အငှားယာဉ်မောင်း ဦးကျော်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း
ပျက်စီးသွားသည့် အငှားယာဉ်အား ပြန်လည်ပြုပြင်နေသည်ကို လူမှုကွန်ရက်တွင် ပျံ့နှံ့နေသောပုံသေနတ်သမားတစ်ဦးက NLD ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကိုလုပ်ကြံခဲ့ပြီးနောက် လိုက်လံဖမ်းဆီးသူ ဦးနေ၀င်းကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ကာ ထွက်ပြေးလာသည်။ ယင်းနောက် လမ်းပေါ်ရှိ အငှားယာဉ်တစ်စီးကို တားကာ ယာဉ်မောင်း၏နဖူးကို သေနတ်ဖြင့်တေ့ပြီး ကားကို မောင်းခိုင်းသော်လည်း မမောင်းနိုင်ဟုငြင်းဆိုကာ ကားစက်သတ်လိုက်သူ အသက် ၅၈ နှစ်အရွယ် ဦးကျော်ဦးနှင့် တွေ့ဆုံမေးမြန်းထားသည်တို့ကို ဖော်ပြအပ်ပါသည်။
“စဉ်းစားတဲ့အချိန်မှာ သူခြေထောက်တစ်ဖက် တင်မှာပဲ။ ခြေထောက်တစ်ဖက် တင်လာမှ ငါမောင်းမယ်။ မောင်းရင် သူ ဟန်ချက်ပျက်မယ်။ ကိုယ်က တွေးလိုက်တာပေါ့နော်။ ဟန်ချက်ပျက်မယ်။ ကိုးရိုးကားရား ဖြစ်သွားမယ် ...”
မေး ။ ။ အခင်းဖြစ်တဲ့နေ့က အန်ကယ် ကြုံတွေ့ရပုံကို ပြောပြပေးပါလား ခင်ဗျ။
ဖြေ ။ ။ အဲဒီနေ့က အန်ကယ်က ဆယ်မိုင်ကုန်းဘက်ကနေ မြောက်ဥက္ကလာကို ပြန်လာတာ။ ခါတိုင်းလည်း ၅ နာရီကျော်လောက်ဆို အိမ်ပြန်နေကျ။ အိမ်ပြန်နေကျဆိုတော့ ဖြည်းဖြည်းမောင်းတာပေါ့။ အော်ဒါလည်း မရှာတော့ဘူးလေ။ အဲဒီအချိန်မှာ လေဆိပ်ရှေ့ အ၀ိုင်းနားမရောက်ခင် ရဲတွေ လေးငါးယောက် ပြေးသွားတာ တွေ့တယ်။ အဲဒီအနားမှာ ပစ္စည်းအဟောင်းတွေ ထားတဲ့နေရာ၊ ကျောက်ပြားတွေ ဘာတွေရှိတယ်။ တုတ်တွေ၊ ဘာတွေ ဆွဲတာတွေ့ရတယ်။ ဘာဖြစ်တာလဲပေါ့။ လေဆိပ်က ယာဉ်မောင်းနဲ့ အပြင်ယာဉ်မောင်း ရန်တွေ၊ ဘာတွေဖြစ်နေလား မသိဘူးပေါ့။ ရဲတွေကလည်း ပြေးလာတာဆိုတော့ အဲဒီတော့ ဦးက ညာဘက်ခြမ်းကပ်ပြီး ဖြည်းဖြည်းမောင်းလာတာ။ ရှေ့ကကားက တော်တော် ရှင်းသွားပြီ။ အဲဒီအချိန်မှာ ဦးက ရှေ့တည့်တည့်နဲ့ ဘယ်ဘက်ကို ကြည့်တာ။ ပြီးတော့ ညာဘက်ကြည့်လိုက်ရော အခုလုပ်ကြံတဲ့သူကို တွေ့တယ်။ ဘာဖြစ်မှန်းလဲ မသိဘူး။ လေဆိပ်မှာ ဦးကိုနီကို လုပ်ကြံလာတယ်ဆိုတာလည်း မသိဘူး။ အနားကပ်ကျမှ သေနတ်နဲ့ တားတာ။ ထူပူသွားတာပေါ့။ တားလည်းတားရော ရပ်လိုက်တာပေါ့။ ရပ်လည်းရပ်ရော ကားရှေ့ကနေ ကွေ့ပြီးတော့ ဦးလေး ဘယ်ဘက်ခြမ်းကို ၀င်ထိုင်မယ်လုပ်တယ်။ သူ ခေါင်းခန်းကွေ့မယ့်အချိန်မှာ လူအုပ်က လှမ်းအော်တယ်။ တို့လူနှစ်ယောက်တော့ ပစ်သွားပြီ တို့လူနှစ်ယောက်တော့ ပစ်သွားပြီလို့ လှမ်းအော်တယ်။ ဟာ ဒုက္ခပဲ။ ဘယ်လိုလုပ်ရမလဲ စဉ်းစားတာပေါ့။ စဉ်းစားတဲ့ချိန်မှာ သူ ခြေထောက်တစ်ဖက် တင်မှာပဲ။ ခြေထောက်တစ်ဖက် တင်လာမှ ငါမောင်းမယ်။ မောင်းရင် သူဟန်ချက်ပျက်မယ်။ ကိုယ်က တွေးလိုက်တာပေါ့နော်။ ဟန်ချက်ပျက်မယ်။ ကိုးရိုးကားရား ဖြစ်သွားမယ်။ အဲဒီလိုတွေးပြီးတော့ သူလည်း ခြေထောက်တင်လည်း တင်ရော တစ်ခါတည်း ဂီယာက အသင့်ထိုးထားတာကိုး။ တစ်ခါတည်း ကောက်မောင်းလိုက်တာ။ အဲဒီလိုမောင်းလည်း မောင်းရော သူက ခြေထောက်တစ်ဖက်က အပေါ်မှာ၊ ခြေထောက်တစ်ဖက်က အောက်မှာ တံခါးကို ချိုင်းနဲ့ ညှပ်ထားတာ။ ကြည့်လိုက်တော့ သူ့လက်နှစ်ဖက်က တစ်ဖက်က အပေါ်ထောင်သွားပြီး တစ်ဖက်က နိမ့်သွားတာပေါ့။ အဲဒီလို ဟန်ချက်ပျက်သွားတဲ့အချိန်မှာ ဟိုဘက်က လူအုပ်ကပြေးလာတာ။ ပြေးလာပြီး ခဲနဲ့ လှမ်းထုလိုက်တာပေါ့။ ခဲနဲ့ထုလိုက်တော့ အုတ်နီခဲ တစ်ခဲက ကားဘောနက်ဖုံးပေါ် ထောက်ပြီးတော့ မှန်ကို မှန်တာ။ အဲဒီမှာ ခဲတွေက ဖွာပြီးတော့ ကျနေတဲ့အချိန်မှာ ဦးက ဘရိတ်ကို နင်းတယ်။ ဂီယာကို P ကို ထိုးလိုက်တယ်။ စက်ပါ သတ်လိုက်တယ်။ စက်သတ်လိုက်တော့ သူက ကိုးရိုးကားရားကြီး မဖြစ်ဘဲနဲ့ ဘေးက ဖင်ထိုင်ခုံပေါ်မှာ ပြုတ်ကျတာ။ ကျလာပြီးတော့ ဦးဘက်လှည့်ပြီး သေနတ်ကိုင်ထားတဲ့ ဘယ်ဘက်လက်နဲ့ လှည့်ပြီး ချိန်တယ်။ နဖူးကို ချိန်ပြီးတော့ သေနတ်ပြောင်းဦးက မြင်လိုက်တယ်။ သူ့ရဲ့မျက်နှာကို ကြည့်လိုက်တော့ သူကမောင်းလို့ ပြောတယ်။ မောင်းဆိုတော့ မမောင်းနိုင်ဘူးလို့ ပြောလိုက်တယ်။ မောင်းလည်း ဘာမှမထူးဘူး။ မမောင်းနိုင်ဘူးလို့ပြောတယ်။ မမောင်းနိုင်ရင် ဖယ်ဆိုပြီးတော့ သူက သူ့ရဲ့ညာဘက်ခြေထောက်တစ်ဖက် ဦး ဘယ်ဘက်ထဲကို ၀င်လာတယ်။ အဲဒီလို ဦးနဲ့သူနဲ့ စကားပြောနေတဲ့အချိန်လေးမှာ ခဲတွေကိုင်ထားတဲ့ သူတွေက ကောက်ထုလိုက်တယ်။ အဲဒီအချိန်မှာ သူ့ရဲ့ပါးကို ထိသွားတယ်နဲ့ တူတယ်။ ထိသွားတော့ ဦးကို ချိန်တဲ့ သေနတ်ပြောင်းက ယမ်းသွားတယ်။ ယမ်းပြီး နောက်ကြည့်မှန်ကို သွားထိတယ်။ ထိသွားပြီး ဦးဘက်ကို ယိမ်းလာတော့ ဦးက တတောင်ဆစ်ကလေးနဲ့ ကာလိုက်တယ်။ အဲဒီအချိန်မှာ နောက်ကနေ လိုက်လာတဲ့သူတွေက တံခါးဖွင့်ပြီး ဆွဲချလိုက်ကြတယ်။ သူ အောက်ကျသွားပြီဆိုတော့မှ ဦးက ခါးပတ်ကြိုးကို ဖြုတ်တယ်။ အောက်ကို ဆင်းတယ်။ ဆင်းကြည့်တော့ သူက ၀မ်းလျားမှောက်ကြီး ဖြစ်နေပြီး သွေးတွေ ချင်းချင်းနီနေပြီ။ ပြီးတော့ သေနတ်နှစ်ချက်ဖောက်သံ ကြားတယ်။ အပြင်လူတွေ ရှဲသွားအောင်နဲ့ တူပါတယ်။ အဲဒီအချိန်မှာ ဦးကားနောက်ဖုံးကို ဖွင့်ပြီး တရားခံကိုတင်ပြီး လေဆိပ်ရဲစခန်းကို မောင်းသွားကြတယ်။ ရဲအရာရှိတစ်ဦး မောင်းသွားတာပေါ့။ ဦးလည်း တစ်ခါတည်း လိုက်သွားတယ်။
မေး ။ ။ အဲဒီလိုအခြေအနေတွေ ဖြစ်တဲ့အခါမှာ အန်ကယ့်ကားကရော ဘယ်လောက်အထိ ထိခိုက်သွားခဲ့လဲ။
ဖြေ ။ ။ မှန်ကတော့ အက်သွားတာပေါ့။ ဘယ်ဘက်ခြမ်း၊ ညာဘက်ခြမ်းလည်း အက်သွားတာပေါ့။ ရှေ့ဘောနပ်ဖုံးကလည်း ပိန်သွားတယ်။ ညာဘက်တံခါးကလည်း အုတ်နီခဲနဲ့ ထုလိုက်တော့ မှန်တင်မှန်ချတဲ့ ပေါင်မှာ မှန်တင်ဖို့ ကျပ်သွားတာပေါ့။ အချိုင့်လေးတွေ၊ ဘာတွေ အဲဒီလောက်ပဲ ရှိပါတယ်။ ကားကိုတော့ ကန်တော်ကြီးစောင်းက ကိုနေလင်းထိုက်တို့ကလည်း ပြင်ပေးမယ်ပြောတယ်။ ကျွန်တော်က တာဝန်ရှိတဲ့ရဲတွေကို အကြောင်းကြားပါဦးမယ်လို့ပြောတော့ မနေ့ကပဲ ရဲမှူးချုပ်က သူတို့ပြင်ပေးမယ်။ ဦးကျော်ဦး ဘာမှမပူပါနဲ့လို့ပြောတော့ ဒီနေ့မနက် (ဖေဖော်ဝါရီ ၃ ရက်) ၈ နာရီကျော်ကျော်လောက် သွားပို့ပေးခဲ့ပါတယ်။
မေး ။ ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးကို ရဲတပ်ဖွဲ့ကရော စစ်ဆေးမေးမြန်းတာတွေ ရှိခဲ့လားခင်ဗျ။ ရှိခဲ့ရင်ရော ဘာတွေ စစ်ဆေးမေးမြန်းတာလဲဆိုတာ ပြောပြပေးလို့ရမလား ခင်ဗျ။
ဖြေ ။ ။ ဦးကိုတော့ ဒီဖြစ်စဉ်ကို မေးမြန်းတာပေါ့။ ဦးကလည်း ဦးကြုံခဲ့တဲ့အတိုင်း ဖြေပေးခဲ့တယ်။ ကျွန်တော်က မြောက်ဥက္ကလာမှာ နေတာ။ ဂမုန်းပွင့်ကနေ အောင်ဆန်းဈေးကို အော်ဒါရတယ်။ အခု အဲဒီကနေ ပြန်လာတာ အော်ဒါမရဘူး။ နောက်ခရီးသည် ရလိုရငြား မင်းကြီးလမ်းက မောင်းတယ်။ ကြို့ကုန်းကို ၀င်တယ်။ အဲဒီလိုမောင်းလာရင်းနဲ့ ဒီလေဆိပ်ကို ရောက်လာတယ်။ ထင်လည်း မထင်ဘူး။ ဒီလေဆိပ်မှာဖြစ်တဲ့ကိစ္စ ဦးကိုနီ ဘာညာဆိုတာလည်း မသိဘူး။ အဲဒီအချိန်မှာ ဦးက ကိုနေ၀င်းတို့ ဖြစ်တာလည်း မရောက်သေးဘူး။ အဲဒီလိုတွေ ရှင်းပြတယ်။ နောက်နေ့ မနက်ကျတော့ ရဲတစ်ယောက်က ဖုန်းလှမ်းဆက်တယ်။ ၁၀ နာရီထိုး လာခဲ့ပါပေါ့။ အဲဒါနဲ့ လေဆိပ်ကိုသွားတော့ ဦးရဲ့ကိုယ်ရေးရာဇ၀င်ကိုမေးပြီး ယူထားလိုက်တယ်။ ပြန်လာမှ ကားကို သန့်ရှင်းရေး လုပ်ရတာပေါ့။
မေး ။ ။ အများသူငါ သွားလာနေတဲ့ လေဆိပ်မှာ ဒီလိုမျိုး လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ခဲ့တဲ့အပေါ်မှာ ဦးအနေနဲ့ ဘယ်လိုမျိုးမြင်လဲ ခင်ဗျ။
ဖြေ ။ ။ တရားခံကတော့ လူနှစ်ယောက်ကို သတ်ခဲ့တော့ သူ့ ဥပဒေအတိုင်း သွားမှာပေါ့။ လေဆိပ်က လုံခြုံရေးကတော့ သူတို့အပိုင်းပေါ့။ ဦးလေးတို့ဖြစ်စေချင်တာကတော့ ဒီလို တရားဥပဒေစိုးမိုးမှု ပျက်ပြီး ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်ချင်တဲ့သူကို မိစေချင်တာပေါ့။
မေး ။ ။ ပထမလုပ်ကြံခံရတဲ့သူက ခရီးစဉ်တစ်ခုကနေ ပြန်လာတဲ့အချိန်မှာ လုပ်ကြံခံရတယ်။ နောက်တစ်ယောက်ကကျတော့ လုပ်ကြံသူ လူသတ်သမားကို ကူညီလိုက်လံ ဖမ်းဆီးရင်းနဲ့ သေနတ်နဲ့ ပစ်ခတ်ခံရကာ သေဆုံးခဲ့ရတယ်။ ကိုယ့်ကားကို လူသတ်သမားက တားဆီးပြီး မောင်းခိုင်းတဲ့အချိန်မှာ တက်နိုင်သမျှ တွန်းလှန်ခဲ့တယ်။ အဲဒါတွေကို နောက်ပိုင်းမှာ ပြန်တွေးတော့ ဘယ်လိုခံစားရလဲခင်ဗျ။
ဖြေ ။ ။ ဒီလူဆိုးတစ်ယောက်က ကားပေါ်တက်တော့မယ်ဆိုတာလည်း ဦးလေး သိလိုက်ပြီ။ ဒီလူ ကားပေါ်တက်လို့ ဦးလေးမောင်းရင်လည်း ဦးလေး အပြစ်မကင်းဘူး။ နောက်ကလူတွေကလည်း ပစ်ကြခတ်ကြမှာ။ အဲဒီတော့ ဦးလေးအတွက်က ဘာမှ မကောင်းဘူး။ ကိုယ့်စိတ်ထဲမှာ ဘယ်လိုဖြစ်လဲဆိုတော့ တုန်လှုပ်သွားတယ်။ ငါတော့ ငါဘ၀ပျက်ပြီ။ ငါ့ဘ၀ပျက်သလို ငါ့မိသားစုပါ ဒုက္ခရောက်ပြီ။ ဦးက တစ်ယောက်တည်း ရှာကျွေးနေတာကိုး။ ဒါပေမဲ့ ကိုယ်က စိတ်ထဲကနေ ဒုန်းဒုန်းပြန်ချလိုက်တယ်။ ငါဘာလုပ်ရမလဲ။ စောစောက ပြောသလို လူဆိုး ကားပေါ်တက်လိုက်တဲ့အချိန်မှာ အခြေပျက်အောင် မောင်းလိုက်ရင် လူအုပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ၀င်စီးလိုက်လို့ရှိရင် အခြေအနေ တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်တယ်လို့ ထင်တာပေါ့နော်။ အဲဒီအတွေးနဲ့ လုပ်ခဲ့လိုက်တာ။ ဒါဦးလေးရဲ့ ခံစားချက်ပေါ့။ ဦးလေးအတွက်က အသက်အန္တရာယ်ရှိတယ်။ လွတ်အောင်မောင်းရင်လည်း ပူးပေါင်းကြံစည်မှုတွေ၊ ဘာတွေဖြစ်လာနိုင်တယ်။ ဦးလေးဘက်က အဆိုးချည်းပဲ။ သူ့ မောင်းပေးလိုက်လို့ ရှေ့ကလည်း ပစ်မယ်။ နောက်ကလည်း ပစ်မယ်။ လူသတ်သမားကလည်း အရှင်ထားမယ့် ပုံစံမျိုး ရှိချင်မှရှိမှာလေ။ အဲဒီတော့ ဦးလေးဘက်က အားလုံးအဆိုးချည်းပဲ။ သူ့ကိုယ်လုံးကြီး ကွယ်နေတော့ ဘယ်သူ ဆွဲချတယ်ဆိုတာတော့ တိတိကျကျ မမြင်ရဘူး။ အသက်အန္တရာယ်ကလွတ်မှ စိတ်ပေါ့သွားတာပေါ့။
မေး ။ ။ လူသတ်သမားက သေနတ်နဲ့ချိန်ပြီး မောင်းလို့ ပြောတဲ့အချိန်နဲ့ ကိုယ်က မမောင်းဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်နဲ့ ကြားမှာ စိတ်ခံစားမှုမျိုး ဘယ်လိုရှိခဲ့တယ်ဆိုတာကိုရော ပြောပြပေးပါလား။
ဖြေ ။ ။ မမောင်းဘူးကတော့ ဦးလေးက မထူးဇာတ်ပဲလေ။ မထူးတော့ဘူးလေ။ မောင်းပေးရင်လည်း ဦးလေးအတွက် ဘာမှဖြစ်လာစရာ အကြောင်းမရှိတော့ဘူးလေ။ သူပဲ လွတ်ရင် လွတ်သွားမယ်လေ။ နောက်ဆက်တွဲ အကျိုးဆက်က ဦးလေးတို့ စာပေတွေ ဖတ်ထားတဲ့အတွက် ဦးလေးနောက်ကို လိုက်မယ့်ဟာတွေက ဦးလေးမှာ စိတ်သောကကြုံစရာတွေ ရှိတယ်။ အဲဒီတော့ မမောင်းဘဲနဲ့ ရပ်ပြီးတော့ တိုက်ရင်လည်း သေလိုက်တာမှ အဲဒီတော့ မမောင်းဘူးကွာဆိုပြီး ရပ်ကို ရပ်ထားလိုက်တယ်။ အဲဒီအချိန်မှာ စိတ်ကို ဒုန်းဒုန်းချပြီး အေးအေးပဲ ထားလိုက်တော့တယ်။ ပြီးတော့ အကုန်လုံး ၀ိုင်းဖမ်းလိုက်ကြတာပေါ့။
မေး ။ ။ သေဆုံးသွားတဲ့ ဦးကိုနီနဲ့ ဦးနေ၀င်းတို့နဲ့ ပတ်သက်ပြီးတော့ရော ဘာများပြောချင်သေးလဲ။
ဖြေ ။ ။ ဘယ်သူမဆို မိသားစုတစ်ခုမှာ အိမ်ထောင်ဦးစီးတစ်ယောက် ဆုံးရှုံးသွားရင် အားကိုးမှီခိုစရာ ရွှေတောင်ကြီး ပြိုလဲသွားသလိုပဲ။ ဦးလေးလည်း အဲဒီနေရာမှာ တစ်ခုခုဖြစ်ရင် ဦးလေးမိသားစုမှာ အခက်အခဲ ဖြစ်မယ်။ လောကကို ရင်ဆိုင်ဖို့ရာ ပူဆွေးရမယ်။ ရှေ့လျှောက် ဘယ်လိုရုန်းကန်ရမယ်။ ရင်ထဲမှာ ပူနေမယ်။ ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေမယ်။ ကိုယ်ချင်းစာတယ်။ ကိုနေ၀င်းမိသားစုရော ဦးကိုနီ မိသားစုရော။ ဦးကိုနီ ဆုံးရှုံးရတာတော့ နိုင်ငံတော်ဆုံးရှုံးမှု တစ်ရပ်ပေါ့နော်။ ကိုနေ၀င်းအတွက်ကတော့ လူမယ်ကလေးတွေကို သူရှာကျွေးနေတာပေါ့နော်။ အဲဒီလိုဆိုတော့ ကိုနေ၀င်းအတွက်လည်း စိတ်မကောင်းဘူး။
မေး ။ ။ ဖြည့်စွက်ပြေချင်တာများ ရှိရင်လည်း ဖြည့်စွက်ပြောပေးပါဦး ခင်ဗျ။
ဖြေ ။ ။ ဦးလေးကတော့ ယာဉ်မောင်းတွေကိုလည်း ကျေးဇူးတင်တယ်။ ပြည်သူ့ရဲတွေကိုလည်း ကျေးဇူးတင်တယ်။ သူတို့သာ သေနတ်ကိုကြောက်ပြီး အနားကပ်မလာကြဘူးဆိုရင် ဘာမှပြောလို့မရဘူး။ လူသတ်သမားက ပစ်မှာပဲ။ ခေါင်းတေ့ထားတာ အသက်ရှင်ဖို့လည်း မရှိဘူး။ ခြောက်လက်မလောက် အကွာပဲ။ ဦးနေ၀င်းနဲ့ ဦးကိုနီသေတာ စိတ်ထဲ မကောင်းပေမယ့် ဦးလေးအသက်ကို ကယ်ခဲ့တဲ့ ယာဉ်မောင်းတွေကိုတော့ ဦးလေးက ကျေးဇူးအများကြီးတင်တယ်။ အမှန်တရားစကားပါ။ ယာဉ်မောင်းတွေရဲ့ကျေးဇူးတွေကို မမေ့ပါဘူး။ လူဆိုးသေနတ်ရှိမှန်း သိသော်လည်း သူတို့ အနားမကပ်ရဲရင် ဦးလေးလည်း မလွယ်ပါဘူး။ အခုချိန်အထိ စကားပြောနိုင်တာဟာ အားလုံးဝိုင်းကယ်လိုက်လို့ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Writer:
နေမျိုးဝင်း
Eleven Media Group Co., Ltd
Subscribe to:
Post Comments (Atom)
No comments:
Post a Comment