Latest News

Wednesday, February 1, 2017

ပြည်သူ့အတွက် မျှော်လင့်ချက်

ပြည်သူ့အတွက် မျှော်လင့်ချက်


လူရယ်လို့ဖြစ်လာရင် မျှော်လင့်ချက်တွေ ကိုယ်စီရှိနေကြမှာ ဖြစ်ပါတယ်။ မျှော်လင့်ချက် မဲ့နေသူတွေဟာ အသက်ရှင်နေပေမယ့် ဘ၀သေနေကြသူများပဲ ဖြစ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ပြည်သူအများစုဟာ မျှော်လင့်ချက်တွေ ကိုယ်စီ ရှိနေကြပေမယ့် မျှော်လင့်ထားသလို ဖြစ်မလာတဲ့အကြောင်း တရားတွေ များလာတဲ့အခါ ဘ၀သေနေသူတွေ ဖြစ်သွားနိုင်ကြပါတယ်။ နေ့စဉ်မြင်တွေ့၊ ကြားသိနေကြရတဲ့ မိမိကိုယ်မိမိ အဆုံးစီရင်နေမှုတွေ၊ မိသားစုလိုက် သေကြောင်း ကြံစည်နေမှုတွေ အပါအ၀င် မဖြစ်သင့် မဖြစ်ထိုက်တဲ့ အမှုအခင်းတွေ များလာနေခြင်းဟာ မျှော်လင့်သလို ဖြစ်မလာသေးဘဲ ယနေ့ခေတ် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အနေအထား တစ်ရပ်ကို မီးမောင်းထိုးပြနေခြင်း ဖြစ်ပါတယ်။

ယနေ့ အချိန်အခါဟာ အခြေခံလူတန်းစား ပြည်သူတွေရဲ့ ဘ၀မျှော်လင့်ချက်တွေကို နားစွင့်ကြဖို့ အထူးလိုအပ်လှပါတယ်။ တပိုင်တနိုင် စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ လခစား ၀န်ထမ်းတွေ အပါအ၀င် လူလတ်တန်းစားတွေတောင် စားဝတ်နေရေး အရေးသုံးပါးအတွက် အကျပ်အတည်း အခက်အခဲ ဖြစ်နေကြတာ အရှိတရားများ ဖြစ်ပါတယ်။ နယ်ပယ်အသီးသီးမှာ ငွေရှာရတာ ခက်ခဲနေသလို လူသုံးကုန်ပစ္စည်းတွေ၊ အခြေခံ စားသောက်ကုန်ပစ္စည်း ဈေးနှုန်းတွေ အကျဘက်ထက် နေ့စဉ်အတက်ဘက်ကို ဦးတည်နေပြီး အလုပ်အကိုင် အခွင့်အလမ်းက မျှော်လင့်ထားသလို၊ ဖြစ်မလာသေးတဲ့ အချက်တွေက စားဝတ်နေရေး ကျပ်တည်းမှုရဲ့ အဓိက အကြောင်းတရားများပဲ ဖြစ်ပါတယ်။

အလုပ်အကိုင်နဲ့ နေမှုထိုင်မှုအတွက် ပူပင်စရာမလိုတဲ့ လူတန်းစားတွေတောင် စားဝတ်နေရေး အခက်အခဲတွေကို ခက်ခဲစွာ ဖြေရှင်းနေရချိန်မှာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံ လူတန်းစား ဘ၀များစွာရဲ့ နေ့စဉ် စားဝတ်နေရေး ခက်ခဲမှုကို စာနာ နားလည်ပေးရေးထက် တာဝန်ရှိ အဖွဲ့အစည်း အဆင့်ဆင့်က မျက်ခြည်မပြတ်ဘဲ ထဲထဲဝင်ဝင် လက်တွေ့ ကူညီဖြေရှင်းပေးသွားဖို့ လိုပါတယ်။ အခြေခံ လူတန်းစား အများစု (လယ်သမား၊ ယာသမားတွေ အပါအ၀င်) ဟာ အစိုးရ အသစ်အပေါ် သူတို့ဘ၀တွေ အပြောင်းအလဲအတွက် မျှော်လင့်ချက်တွေ များစွာထားရှိခဲ့ကြတာပါ။ မျှော်လင့်ထားသလို ဖြစ်မလာသေးတဲ့ အခြေခံ လူတန်းစား ဘ၀များစွာနဲ့ လယ်သမား ယာသမားတွေရဲ့ လက်ရှိခံစားနေရတဲ့ အခက်အခဲ အကျပ်အတည်းတွေဟာ အပြောင်းအလဲ တစ်ရပ်ကို ပုံဖော်နေတဲ့ အစိုးရရဲ့ လိုအပ်ချက် အားနည်းချက်တွေ ရှိနေသေးတယ်ဆိုတဲ့ အချက်ကို ဖော်ညွှန်းပြသနေတာ ဖြစ်ပါတယ်။

အခြေခံ လူတန်းစားတွေရဲ့ ဘ၀မျှော်လင့်ချက်တွေကို ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့အစိုးရနဲ့ ပြည်သူ့ ကိုယ်စားလှယ်တော်တွေ အသိဆုံးပဲ ဖြစ်ပါတယ်။ စာရေးသူတို့ ပြည်သူတွေဟာ ရောင့်ရဲတင်းတိမ်မှု ရှိတဲ့အပြင် နားလည်သည်းခံ ခွင့်လွှတ်မှုတွေ များစွာထားနိုင်ကြသူတွေ ဖြစ်ကြပါတယ်။ တော်ရုံတန်ရုံ အခက်အခဲ အကျပ်အတည်းတွေကို ခါးစည်းခံပြီး ရင်ဆိုင်ကျော်ဖြတ်ရဲတဲ့ သူတွေပါ။ ပြည်သူတွေရဲ့ နားလည်သည်းခံ ခွင့်လွှတ်မှု တင်းတိမ် ရောင့်ရဲမှုတွေအပေါ် တာဝန်ရှိ အဖွဲ့အစည်းတွေ အနေနဲ့ အလေးအနက် ထားပေးကြဖို့ လိုပါလိမ့်မယ်။ နိုင်ငံတော်နဲ့ အများပြည်သူ ရေရှည်ကောင်းစားရေး စီမံချက်၊ စီမံကိန်းတွေဟာ စားဝတ်နေရေး အခက်အခဲတွေ့နေတဲ့ အခြေခံ လူတန်းစား၊ လက်လုပ်လက်စား မိသားစုတွေရဲ့ဘ၀မျှော်လင့်ချက်တွေကို မပျက်သုဉ်းသွားစေရေး ဂရုပြုကာ အလေးထား ဆောင်ရွက်ပေးသွားဖို့ လိုပါတယ်။

ကုမ္ပဏီပိုင်ရှင်အစ လမ်းဘေး ဈေးသည်အဆုံး လူတိုင်းမှာ မျှော်လင့်ချက်ကိုယ်စီ ရှိနေကြမှာပါ။ ကိုယ့်မိသားစု ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေး၊ လူမှုရေးအဆုံး အကောင်းဆုံးကို မျှော်လင့်တာချင်း တူနိုင်ပေမယ့် အခြေအနေပေးချင်းတော့ ကွာခြားနေကြတာ ဖြစ်ပါတယ်။ ကုမ္ပဏီပိုင်ရှင် တစ်ဦးအတွက် သင်္ဘောတစ်စင်း နစ်မြုပ်သွားတာ အကြောင်း မဟုတ်ပေမယ့် လယ်မဲ့ယာမဲ့၊ အလုပ်လက်မဲ့ ဖြစ်သွားသူတွေ ဖြစ်နေသူတွေ နေရာပျောက်သွားကြတဲ့ လမ်းဘေး ဈေးသည်တွေ (ယနေ့အချိန်အထိ နေရာမရသေးသူတွေ) အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ၀န်ထမ်းတွေ၊ အလုပ်အကိုင် မယ်မယ်ရရ မရှိသေးတဲ့ ပြည်သူတွေအတွက် မျှော်လင့်ချက်တွေ မပျောက်ဆုံးသွားဘဲ ရှင်သန်နေဖို့ လိုပါတယ်။

မိသားစု စားဝတ်နေရေးကို ထီရောင်းပြီး ဖြေရှင်းနေတဲ့ မိတ်ဆွေတစ်ဦးက အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး သတင်းဂျာနယ်တွေမှာ အကောင်းဘက်တွေကို ဦးတည်နေတာတွေများကြောင်း၊ အကောင်းအဆိုးတွေကို မျှမျှတတရေးဖို့ လိုအပ်ကြောင်း လက်ရှိမြေပြင် အခြေအနေမှာ ဖြစ်ပေါ်နေတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ထားတဲ့၊ စီးပွားရေး၊ လူမှုရေး၊ အခြေအနေမှန်ကိုသိမှ ပြောင်းလဲမှုဟာ ရှေ့ဆက် လှမ်းနိုင်မှာဖြစ်ကြောင်း ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ တာဝန်ရှိသူတွေရဲ့ ဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်တွေ၊ ယူဆချက်တွေဟာ တစ်ထပ်တည်းကျဖို့ လိုကြောင်း၊ လမ်းဘေးဈေးသည် စီမံချက်နှင့် လမ်းပိတ်ဆို့မှုတွေ၊ ယာဉ်ကြော ပိတ်ဆို့မှုတွေ ပြေလည်သွားတယ် ဆိုပေမယ့် ရန်ကုန်မြို့တွင်းမှာ ည ၇ နာရီခွဲလောက်ဆိုရင် လူသူမရှိသလောက် ဖြစ်သွားကြောင်း ပြောပြခဲ့ပါတယ်။

“အစိုးရအနေနဲ့ အားလုံး ကျေနပ်မှုရအောင် ကြိုးစားမည်ဖြစ်ပြီး ပြည်သူများအနေနဲ့ သည်းခံသင့်သည့် နေရာတွင် သည်းခံကာ သည်းခံမသင့်သည့် နေရာတွင် မသည်းခံနှင့်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာ ရှိပါတယ်။ ကုန်ဈေးနှုန်း မြင့်မားမှုကနေ စားဝတ်နေရေး ကျပ်တည်းလာမှုတွေကြောင့် တစ်ဦးနှင့်တစ်ဦး သည်းခံခွင့်လွှတ်စိတ်တွေ နည်းပါးကာ ဥပဒေမဲ့ ကျူးလွန်လာတဲ့ အမှုအခင်း ပေါများနေမှုတွေဟာ လာခြင်းကောင်းသော အနေအထားတွေ မဟုတ်ပါဘူး။ ထို့အတူပါပဲ။ စာရေးသူတို့နိုင်ငံမှာ အခြေခံလူတန်းစား၊ လယ်သမား၊ ယာသမားတွေဟာလည်း သူတို့မျှော်မှန်းထားတဲ့ စပါးဈေး၊ ပဲဈေးနှုန်းနှင့် သွင်းအားစုတွေ မညီမျှမှုကြောင့် လယ်ယာမြေအပေါ် မှီခိုအားထားတဲ့ သည်းခံတဲ့စိတ်တွေ ကုန်ခန်းလာတာ အရှိတရားများပဲ ဖြစ်ပါတယ်။ လယ်သမား တိုင်းပြည်လို့ ဆိုထားပေမယ့် လယ်ယာမြေအပေါ် စိတ်ကုန်နေကြတဲ့ လယ်သမားတွေရဲ့ မျှော်လင့်ချက်တွေ ရှင်သန်အောင် ဆောင်ကြဉ်း မပေးနိုင်ရင်တော့ လယ်ယာမြေကို ကျောခိုင်း စွန့်ခွာသူတွေ ပိုများလာမှာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ နိုင်ငံရဲ့စစ်မှန်တဲ့ အပြောင်းအလဲ တစ်ရပ်အတွက် အစိုးရသစ်ဟာ ကိုယ်စွမ်းရှိသရွေ့ ကြိုးပမ်းအားထုတ်နေတယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာမရှိပါဘူး။ ဒါပေမဲ့ အခြေအနေ အချိန်အခါအရ စီးပွားရေး၊ လူမှုရေး အကျပ်အတည်း တွေ့နေကြတဲ့ အခြေခံ လူတန်းစားတွေရဲ့ ဘ၀တွေအပေါ် မက်လုံးပေးပြီး နိုင်ငံရေး အမြတ်ထုတ်လိုကြတဲ့ နိုင်ငံရေး စားဖားကြီးတွေရဲ့ ခြေလှမ်းတွေကို မျက်ခြည်မပြတ်ကြဖို့ လိုပါတယ်။ စားဝတ်နေရေး ကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ တရားဥပဒေ စိုးမိုးမှု၊ ရိုဟင်ဂျာ ပြဿနာ၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ ပြဿနာတွေဟာ ယခုမှပေါ်ပေါက်လာတဲ့ ပြဿနာ အသစ်အဆန်းတွေ မဟုတ်ပါဘူး။ ကိုယ်ယိုခဲ့တဲ့ချေး၊ ဘယ်သူ့ချေးလဲ နံလိုက်တာ ဆိုသူတွေ နိုင်ငံနဲ့လူမျိုးအပေါ် ရှက်တတ်ကြဖို့ လိုပါတယ်။ အစိုးရသစ် အနေနဲ့လည်း အခြေခံလူတန်းစား ပြည်သူတွေ နားမယောင်သွားအောင် အဓိကကျတဲ့ ကုန်ဈေးနှုန်းနဲ့ လူမှုစီးပွား အကျပ်အတည်းတွေကို အချိန်နဲ့တပြေးညီ ထောက်ကွက်ဟာကွက် မရှိအောင် ကြပ်ကြပ်မတ်မတ် ကိုင်တွယ် ဖြေရှင်းပေးဖို့ လိုနေပြီဖြစ်ပါတယ်။

ပြည်သူတွေဟာ ခေတ်အဆက်ဆက် မျှော်လင့်ချက်မဲ့ခဲ့တဲ့ ဘ၀ကနေ ယနေ့အချိန်မှာ မျှော်လင့်ချက် ရောင်ခြည်နဲ့အတူ မိမိတို့၏ အနာဂတ်ကို ပုံဖော်နိုင်စွမ်း ရှိနေကြပြီ ဖြစ်ပါတယ်။ မျှော်လင့်ချက်မဲ့နေတဲ့ ခေတ်ဆိုး စနစ်ဆိုးတွေကို ဘယ်သူမှ ပြန်သွားချင်မှာ မဟုတ်ပါဘူး။ နယ်ပယ်အသီးသီးမှာ ကြီးနိုင်ငယ်ညှဉ်း ငွေများတရားနိုင် အာဏာရှိရင် အားလုံးပိုင်ဆိုတဲ့ စနစ်တစ်ရပ်ကို ကျွန်တော်တို့ ပြည်သူတွေ ရှေ့ဆက်ပြီး အမြစ်ပြတ်အောင်  ဆက်လက် ချေမှုန်းသွားနိုင်မှသာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ရှင်သန်လာနိုင်မှာ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် ပြည်သူတွေရဲ့ အနာဂတ်နှင့် မျှော်လင့်ချက်တွေကို ရိုက်ချိုးဖျက်ဆီးသူတွေရဲ့ ထောင်ချောက်တွင်းသို့ အခြေခံ လူတန်းစားတွေ ကျရောက် မသက်ဆင်းသွားစေဖို့ အထူးအလေးနက် ဆောင်ရွက်သွားကြဖို့ လိုသလို ပြည်သူတွေရဲ့ မျှော်လင့်ချက် အမြဲရှင်သန် နိုင်စေရေးအတွက် အစိုးရတစ်ရပ် အနေနဲ့ ကိုယ်ဖိရင်ဖို အင်တိုက်အားတိုက် ဆောင်ရွက်ပေးသွားဖို့ လိုအပ်ကြောင်း ရေးသားလိုက်ရပါတယ်။

Writer:
ကိုသိန်း (ကျောက်ကြီး)

===========
Eleven Media Group

No comments:

Post a Comment