Latest News

Tuesday, February 21, 2017

အမေရိကန် ဒုတိယသမ္မတမိုက်ပန့်စ်ရဲ့ စကားက မဟာမိတ်တွေကို စိတ်သက်သာရာရစေပါတယ်

အမေရိကန် ဒုတိယသမ္မတမိုက်ပန့်စ်ရဲ့ စကားက မဟာမိတ်တွေကို

စိတ်သက်သာရာရစေပါတယ်

ဖေဖော်ဝါရီ ၁၉ - အမေရိကန်ရဲ့နေတိုးအဖွဲ့အပေါ်ထားရှိတဲ့ ကတိစကားဟာ မပြောင်းလဲကြောင်း အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က စနေနေ့ကပြောခဲ့ပါတယ်။ ထရမ့်အစိုးရရဲ့လမ်းကြောင်းနဲ့ပတ်သက်လို့ မဟာမိတ်တွေကို စိတ်သက်သာရာရစေပေမဲ့ ဝါရှင်တန်က ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သူ့နိုင်ငံဆက်ဆံရေး အပေါ်ဘယ်လိုရှုထောင့်က မြင်နေသလဲဆိုတာ မေးစရာဖြစ်လာပါတယ်။

ဂျာမန်ဝန်ကြီးချုပ် အန်ဂလာမာကယ်က အီးယူ၊ နေတိုးနဲ့ ကုလသမဂ္ဂတို့အပါအဝင် နိုင်ငံပေါင်းစုံပါဝင်တဲ့အဖွဲအစည်း တွေကို အင်အားပိုမိုတောင့်တင်းအောင်လုပ်ဖို့ တိုက်တွန်းပြီးလွတ်လပ်ပြီး အမှီအခိုကင်းတဲ့ စာနယ်ဇင်းရဲ့ ကောင်းကျိုး တွေကို ချီးကျူးထောပနာပြုခဲ့ပါတယ်။
နေတိုးဟာ ခေတ်ကုန်နေပြီလားဆိုတဲ့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ မေးခွန်းကြောင့်စိုးရိမ်မှုတွေမြင့်တက်လာတာကို ဒုသမ္မတ အနေနဲ့ သူ့ရဲ့ပထမဆုံးနိုင်ငံခြားခရီးစဉ်အတွင်း ပန့်စ်ကချက်ချင်းဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။

ပန့်စ်က မြူးနစ်လုံခြုံရေးကွန်ဖရန့်မှာ ကျွန်တော်ဒီအာမခံချက်ပေးချင်ပါတယ်၊ အမေရိကန်နိုင်ငံဟာ နေတိုးကိုခိုင်ခိုင် မာမာထောက်ခံပြီး ကျွန်တော်တို့ရဲ့ အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ်အဖွဲ့အတွက် ကျွန်တော်တို့ရဲ့ ကတိစကားကို မယိမ်းမယိုင်စေရပါဘူးလို့ ပြောခဲ့ပါတယ်။
ခင်ဗျားတို့ရဲ့ရုန်းကန်ရမှုဟာ ကျွန်တော်တို့ရဲ့ရုန်းကန်ရမှုပါပဲ၊ ခင်ဗျားတို့ရဲ့အောင်မြင်မှုက ကျွန်တော်တို့ရဲ့အောင်မြင် မှုပဲလို့ ပန့်စ်က ပြောပါတယ်။ပန့်စ်မပြောခင် မိန့်ခွန်းပြောခဲ့တဲ့ မာကယ်က သူနဲ့တခြားခေါင်းဆောင်တွေဟာ အားလုံးအင်အားတောင့်တင်းရေး အတွက် အတူပူးပေါင်းလုပ်ဆောင်ကြမယ်လို့ဆိုပါတယ်။

ထရမ့်အစိုးရရဲ့ နိုင်ငံတကာကိစ္စအပေါ်ချဉ်းကပ်ပုံနည်းလမ်းတွေကြောင့် မဟာမိတ်တွေကြား စိုးရိမ်မှုတွေမြင့်တက် လာပြီး အမေရိကန်ဟာ နိုင်ငံတကာဖိုရမ်တွေမှာ အလုပ်လုပ်ဖို့အတွက် စိတ်ဝင်စားမှုမရှိသလောက်ဖြစ်မှာကို ပူပန်နေ ပါတယ်။

ကျွန်မတို့က အတူတကွဆက်ပြီး ပူးပေါင်းနိုင်မလား၊ ဒါမှမဟုတ် တစ်နိုင်ငံချင်းစီတာဝန်ရှိမှုဆီပြန်ရောက်သွားမလားလို့ မာကယ်က ပြောပါတယ်။ ကမ္ဘာကြီးပိုမိုသာယာအောင် အတူလုပ်ဆောင်ကြရင် ကျွန်မတို့ တစ်ယောက်ချင်း စီအတွက် ပိုမိုကောင်းမွန်တဲ့အရာတွေဖြစ်လာမှာပါလို့လည်း ဆက်ပြောပါတယ်။

ထရမ့်က အီးယူ ၂၈ နိုင်ငံထဲက ဗြိတိန်ထွက်မယ့်ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် အီးယူဆိုင်ရာ အမေရိကန် သံအမတ်ကြီးဖြစ်ဖို့ အဓိကရွေးချယ်ခံထားရတဲ့ တက်မာလို့ခ်ျက ဝါရှင်တန်ဟာအီးယူအဖွဲ့ကို တစ်နည်းတစ် ဖုံသံသယဝင်နေပြီး နိုင်ငံတစ်ခုချင်းစီနဲ့သာ အလုပ်လုပ်ကိုင်ဖို့ ပိုမိုလိုလားတယ်လို့ပြောခဲ့ပါတယ်။

ပန့်စ်ကသူ့မိန့်ခွန်းထဲမှာဥရောပသမဂ္ဂကို ထည့်သွင်းပြောဆိုခြင်းမရှိတဲ့အတွက် ပြင်သစ်ဝန်ကြီးချုပ်ယန်းမာ့ခ်အိုင်ရော့ က မြူးနစ်မှာ ဒုသမ္မတ ပန့်စ်ကအတ္တလန္တိတ် မဟာမိတ်အဖွဲ့နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ကတိစကားတွေကို ထပ်ပြောခဲ့တယ်၊ ဒါပေမဲ့ အီးယူနဲ့ပတ်သက်လို့ တစ်ခွန်းမှမပြောခဲ့ဘူးလို့ တွစ်တာမှာရေးခဲ့ပါတယ်။
ဒါပေမဲ့ပန့်စ်က အမေရိကန်ဟာ ဥရောပနဲ့ခိုင်မာတဲ့ မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့နဲ့ မိတ်ဆွေလမ်းကြောင်း ပေါ်မှာဆက်လက်ရှိနေကြောင်းပြောပါတယ်။

စုပြည့်စုံ

[ref: AP, Feb 19, 2017.]

Kumudra


No comments:

Post a Comment