Latest News

Thursday, February 9, 2017

ကိုယ့်အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ကြိုးစားတဲ့အခါ

ကိုယ့်အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ကြိုးစားတဲ့အခါ


အခြားသူတွေကတော့ ဘယ်လိုနေမလဲ မသိဘူး။ ကျွန်မအတွက်ကတော့အိမ်မက်ဆိုတာ အရေးကြီးလှတယ်။

ကျွန်မက အိမ်မက်တွေကို ချစ်တယ်။ ပြီးတော့ကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေကို စိတ်ကူးယဉ်ပြီး အိပ်မက်မက်လေ့ရှိတယ်။တကယ်တော့ကိုယ်ဖြစ်ချင်တာကို အိမ်မက် မက်ပြီး  မဖြစ်ဖြစ်အောင် အသက်သွင်းတာလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

အဲဒါကတော့ကိုယ်ဖြစ်ချင်တဲ့ဘ၀ကို စိတ်ကူးထဲမှာ အမြဲတမ်း မြင်ယောင်ကြည့်ပါတယ်။ အထူးသဖြင့်အဲလို စိတ်ကူးထဲမှာ ပုံဖော်ကြည့်တာကို နေ့စဉ် တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ် အနည်းဆုံးလုပ်လေ့ရှိပါတယ်။

နံနက် အိပ်ရာနိုးနိုးခြင်း အိပ်ရာကနေ ဖြုတ်ခနဲထမထိုင်ခင်မှာ ကျွန်မဖြစ်ချင်တဲ့ကျွန်မကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်မိတယ်။ပြီးမှမျက်နှာသစ်ပြီး လုပ်စရာရှိတာတွေကို လုပ်ပါတယ်။
နောက် နေ့လည်ပိုင်းမှာလည်း ထမင်းစားပြီး ခဏ နားခွင့်ရတဲ့အချိန်လေးမှာ မျက်လုံးလေး မှိတ်ထားရင်း ကျွန်မရဲ့စိတ်ကူးပုံဖော်ခြင်းကို ပြုတယ်။

အဲ ညအိပ်ရာဝင်ခါနီး ဘုရားရှစ်ခိုးပြီး တရားထိုင်ပြီး အိပ်တော့မယ်လို့ဆုံးဖြတ်ပြီးချိန်မှာ အိပ်မပျော်ခင်လေးမှာ စိတ်ကူးနဲ့ကိုယ့်ကိုယ်ကို ပြန်မြင်အောင် ကြည့်ပါတယ်.။ အဲလို မြင်ယောင်ရင်းနဲ့ပဲ အိပ်ပျော်သွားခဲ့တယ်။

အဲလို ကိုယ်ဖြစ်ချင်တာကို စိတ်ကူးထဲမှာ ဖြစ်နေတယ်ဆိုပြီး မြင်အောင်ကြည့်ပြီး ကိုယ့်အိပ်မက်ကို တကယ်အသက်ဝင်လာအောင် အသက်သွင်းပေးလို့ရလာတယ်ဆိုတာကို သိတာတော့ ၂၀၀၇ ခုနှစ်နောက်ပိုင်းမှပါ။

ဒါပေမဲ့ ငယ်တုန်းကတော့ဖြစ်ချင်တာကို စိတ်ကူးယဉ်ဖူးတာပေါ့ရှင်။ အဲလို စိတ်ကူးယဉ်ခဲ့လို့ပဲထင်ပါရဲ့။ အဲဒီလို စိတ်ကူးယဉ်အိမ်မက်ခဲ့တဲ့ အကျိုးကျေးဇူးကတော့ ကျွန်မဒီကနေ့မှာ ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်ပိုင်ချင်တဲ့ မိသားစု ဘ၀နဲ့ ကိုယ်မျှော်လင့်ခဲ့တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်ခွင့်ရသွားခဲ့တာပါပဲ။

ကျွန်မဟာ ကိုယ်လုပ်ချင်တာလေးတွေကို လုပ်ခွင့်ရနေတဲ့ သူတစ်ယောက်ပါ။ သတင်းသမားတစ်ယောက်ဘ၀ကနေ လုပ်ငန်းရှင် ဖြစ်ချင်တယ်၊ သတင်းလုပ်ငန်းနဲ့အောင်မြင်ချင်တယ်။

ဒါကြောင့်၂၀၀၈ ခုနှစ်ကတည်းက မြစ်မခသတင်းအေဂျင်စီ အဖြစ်အောင်မြင်စွာ ရပ်တည်နိုင်ရေးကို ညအိပ်ရာမ၀င်မီ အမြဲတမ်း မြင်ယောင်ပြီးမှ အိပ်ပါတယ်။ အဲဒီလိုနဲ့ပဲ မြစ်မခသတင်းအေဂျင်စီဟာ အခက်အခဲတွေရှိနေပေမဲ့  ၂၀၀၈ ခုနှစ်ကနေ စပြီး ဒီကနေ့ထိ ၂၀၁၇ ခုနှစ်ထိ အောင်အောင်မြင်င်မြင်နဲ့ရပ်တည်နေနိုင်ခဲ့တယ်။

အဲလို ကိုယ်လုပ်ချင်တာလေးတွေကို လုပ်ခွင့်ရခဲ့တယ်၊ လုပ်ခွင့်ရနေတဲ့သူတစ်ယောက်ပါ။ ဒါကလည်း ကျွန်မရဲ့ အိပ်မက်တွေကို အသက်သွင်းနိုင်ခဲ့လို့ဆိုရင် မမှားပါဘူး။

ကျွန်မအတွက်တော့...အိမ်မက်ဆိုတာ ကိုယ်လိုချင်တဲ့ အရာကို ရရှိဖို့၊ ကိုယ် ဖြစ်စေချင်တာ အကောင်အထည်ဖော် ဖြစ်မြောက်ဖို့အတွက် ပထမဆုံး ခြေလှမ်းလို့လည်း ဆိုနိုင်သလို၊ အကောင်းဆုံး လှုံ့ဆော်မှုတွန်းအားလို့လည်း ဆိုနိုင်ပါသေးတယ်။

အဲအကျိုးဆက်ကို သိသွားတဲ့နောက်မှာတော့ကျွန်မက အိပ်မက်ကို  အကောင်အထည်ဖော်ဖို့နည်းလမ်းတစ်ခု ရှာတွေ့သွားသလိုကို ခံစားလာရပါတယ်။

လူတိုင်းဟာ ကိုယ်ဖြစ်စေချင်တာလေး
မဖြစ်ခင်မှာ အောင်မြင်လိုစိတ် မွေးသင့်တယ်လို့ ကျွန်မကိုယ်တိုင် လက်ခံလာခဲ့တယ်။ ဘယ်လို မွေးရသလဲ ဆိုတာကို လေ့လာကြည့်တာ့ စိတ်ကူးယဉ်အိမ်မက်ကနေ မွေးမြူရတယ်ဆိုတာကို စိတ်ပညာသဘောတရားအရ နားလည်လာမိပါတယ်။

ကျွန်မဟာ မိသားစုဘ၀ကိုလည်း အေးချမ်းသာယာပြီး ငြိမ်းချမ်းတဲ့ဘ၀မျိုး ဖြစ်ချင်တယ်၊ ဒါကြောင့် မိသားစုလို့ပြောရင် အေးချမ်းနေတာ၊ စိတ်ချမ်းသာနေတာကိုပဲ အမြဲတမ်းတွေးတယ်။ ခင်ပွန်းသည်ကလည်း အမြဲတမ်း မပြောင်းမလဲဘဲသစ္စာရှိနေတာ တန်ဖိုးထားချစ်ခင်နေတာကိုပဲ တွေးပါတယ်။
အဲလို တွေးတဲ့အတွက် ကိုယ်ကိုယ်တိုင်ကလည်း သူနဲ့ကိုယ်နဲ့  နှလုံးသားချင်း ဝေးစေမဲ့သံသယတွေးတွေ၊ မအေးချမ်းစေမဲ့အဖြစ်တွေကို မတွေးဘူး အလိုလို ရှောင်လာမိတယ်။

အတွေးတွေက လုပ်ရပ်တွေကို ပြဌာန်းတယ်ဆိုတာ တကယ်ပါပဲ၊ အတွေးကောင်းတဲ့အတွက် ကောင်းတဲ့လုပ်ရပ်တွေ ထွက်လာတာပါ၊ အေးချမ်းလိုတဲ့သူက ရန်ဖြစ်ဖို့ မစဉ်းစားဘုူး၊ ရန်ဖြစ်ဖို့ မစဉ်းစားတဲ့အတွက် ရန်မဖြစ်ဘူး၊ ရန်ဖြစ်စရာအခြေအနေဆိုးတစ်ခုခုနဲ့ ကြုံရင်တောင်မှ သူက အဲဒီအခြေအနေကို ရန်ဖြစ်ခြင်းနဲ့ မတုန့်ပြန်တော့ဘူး၊ ဒီအခြေအနေကို အေးဆေးစွာ ထိမ်းသိမ်းပြီးတော့ကောင်းမွန်သော တုန့်ပြန်နည်းလမ်းတစ်ခုနဲ့ ဖြေရှင်းပါတယ်။

 အဲဒီလို နည်းလမ်းနဲ့အိမ်မက်တွေဟာ ကိုယ်လိုချင်တပ်မက်စိတ်တွေ ထက်သန်သထက် ထက်သန်လာအောင် ဖန်တီးပြီး အပြင်းအထန်လိုချင်တဲ့ ဆန္ဒတွေက လက်တွေ့အဖြစ် ပြောင်းလဲသွားနိုင်တာပါ။

တကယ်လို့များ ကောင်းတာတွေးပါလျက်နဲ့ကောင်းတာ ဖြစ်မလာဘူးလို့ သံသယစိတ် ၀င်လာတဲ့အချိန်တွေလည်း ရှိတတ်ပါတယ်။ ဒါဆိုရင် ကျွန်မကတော့ကောင်းတဲ့တွေးခေါ်မှုအတွက် အချိန်မတန်သေးလို့ ၊ ခုချိန်မှာ မရပ်ဘဲနဲ့ ဆက်ပြီး တွေးပါတယ်။ ကိုယ်လိုချင်တာ မရမချင်းကိုတွေးနေတော့တာပပဲါ။

ဒါကြောင့် အသိစိတ်နဲ့ မက်တဲ့ စိတ်ကူးအိမ်မက်က ကိုယ်လိုချင်တာ မှန်သမျှ ရရှိဖို့ အတွက် မဖြစ်မနေလိုအပ်တဲ့ အတွက် မသိစိတ်ကို အကောင်အထည်ဖော်ပေးမဲ့ အတွေး စိတ်ကူးအိပ်မက် မက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
မတူတဲ့အမြင်များရှိရင်လည်း ဖိတ်ခေါ်ပါတယ်ရှင်။

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment