Latest News

Wednesday, February 15, 2017

“ကျမလည်း စိတ်ညစ်တတ်တယ်ရှင့်၊ ဒါပေမဲ့ ဖြေရှင်းနည်းတော့ သိတယ်”

“ကျမလည်း စိတ်ညစ်တတ်တယ်ရှင့်၊ ဒါပေမဲ့ ဖြေရှင်းနည်းတော့ သိတယ်”
===============================================
ကျွန်မမှာလည်း အခြားသူတွေလိုပါပဲ စိတ်ဖိစီးမှုတွေရှိနေတယ်။ စိတ်ညစ်ရတာတွေ စိတ်ပျက်ရတာတွေလည်း အများကြီးပါပဲ။

လူအများထင်မှတ်နေသလို အရာရာပြည့်စုံပြီး အေးချမ်းနေတဲ့ ဘ၀တော့မဟုတ်ပါဘူး။ အခြားလူတွေလိုပဲ ကျွန်မလည်း စိတ်ညစ်တတ်ပါတယ်။ စိတ်ဓါတ်ကျတတ်ပါတယ်။

တကယ်တော့ကျွန်မတို့ရင်ဆိုင်နေရတဲ့ စိတ်ဖီစီးမှုတွေက ဘ၀နေထိုင်မှုနဲ့ ခေတ်ဆိုးကို ဖြတ်သန်းနေရချိန်မို့ ဖိစီးမှုတွေက အရင်ကထက်ပိုလာတယ်လို့ ခံစားကြရတာပါ။

ဒီခေတ်ဒီအခြေအနေနဲ့ဒီအရွယ်တွေမှာ တွေ့ရတဲ့ဖိစီးမှုတွေက တစ်ယောက်နဲ့တစ်ယောက်လည်း သိပ်မကွာလှပါဘူး။ ထပ်တူကျတယ်လို့မဆိုနိုင်ရင်တောင်မှ ဆင်တူရိုးမားတွေလို့တောင် ဆိုနိုင်ပါသေးတယ်။
ကျွန်မတို့ရှင်သန်နေရတဲ့ပတ်ဝန်းကျင်ကိုယ်က ရုန်းကန်လှုပ်ရှားရတဲ့ပတ်ဝန်းကျင်မျိုးမဟုတ်လား.။

တကယ်တော့ ကျွန်မတို့တွေအများစုက ကိုယ်တိုင်ရဲ့ရွေးချယ်မှုကိုက ဘ၀မှာ မှန်မှန်လေး တိုးတက်အောင်မြင်နေရမယ် ဆိုတဲ့အသိစိတ်နဲ့ရှင်သန်ကြတယ်။

ကျွန်မကလည်း ကိုယ့်ဘ၀တိုးတက်အောင်မြင်မှု ရဖို့အတွက်လည်း ကြိုးစားရုန်းကန်မယ် ဆိုတဲ့ အသိနဲ့နေ့စဉ် ဖြတ်သန်းနေတော့ မောတာပေါ့၊ အဲဒီလို မောနေတဲ့ အချိန်မှာ ဆိုးတဲ့လောကဓံနဲ့များ ကြုံလိုက်ရတဲ့အခါ စိတ်ရောလူပါ ဗုန်းဗုန်းကျမတတ်ပါပဲ။

လူတို်င်းမှာ ဗုန်းဗုန်းကျမတတ်လဲသွားနိုင်တဲ့ အခြေအနေတွေကို ကြုံရတာပဲလို့ကိုယ့်ကိုယ်ကိုလည်း ပြန်အားတင်းရပါတယ်။ လူဆိုမှာတော့စိတ်ပျော်ရွှင်ကျေနပ်ရတယ်၊
စိတိခိုက်ရတယ်။ စိတ်ပင်ပန်းရတယ်။ ဒါကိုတော့ လူတိုင်းဖြတ်သန်းရတာပဲ။

တစ်ခါတစ်ခါ လောကဓံကြောင့်ထက် ကိုယ့်ရဲ့အတွေးနဲ့စိတ်ပူပင်မှုကြောင့် စိတ်ဖိစီးမှု ဖြစ်စေတာတွေလည်း ရှိတယ်။ဥပမာ အလုပ်တွေ လုပ်နေပေမဲ့ မအောင်မြင်မှာ၊ မတိုးတက်မှာကို စိုးရိမ်ပြီး စိတ်ဖိစီးမှုတွေ ဖြစ်လာရတဲ့ သူမျိုးတွေလည်း ရှိတယ်။

အဲလိုပဲ အချို့ကလည်း ကိုယ့်ဇနီး အနေအထိုင် မတတ်တဲ့ ကိစ္စ၊ အိမ်ထောင်ရှိမှန်းသိလျက်နဲ့ ကြိုက်တတ်တဲ့ သိက္ခာမရှိတဲ့ မိန်းမတစ်ယောက်နဲက ဖောက်ပြန်နေတဲ့ကိစ္စ ၊ ကိုယ့်ခင်ပွန်း မူးယစ်ဆေးစွဲလို့စိတ်ပျက်ရတဲ့ ဒုက္ခ အဲဒီလို ရင်ဆိုင်ရတဲ့ဒုက္ခတွေကြောင့်လည်း စိတ်ဖိစီးမှုရတာတွေရှိတယ်။

အဲဒါကြောင့် ဒီလိုကြောင့်  Stress ဖြစ်လိုက်တာနဲ့ ဟော်မုန်းတွေက ကိုယ်တွင်းစနစ်ထဲကို တိုးဝင်လာပြီး  နှလုံးခုန်မြန်လာတာ၊ ချွေးတွေ ထွက်လာတာ။ ခုခံအားကျဆင်းလာတာတွေဖြစ်တတ်သလိုသွေးတိုးတာမျိုး အသက်ရှုကြပ်တာမျိုးတွေလည်း ဖြစ်လာတော့တာပါပဲ။ အဲလိုနဲ့စိတ်ကြောင့်ကိုယ်ခနာကိုပါ ထိခိုက်ပြီး ရောဂါဖြစ်လာကြရတာပါ။တကယ်တော့ ရောဂါဖြစ်ပြီး ဗုန်းဗုန်းကျတဲ့အခြေအနေထိ မရောက်ခင် ကိုယ့်ကို်ယ်ကို ကုစားတတ်ဖို့ လိုပါတယ်။

ရောဂါဖြစ်လောက်အောင်ထိ မဖြစ်စေဘဲနဲ့ကိုယ့်ကိုယ်ကို ကုစားလို့ရနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ဒီနေရာမှာ လူအများစု မှားတတ်တာတွေလည်း ရှိပါတယ်။ အများစုက တွန်းအားနဲ့ဖိစီးမှုကို ရောထွေးကြတယ်။ တကယ်တော့ Stress နဲ့Pressure ဟာ မတူပါဘူး။ဒါကို လူတွေက ရောထွေးပြီး မှားတတ်ကြတယ်။

Pressure ဆိုတာက ဖိအားပေးတာပါ။Stressကတော့ဖိအားပေးမှုကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုပါ။ ဒါကို ကျမတို့က နားလည်း သဘောပေါက်ပြီး Pressure ကို ကောင်းတဲ့ဘက်ကို ဦးတည်နေစေဆိုရင်တော့ဘ၀အတွက် သိပ်ကိုကောင်းပါတယ်။

ဥပမာ ဘ၀အတွက် ပြဿနာကြီးတစ်ရပ်လို့ ပြောလို့ရတဲ့ မိသားစုလူမှုရေး  ပြဿနာနဲ့ကြုံရတယ်ဆိုပါတော့၊(ဒီလိုဇာတ်လမ်းတွေများလွန်းလို့ ဥပမာပေးရတာပါ အိမ်ရှင်မ ၁၀ ဦးမှာ ၆ ဦး ၇ ဦးလောက်က ဒါမျိုး ကြုံနေရလို့ပါ) ခင်ပွန်းက ဖောက်ပြန်နေတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့အကြောင်းကို စဉ်းစားကြည့်ရအောင်ပါ။

ကိုယ့်အပေါ်ကို လုပ်ရပ်လိုက်တာ၊ သမီးနဲ့ သားမျက်နှာတောင် မထောက်ဘူး ဒီလူ မကောင်းဘူး၊ သစ္စာဖောက်တယ်၊ ဖောက်ပြန်တယ်ဆိုတဲ့အပေါ်မှာပဲ ကြည့်နေမယ်ဆိုရင် အိမ်ရှင်မဟာ နေ့စဉ်နဲ့အမျှစိတ်ဆင်းရဲရမယ်၊ လူ့ငရဲကို နေ့တိုင်း ကြုံနေရသလိုပဲ။ သူ့ခမျာ မအေးချမ်းနိုင်တော့ဘူး။

ဒီကြားထဲမှာ သူ့ခင်ပွန်းက နောက်မိန်းမကို အတည်အလင်းယူပြီး  သူ့နဲ့သားသမီးတွေအပေါ် အစွမ်းကုန် ရက်စက်ဦးမလား၊ နှိပ်စက်ဦးမလားလို့ တွေးလိုက်ရင် ပြီးပြီ ဘ၀ဆိုတာ ဆက်ပြီးတောင် မရှင်သန်ချင်တော့ဘူး။

အဲဒီလို အခြေအနေမှာ အဆိုးဘက်ကိုပဲ စဉ်းစားကြည့်ကြတာများတယ်၊ ဒီနေရာမှာကိုယ်က ကောင်းတဲ့ဘက်ကနေ တွေးကြည့်နို်င်မယ် ဆိုပါတော့။

ခင်ပွန်းရဲ့ ဖောက်ပြန်မှုက  သူ့ရဲ့ကိုယ်ကျင့်တရားကို ပေါ်လွင်စေတယ်။မကောင်းဘူးဆိုတာကို သိလိုက်ရတဲ့အတွက်  အိမ်ရှင်မအတွက်ကောင်းတယ်။

သူက မိန်းမစိတ်ကြောင့် မွှန်နေလို့ ဖောက်ပြန်ခြင်းကို ရပ်တန့်နိုင်သလား၊ မရပ်နိုင်ဘူးလား ဆိုတာ သေချာသိရင် ကိုယ့်အတွက် ကို်ယ်စဉ်းစားလို့ရပြီ။မကောင်းတဲ့ခင်ပွန်းကို ဖြတ်နိုင်မလား၊ ဆက်ပြီး သည်းခံမလား စဉ်းစားဆုံးဖြတ်နို်င်မယ်။

မဖြတ်ဘူး ရအောင်ပြန်ယူမယ်လို့ဆုံးဖြတ်ရင်လည်း ကိုယ်က သူ့ကို ပြန်ရဖို့ နည်းလမ်းတွေရှာလာတော့မယ်၊ သားသမီးတွေ မိဘဆွေမျိုးတွေရဲ့ အကူအညီကိုလည်း ယူချင်ယူနို်င်မယ်။ အိမ်ရှင်မ ဘက်က အစွမ်းကုန်ကြိုးစားနေချိန်မှာ ခင်ပွန်းသည်ကလည်း ခဏတာ အပျော်ရှာမိတဲ့ အမှားကို သိပြီး ပြင်ဆင်ရင်လို့ လည်း အမှားကို ၀န်ချနိုင်တဲ့ ယောင်္ကျားမျိုး ဆိုရင်လည်း သူ့အတွက်ကောင်းတာပဲ။

အဲလို မဟုတ်ဘဲနဲ့ သစ္စာမရှိတဲ့သူ့ကို ဖြတ်မယ်လို့ဆုံးဖြတ်မယ်ဆိုရင်၊
ဒါဟာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နို်ငဖို့ တွန်းအားလည်း ဖြစ်သွားတယ်။  ကိုယ့်ဘ၀ စိတ်ရော ကိုယ်ပါ အေးချမ်းသွားမယ်၊ သူ့လို မကောင်းသူကိုလည်း ရိုးမြေကျချိန်ထိ ပြုစုစရာမလိုတော့တဲ့အတွက် ကိုယ်ပို်င်အချိန်တွေပိုထွက်လာမယ်၊ ပိုလွတ်လပ်ပေါ့ပါးလာမယ်။

အသက်အရွယ်ရှိသေးတယ်ဆိုရင် သူ့ထက် ပိုကောင်းတဲ့ ခင်ပွန်းမျိုးလည်း ရလာနိုင်တယ်။ ကိုယ်က သားသမီးရှိလို့ သားသမီးမျက်နှာထောက်ပြီး နောက်အိမ်ထောင်မပြုဘူး ဆိုရင်တောင်မှ သားသမီးမတွေက မကောင်းတဲ့ အဖေနဲ့အမေကို နှိုင်းယှဉ်ပြီး သိလာနိုင်တယ်။ အရင်ကထက် ပိုပြီး လိမ္မာတဲ့မိခင်အပေါ်ကို နှစ်ဆတိုးပြီး ကြင်နာပေးမဲ့သားသမီးတွေ ဖြစ်လာမယ်။

အဲဒီလို မဟုတ်ဘဲနဲ့ သစ္စာဖောက်ခံရတဲ့အတွက် မကောင်းတဲ့ အချက်တွေ၊ မကောင်းတာတွေကိုပဲ ဆက်ပြီး ပျက်သဘောဆန်တဲ့စိတ်တွေ၊အမြင်ဆိုးတွေကိုပဲ ဆက်တွေးနေမယ်ဆိုရင် စိတ်ဆင်းရဲမှု အပေါင်းနဲ့ နေ့စဉ်ရှင်သန်ရမယ်။  စိတ်ဖီစီးမှုကို လျော့မကျနိုင်မချင်း အမှားတွေပဲ ဆက်လုပ်လာနိုင်တယ်။

ဒါကြောင့် ဖောက်ပြန်တဲ့ အိမ်ထောင်ဘက်ကြောင့် စိတ်ညစ်နေတယ်ဆိုရင် တစ်ခုခုကို ဆုံးဖြတ်လိုက်ပါ။ ဆုံးဖြတ်လိုက်ပြီးချိန်မှာ စိတ်ဖိစီးမှုကလည်း လျော့ကျသွားနိုင်သလို၊
ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တွေလည်း တိုးလာစေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစား စိတ်ဖိစီးမှုတွေကတော့ရှိနေနိုင်ပေမဲ့ ဒါတွေကိုလည်း ဘုရားရှစ်ခိုးတာ၊ တရားထိုင်တာတွေ ပြုလုပ်ပြီး စိတ်ဖြေလျော့လို့ရပါတယ်။ အဲလို စောင့်ထိန်းနိုင်ခြင်းအားဖြင့်ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပိုကောင်းလာပြီး အရင်တုန်းကထက်တောင် ပိုကောင်းတဲ့ ဘ၀ကို ကိုယ်တိုင် ဖန်တီးလာနိုင်ပါတယ်။

နောက်ကိုယ်က ကောင်းမွန်မှန်ကန်တဲ့အတွက် မကောင်းတာတွေ လာမလာနိုင်ဘူး၊ ကိုယ့်က ကောင်းမွန်တာတွေကိုပဲ ပြုလုပ်နတဲ့အတွက် တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်အောင်မြင်လာတယ်ဆိုတာကို  ကိုယ့်ကိုယ်ကို ယုံကြည်ထားဖို့ပါပဲ။

ဘာလိုဘ၀ပဲ ဖြစ်ပါစေ စိတ်ဖိစီးမှုနဲ့စိတ်ဓါတ်ကျခြင်းဆိုတာ ရှိပါတယ်။ အရေးကြီးတာက
ကိုယ့်ဘ၀မှာ  တစ်နည်းနည်းနဲ့ အများရဲ့အကျိုးကို ဆောင်နေဖို့ပါပဲ။

အဲလို အကျိုးရှိရာတစ်ခုခု  ဆောင်ရွက်နေတာနဲ့အမျှ ကိုယ့်ကိုယ်ကိုရော ကိုယ့်အလုပ်ကိုပါ ကျေနပ်ပြီး  ဘ၀မှာ နေထိုင်ရတာ အဓိပါယ်ရှိလာပါတယ်။ တစ်နည်းအားဖြင့်ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့စိတ်က စီတ်ဖိစီးမှုတွေကိုလည်း လျော့ကျပေးနိုင်ပါတယ်။

ကျွန်မ စိတ်ညစ်တဲ့အခါတို်င်း ဒီနေ့ အများအကျိုးအတွက် ဘာလုပ်သလဲ ဆိုတာကို ပြန်စဉ်းစားပါတယ်။ အဲဒီလို စဉ်းစားလို်က်တဲ့အခါတို်င်း ကျွန်မကိုယ် ကျွန်မ ကျေနပ်သွားတယ်။

အဲဒီလို စိတ်နှလုံးမျိုးနဲ့ နေ့စဉ်ဖြတ်သန်းနေတာပါရှင်၊ ကျွန်မမှာလည်း စိတ်ဖိစီးမှုတွေ စိတ်ညစ်စရာတွေ ရှိပါတယ်။ စိတ်ညစ်တတ်ပါတယ်။ စိတ်ဓါတ်ကျတတ်ပါတယ်ရှင်။

ဒါတွေကို ကြည့်မယ်ဆိုရင် ကျွန်မတို့ အနေနဲ့ ကိုယ်ရဲ့ဘ၀ကို ဘယ်လို စီမံခန့်ခွဲနေသလဲ၊ နေ့စဉ်နေ့တိုင်းမှာရော၊ ဘယ်လို စိတ်ထားပြီးတော့ ဆုံးဖြတ်သလဲဆိုတာတွေပေါ်မှာ မူတည်ပြီးတော့  ကိုယ့်ဘ၀က အေးချမ်းသလား၊ ပူလောင်နေသလား
ဆိုတာတွေ ဖြစ်ပေါ်လာတာပါ။

မတူတဲ့ အမြင်များရှိရင်လည်း ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment