Latest News

Saturday, February 25, 2017

ရန်ကုန်မြို့သစ် စီမံကိန်းကို ကုမ္ပဏီသုံးခုအား ၀ကွက်အပ်လိုက်မည် မဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲမည်ဟုဆို

ရန်ကုန်မြို့သစ် စီမံကိန်းကို ကုမ္ပဏီသုံးခုအား ၀ကွက်အပ်လိုက်မည် မဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲမည်ဟုဆို


ရန်ကုန်မြို့သစ် စီမံကိန်းကို ကုမ္ပဏီသုံးခုအား ၀ကွက်အပ်လိုက်သည့် အခြေအနေမျိုး ဆောင်ရွက်မည်မဟုတ်ဘဲ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၂၅ ရက်တွင် လှည်းကူးမြို့၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

“ရန်ကုန်မြို့ တစ်ဖက်ကမ်းမှာရှိတဲ့ ကြည့်မြင်တိုင် မြို့သစ် စီမံကိန်းကို ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ စတင်ခဲ့တဲ့ စီမံကိန်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီသုံးခုကို အပိုင်ပေးလိုက်တဲ့ ဆောင်ရွက်ထားတဲ့ အခြေအနေဖြစ်တဲ့အတွက် ပြည်သူလူထု တစ်ရပ်လုံးက မကျေနပ်ခဲ့ပါဘူး။ ကျွန်တော်တို့ အစိုးရသစ်က ဒီကုမ္ပဏီသုံးခုကိုပဲ ၀ကွက်အပ်လိုက်တဲ့ အခြေအနေမျိုး ဆောင်ရွက်မှာ မဟုတ်ပါဘူး။ ဒီနေရာအားလုံးကို ပြည်သူလူထုက မြေနေရာတွေကို ထိန်းသိမ်းထားပြီး စီမံခန့်ခွဲတဲ့ပုံစံနဲ့ အစိုးရက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ၀င်ရောက်ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်ပေါင်း ၂၀၀၀ ကျော်လောက် ရှိပါတယ်။ ဒီလူတွေ အားလုံးပါဝင်ဆောင်ရွက်နိုင်တဲ့ မြို့သစ်စီမံကိန်းကြီး တစ်ရပ်ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို မမြှင့်တင်နိုင်သေးဘဲနဲ့ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်မှာ မဟုတ်ပါဘူး” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါ စီမံကိန်းသည် ကြည့်မြင်တိုင် တစ်ဖက်ကမ်း တွံတေး၊ ဆိပ်ကြီးခနောင်တိုစသည့် သုံးမြို့နယ်တွင် အကောင်အထည် ဖော်မည်ဖြစ်သည်။

ရန်ကုန်မြို့တွင် တိုးပွားလာသည့် လူဦးရေအတွက် အိမ်ရာ၊ လူနေရပ်ကွက်၊ စက်ရုံအလုပ်ရုံနှင့် အခြားစီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် လိုအပ်နေကြောင်း၊ မြို့ပြလူဦးရေ တိုးပွားလာမှုနှင့် လိုက်လျောညီထွေဖြစ်မည့် လူနေအိမ်ရာ၊ မြေနေရာများ တိုးချဲ့ရန် စီစဉ်ထားခြင်း၊ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် စီစဉ်ထားခြင်းမရှိပါက ရန်ကုန်မြို့အနေဖြင့် ကြီးမားသည့် ပြဿနာများ ကြုံတွေ့လာရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ဆိုသည်။

ယင်းစီမံကိန်းမှာ ပြည်သူများက ပွင့်လင်းမြင်သာမှု မရှိဟု ဝေဖန်ခဲ့ခြင်းကြောင့် ယခင်အစိုးရလက်ထက်တွင် ယင်းစီမံကိန်းကို ရုပ်သိမ်းကာ တရားဝင် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တရားဝင် ရုပ်သိမ်းခဲ့ပြီးဖြစ်သည့် ရန်ကုန်မြို့သစ်စီမံကိန်းသည် ပြီးခဲ့သည့် ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် တစ်ကျော့ပြန် အကောင်အထည်ဖော်ရန် ဖြစ်လာခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လအတွင်းက ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က “ရန်ကုန်မြို့သစ်စီမံကိန်း အမြန်အကောင်အထည်ဖော်ပေးရေး” အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ပြန်လည်တင်သွင်းခဲ့သည်။ အဆိုအား ကန့်ကွက်သည့် ကိုယ်စားလှယ်များ ရှိသော်လည်း ထောက်ခံသူများပြား၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခဲ့ခြင်းကြောင့် ရန်ကုန်မြို့သစ် စီမံကိန်းအား ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့သစ် စီမံကိန်းအား ယခင်အစိုးရလက်ထက်တွင် တင်ဒါအောင်မြင်ခဲ့သည့် ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီ၊ Business Capital City Development Ltd နှင့် ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါးအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့ လုပ်ကိုင်မည်ဖြစ်သည်။    

ထက်ရှိုင်း၊ ဆန်းထူးအောင်

Eleven Media Group

No comments:

Post a Comment