့် ဆက်ဆံရေး အေးစက်မှုများ ရှိနေသည့် ကင်မ်ဂျုံနမ်မှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ လေဆိပ်တွင် ပြီးခဲ့သည့် သီတင်းပတ် အစောပိုင်းက အဆိပ်ဖြင့် လုပ်ကြံခြင်း ခံခဲ့ရသည်။ ကင်မ်ဂျုံနမ်သည် ယခင်ကလည်း မြောက်ကိုရီးယား အစိုးရအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်မှုများ ပြုလုပ်ခဲ့ဖူးသည်။ လုပ်ကြံမှု ဖြစ်စဉ်တွင် နိုင်ငံခြား အေးဂျင့်များက အမျိုးသမီး အချို့ကို TV အစီအစဉ်တစ်ခု ရိုက်ကူးသည်ဟု အယုံသွင်းကာ အသုံးချသွားခဲ့ကြောင်း ကနဦး စစ်ဆေးမှုများအရ ဖော်ထုတ် သိရှိထားသည်။

မလေးရှား ရဲတပ်ဖွဲ့သည် ယခုအခါ မြောက်ကိုရီးယား နိုင်ငံသားတစ်ဦးနှင့် အခြားလေးဦးကို ထိန်းသိမ်းထားကြောင်း အတည်ပြုခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယား အေးဂျင့်ဟု ယူဆရသူ နောက်ထပ် လေးဦးကိုလည်း ဖြန့်ကျက် ရှာဖွေနေကြောင်း သိရသည်။

တောင်ကိုရီးယား အစိုးရအဖွဲ့၏ ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းဆောင်ရွက်ရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးက “မြောက်ကိုရီးယား အစိုးရဟာ အခုဖြစ်စဉ်ရဲ့ နောက်ကွယ်ကနေ စီမံခန့်ခွဲနေတယ်လို့ ယုံကြည်ရပါတယ်။ သံသယရှိသူတွေထဲမှာ မြောက်ကိုရီးယား နိုင်ငံသား ငါးယောက်တောင် ပါရှိနေတာကြောင်ပါ”ဟု ပြောကြားခဲ့သည်။

မလေးရှား ရဲတပ်ဖွဲ့၏ ဒုတိယ အကြီးအကဲ နော်ရာရှစ်ဒ် အစ္စမေးလ်က ရီဂျီဟွန်၊ ဟွန်ဆွန်ဟက်၊ အိုဂျွန်ဂီလ်၊ ရီဂျေနမ်ဆိုသော မြောက်ကိုရီးယား နိုင်ငံသား လေးဦးကို ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်တွင် ကြေညာခဲ့သည်။ ၎င်းတို့သည် ဖေဖော်ဝါရီ ၁၃ ရက်က ဖြစ်ပွားသည့် ကင်မ်ဂျုံနမ် လုပ်ကြံမှုနှင့် ဆက်စပ်နေသည်ဟု ယုံကြည်ကြောင်း အစ္စမေးလ်က ဆိုသည်။

မလေးရှား ရဲတပ်ဖွဲ့သည် ကင်မ်ဂျုံနမ်၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးသည့် ရလဒ်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ အဆိပ်အမျိုးအစား ခွဲခြားစစ်ဆေးမှု အစီရင်ခံစာကို စောင့်ဆိုင်းရန်မှာ အချိန်နှစ်ပတ်မျှ ကြာမြင့်ဖွယ် ရှိကြောင်းလည်း ရဲတပ်ဖွဲ့က မှတ်ချက်ပေးထားသည်။ တစ်ဖက်တွင် မြောက်ကိုရီးယား အစိုးရက ၎င်းတို့ နိုင်ငံသား တစ်ဦးဖြစ်သောကြောင့် ကင်မ်ဂျုံနမ်၏ အလောင်းကို အမြန်ဆုံး ပြန်လည် လွှဲအပ်ပေးရန် မလေးရှားထံ တောင်းဆိုထားကြောင်း သိရသည်။

Ref: BBC


7Day News Journal

No comments:

Post a Comment