Latest News

Saturday, February 11, 2017

ရဲဝန်ထမ်းအိမ်ရာ ၁၆၀ဝ ခန့် လူနေထိုင်ရန် မသင့်

ရဲဝန်ထမ်းအိမ်ရာ ၁၆၀ဝ ခန့် လူနေထိုင်ရန် မသင့်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မြန်မာနိုင်ငံရဲတပ်ဖွဲ့ပိုင် ဝန်ထမ်းအိမ်ရာများအနက် အဆောက်အအုံ ၁၆၀ဝ ခန့်မှာ သက်တမ်းကြာမြင့်နေပြီဖြစ်ပြီး လူနေထိုင်ရန် မသင့်တော့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောဆိုသည်။

တစ်နိုင်ငံလုံးတွင် ရဲတပ်ဖွဲ့ဝင် ဝန်ထမ်းများ နေထိုင်သည့် လူနေ အဆောက်အအုံ စုစုပေါင်း ၁၄၂၁၀ လုံး၊ ရုံးနှင့် ရဲစခန်း အဆောက်အအုံ ၁၉၅၇ လုံးနှင့် အခြား အဆောက်အအုံ ၂၆၉၄ လုံး၊ စုစုပေါင်း ရဲတပ်ဖွဲ့ပိုင် အဆောက်အအုံ ၁၈၈၆၁ လုံးရှိသည့်အနက် ၁၅၉၈ လုံးမှာ ပျက်စီး ယိုယွင်းနေခြင်းဖြစ်သည်။

ယနေ့ ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ မေးမြန်းမှုနှင့်ပတ်သက်၍ ၎င်းက ပြန်လည် ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင် ဝန်ထမ်းများ၏ နေအိမ်လိုင်းခန်းများသည် ခေတ်ကာလ အခြေအနေအရ အမြင်မတင့်တယ်သည့်အပြင် စိတ်ချမ်းမြေ့စွာ တာဝန် ထမ်းဆောင်နိုင်သည့် အနေအထားမျိုး မဟုတ်ကြောင်း ဦးမြင့်ဦးက ဆိုသည်။

အချို့ အဆောက်အအုံများတွင် ပလပ်စတစ်များ၊ အိတ်များဖြင့် ဖာထေးခြင်း၊ အမိုးမိုးထားခြင်းများနှင့် မပြိုလဲစေရန် ထောက်များ ထောက်ထားခြင်းများပင် ရှိနေသည်ဟု ၎င်းက ဆိုသည်။ ယင်းအခြေအနေက ဝန်ထမ်းများကို မလုံခြုံမှုကိုဖြစ်စေပြီး အန္တရာယ်ရှိသည့် အဆောက်အုံများတွင် လူအင်အားနှင့် လိုင်းခန်း အရေအတွက် မမျှတစွာ နေထိုင်ရခြင်းဖြစ်ကာ စိတ်ဓာတ် ကျဆင်းစေသည်ဟု ဆိုသည်။

“ကျွန်တော့် သနပ်ပင်မြို့နယ်မှာ စခန်းလေးခု ရှိပါတယ်။ တစ်ခုကတော့ အထိုက်အလျှောက် သူ့ဟာသူ ပြင်ထားလို့ နည်းနည်းပါးပါး နေလို့ရပေမယ့် ကျန်တဲ့စခန်းတွေဟာ အန္တရာယ်ရှိပြီးတော့ အမြင်လည်း မတင့်တယ်၊ ဥပဓိရုပ်လည်း အလွန် မကောင်းတာကို တွေ့ရပါတယ်”ဟု ၎င်းကဆိုသည်။

ဝန်ထမ်းအိမ်ယာများ ပြုပြင်ခြင်း၊ အသစ် တည်ဆောက်ခြင်းများမှာ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ရခြင်းဖြစ်ပြီး ဘဏ္ဍာနှစ်အလိုက် နှစ်စဉ် ဖြည့်ဆည်း ဆောင်ရွက်ခဲ့သော်လည်း လိုအပ်ချက်များ ရှိနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနက အရေးကြီးမှု အခြေအနေအပေါ် မူတည်ကာ လိုအပ်သလို ပြုပြင်ရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။

အဆိုပါ အဆောက်အအုံများနေရာတွင် ရဲတပ်ဖွဲ့က သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ အဆောက်အအုံ ၆၃၂ လုံးကို အသစ် ပြန်လည် ဆောက်လုပ်မည်ဖြစ်ပြီး ယင်းအတွက် ကျပ်ဘီလီယံ တစ်ရာကျော် ကုန်ကျမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆောက်အအုံသစ်များ ဆောက်လုပ်မှုကို ပထမ၊ ဒုတိယနှင့် တတိယ ဦးစားပေး အဆင့်အလိုက် လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှစတင်ကာ သုံးနှစ်အစီအစဉ်ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပြီး အဆောက်အအုံများအနေနှင့် ကျယ်ဝန်း သပ်ရပ်ပြီး အဆင့်မီသည့် အဆောက်အအုံများ ဖြစ်မည်ဟု ၎င်းကဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ၁၅ ရုံး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၇၃ ရုံး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ၃၂၅ ရုံး၊ မြို့မရဲစခန်း ၃၂၅ ရုံး၊ နယ်မြေရဲစခန်း ၄၈၃ ခုနှင့် ရဲကင်း ၃၁၈ ခု ရှိသည်။

Sources : The Voice

No comments:

Post a Comment