Latest News

Tuesday, February 28, 2017

မြန်မာ့ရော်ဘာ ဂျပန်ဝယ်မည်

မြန်မာ့ရော်ဘာ ဂျပန်ဝယ်မည်



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ပြည်ပနိုင်ငံများသို့ တင်ပို့မှု နည်းပါးသော မြန်မာနိုင်ငံထွက် ရော်ဘာကို ဂျပန်နိုင်ငံမှ Bridgestone မော်တော်ယာဉ် တာယာစက်ရုံက ဝယ်ယူမည်ဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သည့်အဖွဲ့ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၉ ရက်နေ့အထိ သွားရောက်ခဲ့သည့် ဂျပန်နိုင်ငံ ခရီးစဉ်တွင် ဂျပန်အစိုးရ အပါအဝင် မြငိါနျအသညန စက်ရုံနှင့် ဆွေးနွေးခဲ့ကြ ခြင်းဖြစ်ပြီး သဘောတူညီမှုများရရှိခဲ့ ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“သူတို့က ဝယ်မယ်လို့ ကတိပြန်ပေးခဲ့တယ်။ ဒါပေမဲ့ ပမာဏနဲ့အချိန်ကတော့ မဆွေးနွေးရသေးပါဘူး”ဟု စီးပွား/ကူးသန်း လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောဆိုသည်။

ထိုသို့ဝယ်ယူနိုင်ရန် ရော်ဘာထုတ်လုပ်မှု အရည်အသွေး မြင့်တက်စေရန် ကနဦး နည်းပညာ အကူအညီများ ပေးသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထိုသို့ဂျပန်နိုင်ငံက မြန်မာ့ရော်ဘာ ထုတ်လုပ်မှုအတွက် နည်းပညာ အကူအညီ ပေးအပ်မည်ဆိုပါက အရည်အသွေး မြင့်လာမည်ဖြစ်ခြင်းကြောင့် အခြားသော  နိုင်ငံများကလည်း မြန်မာ့ရော်ဘာကို လိုက်ပါ ဝယ်ယူလာနိုင်ကြောင်း၊ ထို့ကြောင့် ရော်ဘာ စိုက်ပျိုးတင်ပို့သူများအတွက် အကျိုးရှိမည့်အပြင် နိုင်ငံအတွက်လည်း အခွန်ငွေများ ပိုမို ရရှိလာနိုင်ကြောင်း ရော်ဘာ လုပ်ငန်းရှင်များက ပြောကြားသည်။

လက်ရှိ၌ ရော်ဘာကို တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် အဓိက တင်ပို့လျက်ရှိပြီး ပင်လယ်ရေကြောင်းဘက်ကမူ အရည်အသွေး လိုအပ်ချက်ကြောင့် နိုင်ငံအချို့သို့ ပမာဏ အနည်းငယ်သာ တင်ပို့နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice

No comments:

Post a Comment