ပြည်ထောင်စုငြိမ်းချမ်းရေးခရီးပန်းတိုင်နှင့် နီးပြီလား
ပြည်ထောင်စုငြိမ်းချမ်းရေးခရီးဟာ ခရီးရှည်ကြီးပါ။ ငြိမ်းချမ်းရေးခရီးရှည်ချီတက်ပွဲလို့တောင် ဆိုရမယ် ထင်ပါတယ်။ အဲဒီခရီးရှည်ကြီးကို စီမံခန့်ခွဲ၊ ပြင်ဆင်တဲ့ နေရာမှာ ထိရောက်အလုပ်ဖြစ်လေလေ၊ ငြိမ်းချမ်းရေးပန်းတိုင်နဲ့ နီးကပ်လေလေဖြစ်နိုင်ပါတယ်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလိုပါပဲ။ အားကောင်းမောင်း သန်အစပြုနိုင်ဖို့ ဦးစားပေးဖော် ဆောင်သင့်တာပါ။ အပြောတစ် မျိုး၊ အလုပ်တစ်မျိုးတွေကြောင့် မငြိမ်းချမ်းတဲ့ ပြည်တွင်းစစ်လမ်း ပေါ်ကနေ ရုန်းမထွက်နိုင်ကြတာ ပါ။ ပြည်ထောင်စုငြိမ်းချမ်းရေး ခရီးက ပန်းတိုင်နဲ့ နီးမှ ဖြစ်မှာပါ။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ၊ ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၁၇ ဖေဖော်ဝါရီလကုန်ပိုင်း၊ အတည်မပြုနိုင်တဲ့ သတင်းတွေအရတော့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ကျင်းပမယ်လို့ ကြားသိရပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ၊ ပထမအစည်းအဝေးကို ၂၀၁၆ သြဂုတ် ၃၁ ရက်မှာစတင် ကျင်းပခဲ့တာပါ။ ပထမအကြိမ်အစည်းအဝေးတုန်းက အားနည်းချက်တွေ၊ လိုအပ်ချက်တွေ၊ စိန်ခေါ်ချက်တွေကို လာမယ့် ဒုတိယအစည်းအဝေးမတိုင်ခင် ပြင်ဆင်နိုင်ဖို့ အားထုတ်လာလိမ့်မယ်လို့ ထင်မြင်မိပါတယ်။ အခုကျင်းပမယ့် ဒုတိယအကြိမ်အစည်းအဝေးတွေက ပထမအကြိမ်အစည်းအဝေးနဲ့ ထူးမခြားနားဆိုရင်တော့ အပြောအဆိုခံရနိုင်ပါတယ်။
လာမယ့် (၂၁) ရာစုပင်လုံ- ဒုတိယအစည်းအဝေးမှာ အင်န်စီ အေစာချုပ်ကိစ္စ၊ အင်န်စီအေစာ ချုပ်မှာပါတဲ့ နိုင်ငံရေးလမ်းပြမြေ ပုံကိစ္စ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင် ရာမူဘောင်ကိစ္စနဲ့ အင်န်စီအေကို လက်မှတ်မထိုးရသေးတဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကိစ္စတွေဟာ ခေါင်းခဲစရာတွေဖြစ် လာနိုင်ပါတယ်။ ကိစ္စတစ်ခုချင်းစီ အလိုက် အားနည်းချက်တွေ၊ အားသာချက်တွေ၊ အခွင့်အလမ်းတွေ နဲ့ ဘေးအန္တရာယ်တွေကို စနစ်တ ကျချဉ်းကပ်သုံးသပ်နိုင်ဖို့ လိုအပ် ပါတယ်။ သတင်းအချက်အလက် တွေ၊ နောက်ခံအကြောင်းတွေကို ပြည့်ပြည့်စုံစုံ၊ မှန်မှန်ကန်ကန်ရရှိ နိုင်မှသာ အဲဒီလိုသုံးသပ်၊ ဆုံးဖြတ်တဲ့ နေရာမှာ အတိမ်းအစောင်း နည်းမှာ ဖြစ်ပါတယ်။ ပြင်ဆင်တဲ့ နေရာမှာ အတိမ်းအစောင်းနည်း နိုင်သမျှနည်းမှလည်း နောက်အစည်းအဝေးတွေဟာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် အား ကိုးအားထားပြုလောက်စရာ ဖြစ်လာမှာပါ။
အင်န်စီအေစာချုပ်ကိစ္စနဲ့ ပတ်သက်ရင် လက်မှတ်မထိုးရ သေးတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေအနေနဲ့ ပြင်ဆင်လို တဲ့အချက်အချို့ကို အဆိုပြုထား ပါတယ်။ ဆွေးနွေးတာတွေလည်း လုပ်ခဲ့ပါတယ်။ နိုင်ငံရေးအရတွေ့ ဆုံဆွေးနွေးအဖြေရှာတဲ့ နည်းနာ ကိုကိုင်စွဲထားရင် နှစ်ဖက်သဘောတူတဲ့ အဖြေရောက်တဲ့အထိ မျက် နှာစုံညီတွေ့ဆုံနိုင်ဖို့ လိုပါတယ်။
နိုင်ငံရေးစားပွဲဝိုင်းဆွေးနွေး ပွဲမှာ အဖြေရှာမယ်ဆိုတဲ့ ထုံးကို နှလုံးမူထားရင် ဘယ်လောက်ကြီး မားတဲ့ စိန်ခေါ်မှုပဲဖြစ်ဖြစ်၊ အကျပ်အတည်းပဲဖြစ်ဖြစ် တွေ့ဆုံဆွေး နွေးအဖြေရှာ နိုင်ရမယ်ထင်ပါ တယ်။ နေရာစုံထောင့်စုံကအသံ ဗလံပေါင်းစုံကို အချိန်ပေးနား ထောင်နိုင်ဖို့လည်း လိုမယ်ထင်ပါ တယ်။ ဘယ်စာချုပ်၊ ဘယ်သ ဘောတူညီချက်ဖြစ်ဖြစ်၊ အချိန်နဲ့ တစ်ပြေးညီညှိနှိုင်းပြင်ဆင်ရလေ့ ရှိတဲ့ သဘောသဘာဝကိုလည်း လက်သင့်ခံဖို့ လိုပါတယ်။ ဒီမိုက ရေစီခရီးမှာ လှေနံဓားထစ်ထုံး တွေဟာ အသုံးတည့်လေ့မရှိဘူး ဆိုတာ နှလုံးသွင်းဖို့ လိုပါတယ်။
အင်န်စီအေစာချုပ်မှာပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံကိစ္စကလည်းသိပ်မွေ့ပါတယ်။ သမ္မတဦးသိန်း စိန်အစိုးရခေတ်တုန်းက အင်န်စီ အေစာချုပ်မှာပါတဲ့ နိုင်ငံရေးလမ်း ပြမြေပုံကိုလိုသလို အဓိပ္ပာယ်ဖွင့် ဆိုခဲ့ပြီး လိုသလိုလုပ်ခဲ့တယ်လို့ မှတ်ယူစရာတွေရှိနေခဲ့ပါတယ်။ နိုင်ငံရေးလမ်းပြမြေပုံဆိုတဲ့အတိုင်း အဆင့် လိုက်အကောင်အထည် ဖော်ရပါမယ်။ သမ္မတဦးထင် ကျော်နဲ့ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ဦးဆောင်တဲ့ အစိုးရဟာ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက် ရင် အရင်အစိုးရတုန်းက အလွဲ အချော်လေးတွေကို ဆက်အမွေ ခံနေသလို မြင်နေတွေ့နေရပါ တယ်။ နိုင်ငံရေးလမ်းပြမြေပုံကို ကျေကျေညက်ညက် သဘော ပေါက်ထားနိုင်ဖို့ လိုအပ်ပါတယ်။ တကယ်တော့ အစိုးရသစ်ဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် ကိုယ့်မူ၊ ကိုယ့်ဟိတ်ကိုယ့်ဟန်နဲ့ ကိုယ့် လမ်းကိုယ်လျှောက်ကာ တည်တည်ငြိမ်ငြိမ်၊ ဟန်ကျပန်ကျအလုပ်လုပ်နိုင်ဖို့ လိုအပ်နေဆဲလို့ မြင်မိပါတယ်။
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စကတော့ အတော့်ကိုခေါင်းခဲစရာဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရကနေ ရေးဆွဲခဲ့ တဲ့ မူဘောင်ကို ပြန်သုံးသပ်၊ ပြင် ဆင်နေတယ်လို့တော့ ကြားသိရ ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- (၂၁) ရာစုပင်လုံ၊ ပထမအကြိမ်အစည်းအဝေးမ တိုင်ခင်ကတည်းက နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ဆွေးနွေးပြင်ဆင်နေတာ အခုထိ လက်စ မသတ်နိုင်သေးဘူးလို့ ထင်မိပါ တယ်။ ပထမအကြိမ်အစည်းအ ဝေးကို အရင်အစိုးရရဲ့ မူဘောင် အတိုင်းလုပ်ခဲ့တာလားဆိုတာက လည်း မသဲကွဲပါဘူး။ အခု ဒုတိယအကြိမ်အစည်းအဝေးကို ဘယ်မူ ဘောင်နဲ့ လုပ်မလဲဆိုတာ လည်းဝိုး တိုးဝါးတားဖြစ်နေဆဲပါ။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အ ဟောင်းကို ပြန်သုံးသပ်၊ ပြင်ဆင် နေတယ်လို့ ကြားနေရပေမယ့်လည်း မူဘောင်အသစ်ကိုတော့ အခု ထက်ထိလုံးဝမမြင်၊ မကြား၊ မ တွေ့ရသေးတာဟာလည်း အားမရစရာအခင်းအကျင်းတစ်ခုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
နိုင်ငံရေးဆွေးနွေးမူဆိုင်ရာ မူဘောင်ဆိုတာ သံလိုက်အိမ် မြှောင်လိုပါ။ ကမ်းမမြင်လမ်းမ မြင် ပင်လယ်ပြင်ထဲ ရွက်လွှင့်ရင် သံလိုက်အိမ်မြှောင်အရေးကြီးသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မှာလည်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်က သော့ချက်ကျပါ တယ်။ ကိုယ်စားလှယ်ဦးရေ အချိုးအစားသတ်မှတ်တာ၊ ကိုယ် စားလှယ်ရွေးချယ်တာကအစ ဆွေးနွေးပွဲတွေမှာ အဆုံးအဖြတ် လုပ်တာ အဆုံး အကုန်လုံးဟာမူ ဘောင်ထဲမှာ အကျုံးဝင်နေတာ ပါ။ မူဘောင်က ဘယ်အခြေအနေ ရောက်နေပြီလဲဆိုတာ။ လိုတိုးပို လျှော့တွေ ဘယ်လိုလုပ်တယ်ဆို တာ ဂဃဏနသိဖို့ လိုပါတယ်။ မူဘောင်မရှိဘဲ တကယ်အလုပ် ဖြစ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကို ပုံဖော်ဖို့ဆိုတာ ဘယ်လိုနည်း နဲ့မှ ဖြစ်နိုင်ခြေမရှိပါ။
အင်န်စီအေစာချုပ်ကို လက် မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိစ္စက လည်း အင်မတန်သိမ်မွေ့ ခက်ခဲ နက်နဲတဲ့ စိန်ခေါ်မှုလို့ ပြောရမှာ ဖြစ်ပါတယ်။ အစိုးရနဲ့ တပ်မတော်က လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အင်န်စီအေစာချုပ်လက်မှတ်ထိုးဖို့ ကရားရေလွှတ်ပြောနေတာထက် အင်န်စီအေစာချုပ်လက် မှတ်ရေးထိုးနိုင်မယ့် ပတ်ဝန်းကျင် ကောင်းတစ်ခုကို အစိုးရ၊ တပ်မ တော်နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေအကြား ဆွေးနွေး ညှိနှိုင်း ထူထောင်နိုင်ဖို့ လိုအပ်ပါ တယ်။ ယုံကြည်မှုတွေ၊ နားလည် မှုတွေ တည်ဆောက်နေရဆဲညီ အစ်ကိုမသိတသိ ၀ိုးတိုးဝါးတား ကာလမှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေကို အင်န်စီအေစာချုပ်လက်မှတ်ထိုးဖို့ပဲ ပြောနေတာဟာ ရေရှည်မှာ အ ကျပ်ကိုင်သလို၊ ဖိအားပေးသလို ဖြစ်လာရင် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဟာ ပိုခဲယဉ်း၊ ပိုရှုပ်ထွေးသွား မှာကို စိုးရိမ်မိပါတယ်။ တရားသေအမြင်သဘောတွေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ ငြိမ်း ချမ်းရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ ယုံကြည်မှုရရှိရေးစတာ တွေနဲ့ ဆက်စပ်တဲ့ မူဝါဒတွေ၊ လမ်းစဉ်တွေ၊ လုပ်ငန်းစဉ်တွေကို ပုံဖော်တဲ့နေရာမှာ အမြော်အမြင် ကြီးဖို့၊ ပြောင်းလွယ်ပြင်လွယ်ဖို့ အားလုံးသဘောတူနိုင်မယ့် လမ်းကိုရွေးထုတ်နိုင်ဖို့ ဆိုတာတွေက အတော့်ကို အရေးကြီးတာပါ။
တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agree-ment-NCA) ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်လက်မှတ်မရေးထိုး နိုင်သေးတာ၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာတစ်နိုင်ငံလုံးမှာ ပစ်ခတ်တိုက်ခိုက် တာတွေ ရပ်စဲအောင်မလုပ်နိုင် သေးတာတွေက တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (အင်န်စီအေ)ကို သရော်နေသလို ဖြစ်နေပါတယ်။ တကယ် တော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုတွေ အမြန်ဆုံးရပ်စဲဖို့ကို အစိုးရနဲ့ တပ်မတော်က တစ်ဖက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေက တစ်ဖက်အကြိတ်အနယ် ဆွေးနွေးအဖြေရှာသင့်တာပါ။ သဘောတူညီိချက်ရတဲ့အထိ မ ရပ်မနား တရစပ်ဆွေးနွေးအဖြေ ရှာသင့်တာပါ။
သမိုင်းခြေရာကို ပြန်ကောက်ရရင် အင်န်စီအေစာချုပ်ရဲ့ အပိုဒ် ၂၁ (ဂ) မှာ နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲတွေကို စာချုပ်လက်မှတ် ရေးထိုးပြီး ရက်ပေါင်း ၉၀ အတွင်း စတင်လုပ်ဆောင်ရမယ်လို့ ဆို ထားပါတယ်။ အဲဒီမှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲလို့ပဲ ပြောထား တာပါ။ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံခေါ်ယူကျင်းပရမယ်လို့ ဖော်ပြ ထားတာမဟုတ်ပါ။ နောက် အင်န် စီအေစာချုပ်ရဲ့ အခန်း (၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာအာမခံချက် များ အပိုဒ် ၂၀ (ခ) မှာ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ရေးဆွဲသဘောတူညီမှုရယူရမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီမူဘောင်ရေးဆွဲအပြီးမှာ အပိုဒ် ၂၀ (ဂ) အရ အမျိုးသားအဆင့်နိုင်ငံရေးဆွေး နွေးပွဲတွေ ကျင်းပရမှာ ဖြစ်ပါ တယ်။ လုံခြုံရေးဆိုင်ရာပြန်လည် ပေါင်းစည်းခြင်းကိစ္စရပ်တွေ၊ လုပ်ငန်းစဉ်တွေကိုလည်း ညှိနှိုင်းဆွေး နွေး ကြိုတင်သဘောတူညီချက် တွေရယူရမှာ ဖြစ်ပါတယ်။ ပြော ချင်တာက အင်န်စီအေစာချုပ်အရ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေပြီးမှ အပိုဒ် ၂၀ (ဃ) အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရမှာ ဖြစ်ပါတယ်။ အဲဒါဟာ အင်န်စီအေစာချုပ်ထဲမှာပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံရဲ့ အစိတ်အပိုင်းလည်းဖြစ်၊ အစီအစဉ်ဇယားလည်း ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတအပါအ ၀င် အစိုးရကိုယ်စားလှယ်တွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း ရှစ်ဖွဲ့ရဲ့ ကိုယ်စားလှယ် တွေဟာ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်မှာ ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂအပါအ၀င် နိုင်ငံတကာအ သိသက်တွေရှေ့မှောက်မှာ ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများအကြားချုပ်ဆိုသည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (Nationwide Ceasefire Agreement-NCA) ကို လက် မှတ်ရေးထိုးခဲ့ကြပါတယ်။ ၂၀၁၅ ဒီဇင်ဘာ ၈ ရက်မှာတော့ ပြည် ထောင်စုလွှတ်တော်က တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အင်န်စီအေစာချုပ်)ကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။
အင်န်စီအေစာချုပ်ကို လက် မှတ် ရေးထိုးပြီးတဲ့နောက်မှာ သမ္မတ ဦးသိန်းစိန်အစိုးရဟာ ရက် ၉၀ အတွင်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေလုပ်ရမယ်ဆိုတဲ့ နေရာ မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံကို ကျင်းပခဲ့ပါတယ်။ အင်န်စီအေစာချုပ်အရ အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို အရင်လုပ်ရမှာပါ။ အဲဒီအဆင့်ကို ခုန်ပျံကျော်လွှားကာ ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံကျင်းပခဲ့ တာဟာ တကယ်တမ်းပြောမယ် ဆိုရင် အင်န်စီအေစာချုပ်မှာပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံရဲ့ အစီအ စဉ်အတိုင်းမသွားခဲ့ဘူးလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ တကယ်စလုပ် ရမှာက အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲတွေပါ။
၂၀၁၅ ခုနှစ် ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစိုးရအဖွဲ့လက်ထက်မှာလည်း သမ္မတဦးသိန်းစိန် အစိုးရလက် ထက်တုန်းကလွဲခဲ့တဲ့ အမှားတွေ ကို ပြန်မပြင်ဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကိုနောက် တစ်ကြိမ် ထပ်မံခေါ်ယူကျင်းပ ကာ အမှားပေါ်အမှားထပ်ဆင့်ခဲ့ တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ နောက်နိုင်ငံရေးဆွေးနွေးမှုဆိုင် ရာမူဘောင်နဲ့ ပတ်သက်လို့ မပြီး မပြတ်သေးတဲ့ လက်စမသတ်ရ သေးတဲ့အချိန်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံကို ခေါ်ယူကျင်းခဲ့တာကလည်းအဆီအငေါ့မတည့်သလို ဖြစ်နေပါတယ်။ အဲဒါကြောင့် စာတမ်းဖတ်ပွဲလိုဖြစ်ခဲ့ကာ နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ ဝေါဟာရနဲ့ အတော်အလှမ်းဝေးနေသလို ဖြစ်နေခဲ့ပါတယ်။
လာမယ့်ဖေဖော်ဝါရီလကုန် မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံ - (၂၁) ရာစုပင်လုံ၊ ဒုတိယအကြိမ်အစည်းအဝေးတွေကို ထပ်ကျင်းပဦးမယ်လို့ အသံဗလံတွေ ကြားနေရပါတယ်။ အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေ ကို နေရာအနှံ့လုပ်နိုင်ဖို့က ပိုအ ရေးကြီးတယ်လို့ မြင်ပါတယ်။ နိုင် ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ကို အရင်လက်စသတ်ဖို့လည်း လိုပါလိမ့်မယ်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေအားလုံးဟာ အင်န်စီအေစာချုပ်ကို ယုံယုံကြည် ကြည်လက်မှတ်ရေးထိုးပြီးနေဖို့ လည်း မဖြစ်မနေလိုအပ်ပါတယ်။ အင်န်စီအေစာချုပ်ကို လက်မှတ် ရေးထိုးဖို့ကိုလည်း ဆွေးနွေးအဖြေရှာသင့်တာပါ။ အင်န်စီအေစာချုပ်ပါပြဋ္ဌာန်းချက်အရ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေဖြစ်ကိုဖြစ်ရမှာပါ။ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဖို့လိုအပ်သလို နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နိုင်ဖို့ အစိုးရအနေနဲ့ လမ်းဖွင့်ပေးသင့်ပါတယ်။
နိဂုံးချုပ်အနေနဲ့ အစိုးရနဲ့ တပ်မတော်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးကာ အပစ်အ ခတ်ရပ်စဲရေးလုပ်နိုင်ဖို့ကို ဦးစွာ ပုံဖော်သင့်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကလည်း လက်ထဲမှာ အဆင်သင့်ရှိနေဖို့ လိုအပ်ပါတယ်။ နောက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တစ်နိုင်ငံလုံးလွှမ်းခြုံကျင်းပနိုင်ဖို့ ဆောင်ရွက်သင့်ပါတယ်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို စတိကျင်းပနိုင်ရုံနဲ့ ဘောင် မ၀င်နိုင်ပါ။ အဲဒီခြေလှမ်းတွေကို ထိထိရောက်ရောက်လှမ်းပြီးမှ သာ ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံ- (၂၁) ရာစုပင်လုံလမ်းကို လျှောက်လှမ်းတာဟာ ပိုမိုအနှစ် သာရပြည့်ဝတဲ့အပြင် ပိုမိုထိ ရောက်အလုပ်ဖြစ်မယ့် ချဉ်းကပ် မှုပုံစံဖြစ်နိုင်တဲ့အကြောင်း သုံး သပ်တင်ပြလိုက်ရပါတယ်။
7 Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment