Latest News

Tuesday, February 14, 2017

ရဲတပ်ဖွဲ့ဝင်ကို ကားဖြင့်ဝင်တိုက်ကာ ထွက်ပြေးမောင်းနှင်သူကို ပုဒ်မလေးခုဖြင့် ဖမ်းဆီး အရေးယူ

ရဲတပ်ဖွဲ့ဝင်ကို ကားဖြင့်ဝင်တိုက်ကာ ထွက်ပြေးမောင်းနှင်သူကို ပုဒ်မလေးခုဖြင့် ဖမ်းဆီး အရေးယူ

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်အတွင်း ဆိုင်ကယ်ဖြင့် လှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်ကို ဖေဖော်ဝါရီ ၁၃ ရက်က ကားဖြင့်တိုက်ကာ ထွက်ပြေးမောင်းနှင်သူကို ပုဒ်မလေးခုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ဖေဖော်ဝါရီ ၁၄ ရက်က သိရသည်။

မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၃ ရက်နံနက် ၂ နာရီခန့်တွင် နယ်မြေအတွင်း ဆိုင်ကယ်ဖြင့် လှည့်ကင်းဆောင်ရွက်နေစဉ် မြောက်ဥက္ကလာပမြို့နယ် (စ)ရပ်ကွက် သန္တာ (၆) လမ်းထိပ် လမ်းနံဘေးအုတ်ခုံပေါ်၌ အရက်သောက်နေသော မြောက်ဥက္ကလာပမြို့နယ်နေ ဇော်သန့်၊ ဖြူတုတ် (ခ) ထက်ကျော်ကို၊ အငယ်လေး (ခ) သန့်ဇင်အောင်နှင့် ဉာဏ်လင်းတို့ လေးဦးကို ညဥ့်နက်နေပြီဖြစ်၍ အိမ်ပြန်ကြရန် ပြောဆိုခဲ့ရာ ယင်းလူငယ်လေးဦးအနက် ဇော်သန့်က 8I----- စူပါကာစတန်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ် (စ) ရပ်ကွက် မေဓာဝီလမ်းမကြီးနှင့် ၀ဇီရာလမ်းဆုံအနီး၌ ဆိုင်ကယ်ဖြင့် လှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ကြပ် .... စီးနင်းသော ဆိုင်ကယ်အား အနောက်မှဝင်တိုက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

၎င်းယာဉ်သည်  ရွှေပေါကံ္ကမြို့သစ် (၁၂) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ရှေ့တွင် ရပ်ထားသည်ကို တွေ့ရကာ ဇော်သန့်၏ ဖခင်ဖြစ်သူ ဦးမျိုးခိုင်၏ယာဉ် ဖြစ်ကြောင်း သိရပြီး ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၃ နာရီခန့်တွင် အိမ်သို့ပြန်လာ၍ ယာဉ်ကိုထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇော်သန့်အား ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၄၂ ရပ်ကွက်ရှိ နေအိမ်တွင် ဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်အား အသေးစိတ် စစ်ဆေးချက်အရ ဇော်သန့်နှင့်အတူ အရက်သောက်ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဉာဏ်လင်းနှင့် ထက်ကျော်ကိုတို့အား စစ်ဆေးရာ ယာဉ်မောင်း ဇော်သန့်က ၎င်းတို့ အရက်သောက်သည်ကို ပြန်ကြရန် ပြောဆိုသည့် ရဲတပ်ဖွဲ့ဝင်များအား ကားဖြင့် လိုက်တိုက်သတ်မည်ဟု ပြောဆိုပြီး စိတ်ကူးကြံရွယ်ချက်ဖြင့် တရားခံ ဇော်သန့်က ၎င်းမောင်းနှင်သည့် မော်တော်ယာဉ်ဖြင့် ရဲတပ်ဖွဲ့ဝင်များအား လိုက်လံ တိုက်သတ်သဖြင့် ရဲတပ်ကြပ် ညီညီထွေး သေဆုံးခဲ့ပြီး ရဲဒုတပ်ကြပ် ရဲသီဟမှာလည်း ဆိုင်ကယ် လဲကျ၍ ဒဏ်ရာများ ရရှိခဲ့သဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၃၃/၂၇၉/၂၀၂ ဖြင့် ပုဒ်မပြောင်းလဲ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ဇော်သန့် (ဓာတ်ပုံ - Yangon Police)

Eleven

No comments:

Post a Comment