Latest News

Thursday, February 9, 2017

ပြည်သူသာပါမယ်ဆိုရင်

ပြည်သူသာပါမယ်ဆိုရင်

ခိုင်ကြည်သစ် February 7, 2017

(၁)

ပြည်သူရဲ့ တစ်ခဲနက်ထောက်ခံမှုနဲ့ အစိုးရဖြစ်လာတဲ့ လက်ရှိ အစိုးရရဲ့မူဝါဒကတော့ ‘အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေးနဲ့ ပြည်သူလူထုအများစုရဲ့ လူနေမှုဘဝ အဆင့်အတန်းတိုးတက်မြင့်မားရေး’တို့ပဲ ဖြစ်ပါတယ်။ အဲဒီမူဝါဒတွေ အားလုံးရဲ့ အခြေခံဟာဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပဲဖြစ်ပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိနိုင်ဖို့အတွက် တိုင်းရင်းသားအချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုဆိုတာ တန်းတူညီမျှမှုရှိမှ ရရှိနိုင်မှာ ဖြစ်ပါတယ်။ တန်းတူညီမျှဖို့ဆိုရင် တန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာဖို့ လိုအပ်ပါတယ်။

တစ်ပြိုင်နက်တည်းမှာ ပြည် သူလူထုအများစုရဲ့ လူနေမှုဘဝ အဆင့်အတန်းတိုးတက်မြင့်မား ရေးကို အကောင်အထည်ဖော်နိုင် ဖို့ ပြည်သူ့အရေးအရာတွေကို ဆွေးနွေးငြင်းခုံ အတည်ပြုပေး မယ့် လွှတ်တော်နဲ့ စီမံခန့်ခွဲပေး မယ့် အစိုးရဟာ ရာနှုန်းပြည့် ပြည် သူကို တာဝန်ခံတဲ့ အဖွဲ့အစည်း တွေဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါ့အ ပြင် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက် တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုကိုသာ ဆိုလိုတာ မဟုတ်ဘဲ နိုင်ငံသားရဲ့ အခွင့်အ ရေး၊ စံနှုန်းတွေကို အပြည့်အဝရ ရှိနိုင်မှု၊ လူ့အခွင့်အရေး၊ နိုင်ငံ သား အခွင့်အရေး အပြည့်အဝရ ရှိခြင်း ရှိ၊ မရှိဆိုတာကိုလည်း ထည့်သွင်းတွက်ချက်ရမှာ ဖြစ်ပါ တယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရကတော့ နိုင်ငံ သားအခွင့်အရေးတစ်ရပ်ဖြစ်တဲ့ ဆန္ဒမဲပေးပိုင်ခွင့်ကို ရာနှုန်းပြည့် မရရှိတဲ့ အနေအထားဖြစ်ပါတယ်။ အသက် (၁၈)နှစ်ပြည့်သူတိုင်း မဲရုံမှာ မဲသွားထည့်ပြီး မိမိတို့ရဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ် ခွင့်ရှိတယ်ဆိုပေမယ့် ၅၂ သန်း သော ပြည်သူလူထုက ရွေးချယ် လိုက်တဲ့ ကိုယ်စားလှယ်တွေဟာ လွှတ်တော်ကြီးတစ်ခုလုံးရဲ့ ၇၅ ရာခိုင်နှုန်းသာဖြစ်ပြီး ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကို လူတစ်ဦးတည်းက စိတ်ကြိုက်ရွေးချယ် ဖြုတ်၊ တပ် လုပ်ဆောင်နေတယ်ဆိုတဲ့ အ ချက်တစ်ချက်တည်းနဲ့တင် နိုင်ငံ သားအခွင့်အရေး အပြည့်အဝမရ ရှိတဲ့ အနေအထားဆိုတာ သိသာ ထင်ရှားနေပြီ ဖြစ်ပါတယ်။ ၅၂ သန်းက ၇၅ ရာခိုင်နှုန်းကို ရွေးချယ်ခွင့်ရပြီး တစ်ဦးတည်းက ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကို ရွေးချယ်ခွင့်ရရှိ တဲ့အတွက် အဲဒီတစ်ဦးတည်းရဲ့ လွှတ်တော်ကတစ်ဆင့် နိုင်ငံကို စီမံခွင့်ဟာ သာမန်ပြည်သူတစ်ဦး ထက် အဆ ၁၇ ဒသမ ၃၃ သန်း ပိုများတယ်ဆိုတာကို ရှင်းရှင်း လင်းလင်း ပြတ်ပြတ်သားသားမြင် နိုင်ဖို့ လိုအပ်ပါတယ်။ ပြည်သူလူ ထုအနေနဲ့ ရရှိထားတဲ့ အခွင့်အ ရေး ၇၅ ရာခိုင်နှုန်းကလေးကိုပဲ အမိအရကိုင်စွဲပြီး မိမိတို့လိုလား တဲ့ ပါတီကို အစိုးရဖွဲ့နိုင်ဖို့ ကြိုး ပမ်းကြပြန်တော့လည်း အရေးပါ တဲ့ အုပ်ချုပ်ရေးဌာနတွေကို အ ရွေးချယ်ခံအစိုးရက ခန့်အပ်ပိုင် ခွင့်မရှိဘဲ သာမန်ပြည်သူတစ်ဦး ထက် အခွင့်အရေးအဆ ၁၇ ဒသမ၃၃ သန်းယူထားပြီး သူကပဲ ခန့် အပ်ပြန်ပါတယ်။ အရွေးချယ်ခံ အစိုးရအနေနဲ့ ဝန်ဆောင်မှုလုပ်ရ တဲ့ ဝန်ကြီးဌာနတွေကိုသာ စီမံခွင့် ရနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထုအ နေနဲ့ မိမိတို့ တင်မြှောက်ထားတဲ့ အစိုးရကိုပဲဖြစ်ဖြစ်၊ လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကိုပဲဖြစ်ဖြစ်၊ အနာဂတ်ကို မျှော်တွေးရာမှာပဲဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေကို ရှင်းရှင်း လင်းလင်းမြင်ထားဖို့လိုသလို အဲ ဒီဖွဲ့စည်းပုံကို ပြင်ဆင်ရမယ်ဆို တာကိုလည်း ပြတ်ပြတ်သားသား သန္နိဋ္ဌာန်ချထားဖို့ လိုအပ်ပါ တယ်။

(၂)

ဒီနေရာမှာ ဆက်ပြီးစဉ်းစား စရာက ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ရမယ်ဆိုတာ အများစု လက်ခံထားတဲ့ ကိစ္စဖြစ်ပေမယ့် ဘယ်လိုပြင်ဆင်ကြမလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ လက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေရဲ့ ‘အခန်း (၁၂)ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်း’ မှာ ပုဒ်မ ၄၃၃ ကနေ ၄၃၆ အထိ ပုဒ်မ လေးခုသာ ဖော်ပြထားပါတယ်။ ပုဒ်မ ၄၃၃ က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ဥပဒေ ကြမ်းအဖြစ် တင်သွင်းဖို့ သတ် မှတ်ထားတာဖြစ်ပြီး ပုဒ်မ ၄၃၄ ကတော့ အဲဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းရမယ်လို့ ဖော်ပြထားပါတယ်။ ပုဒ်မ ၄၃၅ ကတော့ အဲဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ရာခိုင်နှုန်းက တင်ပြလာရင် အဲဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရ မယ်လို့ ဆိုပါတယ်။ အဲဒီအထိကတော့ လက်ရှိ လွှတ်တော်အခင်း အကျင်းမှာ လွယ်လွယ်လေး ဆောင်ရွက်နိုင်ပါတယ်။ ဒါပေမဲ့ ပုဒ်မ ၄၃၆ ပုဒ်မ ခွဲ (က)နဲ့ (ခ)အရ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ပြင်ဆင်ဖို့ဆိုရင် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ ဆန္ဒမဲနဲ့သာ ပြင်ဆင်ရမယ်လို့ ပြဋ္ဌာန်းထားပြန်ပါတယ်။ ဆိုလိုတာကတော့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ပြင်ဆင်ချင်တယ်ဆိုရင်တောင်မှ ကျန်တဲ့ ရွေးကောက်ခံမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက လက်မခံရင် (တစ်နည်းအားဖြင့် သူတို့ကို လွှတ်တော်ထဲစေလွှတ်ထားတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သဘောမတူရင် ပြင်လို့မရဘူး)ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ဒီအခြေခံပေါ်က စဉ်းစားရင်တော့ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးဟာ ဘယ်လိုမှ ဖြစ်မလာစရာ အကြောင်းမရှိပါ ဘူး။ လက်ရှိ ဖွဲ့စည်းပုံရဲ့ ပျော့ ကွက်၊ အားနည်းချက်ကို ရှာဖွေပြီးထွက်ပေါက်ရှာဖို့ ဆိုတာဟာလည်း လွယ်ကူလှတဲ့ အလုပ် မဟုတ်သလို သဘောတရားရေး အရ အမြဲမှန်ကန်တဲ့ စဉ်းစားတွေး ခေါ်မှု မဟုတ်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရဖွဲ့ပြီး သိပ်မကြာခင် ရက်ပိုင်းမှာပဲ ၂၀၁၆ ခုနှစ် မြန်မာ့ ရိုးရာ မဟာသင်္ကြန် နှစ်သစ်ကူး မိန့်ခွန်းကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့ရာမှာ ‘‘ကျွန်မတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးကိုလည်း လိုအပ်ပါ တယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ တကယ့်စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတစ်ခုကို ပေါက်ဖွား စေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုဖြစ်ဖို့လိုပါတယ်။ ဒီလိုဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လုပ်တဲ့နေရာမှာ ကျွန်မတို့ဟာ ပြည်သူလူထုကို မထိခိုက်တဲ့နည်း တွေကိုပဲ ကျွန်မတို့ သုံးမှာပါ။ ကျွန်မတို့ရဲ့ နိုင်ငံရဲ့ အေးချမ်းမှုကို ထိခိုက်တဲ့နည်းတွေနဲ့ ကျွန်မတို့ လုပ်ဆောင်သွားမှာ မဟုတ်ပါ ဘူး’’လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေ မဲ့ ပြည်သူမနာမယ့် နည်းလမ်းအ ဖြစ် ဘယ်နည်းလမ်းကို အသုံးပြု မယ်ဆိုတာတော့ ရှင်းပြပြောဆို ထားခြင်းမရှိသေးပါဘူး။

လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ပြဋ္ဌာန်းချက်တွေအရ ဘယ်လိုမှ မဖြစ်နိုင်သလို တစ်ဖက်မှာလည်း ပြည်သူမနာအောင် ဆောင်ရွက်ရမှာ ဖြစ်တာကြောင့် ဒီကိစ္စဟာ အတော်မလွယ်ကူတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၆ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ ကျင်းပခဲ့တဲ့ အပစ်ရပ်စာချုပ်တစ် နှစ်ပြည့် နှစ်ပတ်လည်အခမ်းအ နားမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက် တဲ့ အစိုးရဲ့ မူဝါဒလမ်းစဉ် ခုနစ် ရပ်ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ချပြရာမှာတော့ ပင်လုံ ညီလာခံကျင်းပမယ်။ အဲဒီညီလာ ခံက ဆွေးနွေးချက်တွေကို ခြုံငုံပြီး ပင်လုံသဘောတူညီချက်ချုပ်ဆို မယ်။ အဲဒီ ၂၁ ရာစု ပင်လုံသဘော တူညီချက်တွေနဲ့အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲ ပြီး လူထုဆန္ဒခံယူအတည်ပြုမယ်။ အသစ်ဖြစ်ပေါ်လာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲတွေ ထပ်မံကျင်းပမယ်ဆိုတာ တွေကို ချပြပြောဆိုခဲ့ပါတယ်။ ဒါ ဟာ လူထုခေါင်းဆောင် ညွှန်းဆို တဲ့ လူထုမနာတဲ့နည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဝမ်းသာစရာ ကောင်းတာက တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)မှာ ပါဝင်လက်မှတ်ရေးထိုး ထားခြင်းမရှိသေးတဲ့ တိုင်းရင်း သားလက်နက်ကိုင်တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC)အနေနဲ့ လည်း အဲဒီမူဝါဒလမ်းစဉ် ခုနစ်ရပ် ကို အပြုသဘောဆောင် ချဉ်းကပ်ပြီး ပူးပေါင်းပါဝင်သွားမယ်လို့ ဆို ခဲ့ခြင်းပါ။

ဒါပေမဲ့ ဝမ်းနည်းစရာက တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး စဉ်ဆက်မပြတ်ပြောဆိုခဲ့ သူ၊ အကြံဉာဏ်ကောင်းပေးနိုင်သူ တစ်ဦး လုပ်ကြံခံလိုက်ရခြင်းပဲဖြစ် ပါတယ်။ ဘာကြောင့် ဘယ်သူက လုပ်တယ်ဆိုတာကို တရားဝင် ပြောဆိုနိုင်ခြင်းမရှိသေးပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးနဲ့ ပတ်သက်ဆက်နွှယ်နေတယ် လို့ အများက လက်ခံထားကြပါ တယ်။ ဒီလုပ်ကြံမှုကြောင့် အစိုးရ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး မူဝါဒအပေါ် ကြီးမားတဲ့ သက်ရောက်မှု၊ ပြောင်းလဲမှုရှိမှာ မဟုတ်ပေမယ့် ပြည်သူမနာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးဟာ ထင်ထားသလောက် မလွယ်ဘူးဆိုတာကိုတော့ ဖော် ညွှန်းပြောပြနေပါတယ်။

(၃)

ဘယ်လိုအခက်အခဲတွေပဲရှိ ရှိ တိုင်းပြည်သစ်ကို ချီတက်နိုင်ဖို့ ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးကို မဖြစ်မနေဆောင်ရွက် ရမှာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ် အ ကောင်အထည် ပေါ်လာဖို့ဟာ လည်း ပြည်သူတစ်ရပ်လုံးကသာ အဓိကဖြစ်တယ်ဆိုတာကိုတော့ မမေ့အပ်ပါဘူး။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အတားအဆီးတွေကို ပြည်သူ့အားနဲ့ ကျော်လွှားခဲ့ကြပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမှာလည်း ပြည် သူသာပါမယ်ဆိုရင် မြန်မြန်နဲ့ မှန် မှန် အကောင်အထည်ဖော်နိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပြည်သူမနာမယ့် နည်းလမ်းတွေ ကို ကျင့်သုံးရမှာဖြစ်ပေမယ့် တစ် ဖက်မှာလည်း ပြည်သူကို အခြေခံ တဲ့၊ ပြည်သူ့အင်အားကို အခြေပြု တဲ့ နည်းလမ်းတွေကိုလည်း စဉ်း စားသုံးသပ်ပြင်ဆင်ထားသင့်ပါ ကြောင်း တင်ပြလိုက်ရပါတယ်။ ပြည်သူတစ်ရပ်လုံးကလည်း ငြိမ်း ချမ်းရေးဖြစ်စဉ်နဲ့အတူ ကျွဲကူးရေ ပါ ပါလာမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် အ သင့်အနေအထားမှာရှိနေဖို့ ဆန္ဒ ပြုတိုက်တွန်းလိုက်ရပါတယ်။
The Red အနီ

No comments:

Post a Comment