Latest News

Tuesday, February 14, 2017

ထိုင်ဝမ်တွင် အလည်အပတ် ခရီးသွား ဘတ်စ်ကားတိမ်းမှောက်ပြီး လူ ၃၂ ဦးသေဆုံး

ထိုင်ဝမ်တွင် အလည်အပတ် ခရီးသွား ဘတ်စ်ကားတိမ်းမှောက်ပြီး လူ ၃၂ ဦးသေဆုံး



ထိုင်ဝမ်တွင် အလည်အပတ် ခရီးသွား ဘတ်စ်ကားတစ်စီး တိမ်းမှောက်ရာ လူ ၃၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက ထိုင်ပေမြို့တော်အနီး အဝေးပြေး လမ်းတစ်နေရာတွင် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ “ခရီးသည် အများစုက သက်ကြီးပိုင်းတွေပါ။ တိုင်ချောင်က ချယ်ရီပန်းတွေ ပွင့်နေတဲ့ ဝူလင်း လယ်တောကို သွားကြည့်ပြီး အပြန်မှာ အခုလို ဖြစ်သွားတာပါ”ဟု ထိုင်ဝမ်၏ CAN သတင်းဌာန၏ ဖော်ပြချက်တွင် ပါရှိသည်။

ကားပေါ်တွင် လူ ၄၄ ဦး လိုက်ပါခဲ့ပြီး အားလုံးမှာ ထိုင်ဝမ်နိုင်ငံသားများဟု ယုံကြည်ရသည်။ ကယ်ဆယ်ရေး အဖွဲ့က ဆေးရုံသို့ လူ ၁၂ ဦးကို တင်ပို့ပေးခဲ့ရကြောင်း ပြောကြားထားသည်။ ဘတ်စ်ကား တိမ်းမှောက်ရသည့် အကြောင်းရင်းကိုမူ လတ်တလော မဖော်ထုတ်နိုင်သေးချေ။

“လမ်းကွေ့ တစ်နေရာမှာ ဖြစ်တာပါ။ ဘတ်စ်ကား လုံးဝ ပက်လက်လန်သွားတယ်။ အရှိန်မထိန်းနိုင်လို့ မှောက်သွားတာလို့တော့ လောလောဆယ် ခန့်မှန်းထားတယ်”ဟု ထိုင်ပေမှ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဌာန အရာရှိ တစ်ဦးဖြစ်သော တူဘင်ချန်းက ဆိုသည်။ “ဘတ်စ်ကား တစ်စီးလုံးရဲ့ ပုံသဏ္ဍန်ပါ ပြောင်းသွားတာ။ ထွက်ပေါက်တွေကလည်း ကွေးပြီး ပိတ်နေတော့ အထဲကလူတွေ ထွက်မရဘူး ဖြစ်နေခဲ့ပါတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

လူမှုကွန်ရက် မီဒီယာများပေါ်၌ ဘတ်စ်ကားကို ကရိန်းအကူအညီဖြင့် ပြန်လည် တည့်မတ်နေသော ဓာတ်ပုံများ၊ အလောင်းများကို အဝတ်များဖြင့် ဖုံးအုပ်ထားသည့် ဓာတ်ပုံများ လွှင့်တင်ထားကြသည်ကိုလည်း တွေ့ရသည်။ ထိုင်ဝမ်တွင် နှစ်ဝက်မျှ ကာလအတွင်း ဆိုးရွားသည့် ဘတ်စ်ကားမတော်တဆမှုတစ်ခု ဒုတိယအကြိမ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လက တရုတ်မှ ခရီးသည်များကို တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး မီးလောင်မှု ဖြစ်ပွားရာ လူ ၂၆ ဦး အသက်ဆုံးရှုံးခဲ့ဖူးသည်။ ယင်းနောက် တစ်လမျှ အကြာတွင်ပင် ထိုင်ဝမ် အလည်အပတ် ခရီးစဉ် ဘတ်စ်ကားတစ်စီး တံတားပေါ်မှ ချော်ကျခဲ့ရာ ခရီးသည်အချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Ref: CNA


7Day News Journal

No comments:

Post a Comment