Latest News

Wednesday, February 8, 2017

ပြည်ခိုင်ဖြိုးပါတီရုံးဖွင့်လှစ်ထားသည့် ဟင်္သာတမြို့ရှိ ယခင်ပြည်သူ့ကျန်းမာအဆောက်အဦးနှင့် မြေနေရာအား ပြည်သူ့လက်ဝယ်ပြန်လည်ရရှိရန် ဧရာဝတီတိုင်းလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်မေးခွန်းမေးမြန်း

ပြည်ခိုင်ဖြိုးပါတီရုံးဖွင့်လှစ်ထားသည့် ဟင်္သာတမြို့ရှိ ယခင်ပြည်သူ့ကျန်းမာအဆောက်အဦးနှင့် မြေနေရာအား ပြည်သူ့လက်ဝယ်ပြန်လည်ရရှိရန် ဧရာဝတီတိုင်းလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်မေးခွန်းမေးမြန်း

                                      ဟင်္သာတ ဖေဖော်ဝါရီ ၆

ပြည်ခိုင်ဖြိုးပါတီရုံးဖွင့်လှစ်ထားသည့် ဟင်္သာတမြို့ရှိ ယခင်ပြည်သူ့ကျန်းမာအဆောက်အဦး နှင့် မြေနေရာအား ပြည်သူ့လက်ဝယ်ပြန်လည်ရရှိရန် ဧရာဝတီတိုင်းလွှတ်တော်၌ လွှတ်တော် ကိုယ်စားလှယ်က မေးခွန်းမေးမြန်းခဲ့သည်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေး၊ တတိယ နေ့(ဖေဖော်ဝါရီလ ၆ ရက်)၌ ကြယ်ပွင့်ပြမေးခွန်း၏ ဆက်စပ်မေးခွန်းအဖြစ် ၄င်းက ထိုသို့မေးမြန်း ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်မဲဆန္ဒနယ် ဟင်္သာတမြို့ပေါ်ရှိ ပါတီအဖွဲ့အစည်းတစ်ရပ် နေရာယူအသုံးပြုနေသော အဆောက်အဦးနှင့် မြေနေရာမှာ ယခင်က ပြည်သူ့ကျန်းမာအဆောက်အဦးနှင့် မြေနေရာဖြစ်ပါတယ်။ သို့ပါ၍ ပြည်သူပိုင်(သို့)ဌာနပိုင်မြေများအား ပြည်လည်စီစစ်ပြီး ပြည်သူ့လက်ဝယ်သို့ ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်ပါရန် ဆက်စပ်မေးမြန်းအပ်ပါတယ်”ဟု ဟင်္သာတမဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုကိုဦးက မေးမြန်းခဲ့သည်။

ကြယ်ပွင့်ပြမေးခွန်းမေးမြန်းရာတွင် ဌာနဆိုင်ရာအချို့၏ဌာနပိုင်အဆောက်အဦး၊ မြေ၊ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား လွှဲပြောင်းရောင်းချငှားရမ်းရာတွင် ပွင့်လင်းမြင်သာမှုမရှိခဲ့သည်ကိုတွေ့ရှိပါသောကြောင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအနေဖြင့် မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း ဦးအောင်ကိုကိုဦးက လွှတ်တော်သို့တင်ပြခဲ့သည်။

“ဟင်္သာတမြို့ပေါ်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဌာနပိုင် ယခင်စားဖျော်လုပ်ငန်းမြေနေရာ၊ အဆောက်အဦး၊ ကုန်သွယ်လယ်ယာပိုင်အဆောက်အဦးနှင့် မြေနေရာတို့အား ပုဂ္ဂလိကသို့ငှားရမ်း ထားမှုများတွေ့ရှိနေရပါတယ်။ ထိုသို့ငှားရမ်းထားရာတွင် ငှားရမ်းမှုတို့မှာ မည်သည့်နှစ်တွင် သက်တမ်း ကုန်ဆုံးမည်၊ မည်မျှဝင်ငွေဖြင့် ငှားရမ်းသည်၊ ငှားရမ်းသည့်ဝင်ငွေများသည် အစိုးရသို့ နှစ်စဉ်ဝင်ငွေမည်မျှဝင်ပါသလဲဆိုတာ ပွင့်လင်းမြင်သာစွာပြည်သူများမသိရှိရပါ။ သို့ဖြစ်ပါသောကြောင့်  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြန်လည်စီစစ်ပေးနိုင်ပါရန် လွှတ်တော်မှတဆင့်မေးမြန်းအပ်ပါ တယ်”ဟု ၄င်းက တင်ပြခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က လွှတ်တော် ၌ ပြန်လည်ဖြေကြားရာတွင် မိမိတို့အစိုးရသစ်တာဝန်ယူချိန်တွင် နိုင်ငံတော်ပိုင်မြေများ၊ စည်ပင်သာယာရေး အဖွဲ့ပိုင်မြေများကို ပုဂ္ဂလိက၊ ပါတီအဆောက်အဦး၊ ပုဂ္ဂိုလ်များအား ငှားရမ်း/ ချထားပေးခဲ့ခြင်းမရှိ ကြောင်း ကနဦးပြောကြားခဲ့ပြီး မေးမြန်းချက်များအား ပြည့်စုံစွာဖြေကြားနိုင်ရန် ဌာနဆိုင်ရာများနှင့် ပြန်လည်စီစစ်ပြီး ပြန်လည်တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟင်္သာတမြို့ရှိ ယခင်ပြည်သူ့ကျန်းမာအဆောက်အဦးနှင့် မြေနေရာ၌ လက်ရှိတွင် ဟင်္သာတ မြို့နယ်နှင့် ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး ဖွင့်လှစ်ထားပြီး ဟင်္သာတခရိုင်သည် ပြည်ခိုင်ဖြိုးပါတီထိပ်တန်း ခေါင်းဆောင်များဖြစ်သည့် ဦးဌေးဦး၊ ဦးတင်ထွဋ်၊ ဦးသန်းဌေး၊ ဦးသိန်းအောင် တို့ရွေးကောက်ပွဲဝင်ခဲ့ သည့်ဒေသဖြစ်သည်။
Thura Aung

No comments:

Post a Comment