Latest News

Thursday, February 16, 2017

စည်ပင်သာယာရေး ကော်မတီ မှ ဖုန်စုပ်ယာဉ် ရောင်းချသည့် နိုင်ငံခြားကုမ္ပဏီကို အောင်ကမ္ဘာ ကုမ္ပဏီ တရားစွဲ

စည်ပင်သာယာရေး ကော်မတီ မှ ဖုန်စုပ်ယာဉ် ရောင်းချသည့် နိုင်ငံခြားကုမ္ပဏီကို အောင်ကမ္ဘာ ကုမ္ပဏီ တရားစွဲ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဈေးကြီးပေးဝယ်ခဲ့ရသည့် ဖုန်စုပ်ယာဉ် (သန့်ရှင်းရေးယာဉ်) များနှင့် ပတ်သက်၍ တင်သွင်းခဲ့သည့် ကုမ္ပဏီက ရောင်းချသည့် နိုင်ငံခြားကုမ္ပဏီကို တရားစွဲဆိုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံမှ တင်ဒါရရှိသည့် အောင်ကမ္ဘာ ကုမ္ပဏီသည် ဖုန်စုပ်ယာဉ်များကို ဂျာမနီနိုင်ငံ HAKO Group ထံမှ ဝယ်ယူတင်သွင်းရာတွင် တစ်စီးလျှင် ကျပ် သိန်း ၁၀၀၀ တန်ဖိုး ကျသင့်မှုအပေါ် မူရင်းနိုင်ငံ၏ တန်ဖိုးနှင့် ကွာဟနေသဖြင့် လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်မှုများ ရှိခဲ့သောကြောင့် စည်ပင်မှ စစ်ဆေးစိစစ်မှုများ ပြန်လည်ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“လက်ရှိ အောင်ကမ္ဘာ ကုမ္ပဏီက နိုင်ငံခြားဘက်က ကုမ္ပဏီကို ဒီလဒုတိယပတ်မှာ တရားစွဲဆိုထားတယ်လို့ စည်ပင်ကို အကြောင်းကြားထားပါတယ်” ဟု ဒေါ်လှိုင်မော်ဦးက ဆိုသည်။

ဂျာမနီနိုင်ငံ HAKO Group က တင်သွင်းသည့် ဖုန်စုပ်ယာဉ် အမျိုးအစားမှာ City Master 1250 ဖြစ်ပြီး အဆိုပါ ယာဉ်များကို ဇန်နဝါရီလတွင် တစ်စီးလျှင် ကျပ်သိန်း ၁၀၀၀ ခန့်ဖြင့် ခရိုင်လေးခုအတွက် လေးစီး တင်သွင်းခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

“နိုင်ငံခြားကုမ္ပဏီကို စာချုပ်ချုပ်တဲ့အပေါ် မူတည်ပြီး တရားစွဲလို့ ရပါတယ်။ ဂျာမနီနိုင်ငံမှာချုပ်ရင် ဂျာမနီနိုင်ငံမှာ တရားစွဲလို့ ရတယ်။ မြန်မာနိုင်ငံမှာချုပ်ရင် မြန်မာနိုင်ငံမှာ တရားစွဲလို့ရတယ်။ မြန်မာနိုင်ငံမှာ ခုလိုအဖြစ်တွေ အများကြီး ရှိပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးလှစိန် က ဆိုသည်။

အဆိုပါ သန့်ရှင်းရေးယာဉ် တစ်စီး၏ လုပ်ကိုင်နိုင်စွမ်းသည် လူ ၂၀၀ အသုံးပြုမှုနှင့် ညီမျှကြောင်း၊ သန့်ရှင်းရေးယာဉ်များသည် လမ်းပေါ်ရှိ အမှိုက်သရိုက် အမျိုးမျိုး၊ ပုလင်းနှင့် ဘူးအမျိုးမျိုး၊ ခဲလုံးများ၊ လမ်းများပေါ် တင်ကျန်နေသော ရေများကို စုပ်ယူသိမ်းဆည်းပေးသွားနိုင်မည် ဖြစ်သည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ခရိုင်လေးခုအတွက် သန့်ရှင်းရေး ပြုလုပ်ရန် ပြည်ပမှ မှာယူထားသည့် ယာဉ် ၁၁၄ စီး အနက် ခေတ်မီသန့်ရှင်းရေးယာဉ် (ဖုန်စုပ်ယာဉ်)လေးစီး၊ အမှိုက်သိမ်းယာဉ်ငယ် အစီး ၃၀၊ ယန္တရားရှစ်စီး စုစုပေါင်း ၄၂ စီး ရောက်ရှိလာပြီ ဖြစ်ပြီး နောက်ပိုင်းတွင် ခရိုင်တစ်ခုလျှင် ခေတ်မီသန့်ရှင်းရေးယာဉ် (ဖုန်စုပ်ယာဉ်) လေးစီး၊ စုစုပေါင်း ၁၆ စီး ဖြင့် သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

The Voice

No comments:

Post a Comment