သေနတ်သမားကြည်လင်း တည်းခိုသွားသည့် ဘုန်းကြီးကျောင်းဝင်းမှ သက်သေခံပစ္စည်း ၁၅ မျိုး တွေ့ရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁
NLD ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံခဲ့သည့် သေနတ်သမား ကြည်လင်း ရက် ၂၀ ကျော် တည်းခိုခဲ့သော မဟာအောင်မြေ ဗိမာန်စာသင်ကျောင်းတိုက်မှ သက်သေခံ ပစ္စည်းများ ဖြစ်သော လူသတ်သမား၏ အသုံးအဆောင်ပစ္စည်း ၁၅ မျိုးကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဇန်နဝါရီလ ၂၉ ရက် ညနေ ပိုင်းက တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သူ ကြည်လင်းကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းမှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ညွန့်ကြီးရပ်ကွက်၊ ကျောင်းလမ်းရှိ မဟာအောင်မြေဗိမ္မာန် စာသင်ကျောင်းတိုက်တွင် တည်းခိုခဲ့ကြောင်း သိရသည်။ ၎င်းတည်းခိုခဲ့သည့် ကျောင်းကို အဆိုပါညတွင် ရဲတပ်ဖွဲ့က ဝင်စစ်ဆေးခဲ့ရာ ကြည်လင်းအမည်ဖြင့် ကျောင်းတွင် တည်းခိုနေသူ မရှိကြောင်း၊ ဖိုးထူးအမည်ဖြင့် တည်းခိုနေသူ ရှိကြောင်း ကျောင်းထိုင်ဆရာတော်ထံမှ သိရှိရသဖြင့် ဖိုးထူးတည်းခိုခဲ့သည့် အခန်းကို ဝင်စစ်ဆေးခဲ့ရာ ကျောပိုးအိတ်တစ်လုံးထဲမှ ကြည်လင်း၏ အသုံးအဆောင်ပစ္စည်း ၁၅ မျိုးကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့သည်။
“သံဃာတော်တွေကို ကြည်လင်းကို ဖိုးထူးလို့ပဲ သိထားကြတာပါ၊ သူနေတဲ့ အခန်းကို ဝင်စစ်ဆေးတော့ ကျောပိုးအိတ်ထဲက ကြည်လင်းရဲ့ မှတ်ပုံတင်၊ လွတ်ငြိမ်းခွင့်နဲ့ ထောင်ကလွတ်လာတဲ့ ကြည်လင်း(ခ) ဖိုးထူးအမည်နဲ့ စာရွက်တစ်ခု၊ အဝတ်အစားနဲ့ လူ့အသုံးဆောင်ပစ္စည်း အားလုံးပေါင်း ၁၅ ခုကို သက်သေခံပစ္စည်း အဖြစ် သိမ်းဆည်းရမိခဲ့တယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
သေနတ်သမား ကြည်လင်းမှာ ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်ပြီး မဟာအောင်မြေဗိမ္မာန် စာသင်ကျောင်းတိုက်တွင် တည်းခိုခဲ့ပြီး ၎င်းမှာ သန်လျင်မြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုတွင် ကန်ထရိုက် လုပ်ကိုင်ရန် ရန်ကုန်သို့ ရောက်ရှိလာခဲ့ကြောင်း ကျောင်းတိုက်မှ ဆရာတော်များထံ အသိပေးခဲ့ပြီး တည်းခိုခဲ့သည့် ရက် ၂၀ ကျော်အတွင်း ၎င်းနှင့် ပတ်သက်သည့် အသိမိတ်ဆွေများကို တစ်ကြိမ်တစ်ခါမှ ကျောင်းသို့ ခေါ်ဆောင်လာခြင်း မရှိခဲ့ကြောင်း စာသင်ကျောင်းတိုက်မှ ဆရာတော်များ၏ ထွက်ဆိုချက်အရ ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
စာသင်ကျောင်းတိုက်တွင် တည်းခိုခဲ့စဉ် မကြာခဏ အလုပ်ကိစ္စဖြင့် အပြင်သို့ တစ်ဦးတည်း ထွက်သွားလေ့ရှိပြီး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရသည့်နေ့က ၎င်းမှာ နံနက် ၆ နာရီကျောင်းမှ ထွက်သွားပြီး ၈ နာရီတွင် ပြန်ဝင်လာခဲ့ကြောင်း၊ ယင်းနောက် မွန်းတည့် ၁၂ နာရီတွင် ပြန်ထွက်သွားရာမှ ညအချိန်တွင် ရဲတပ်ဖွဲ့က လာစစ်ဆေးမှ ကျောင်းတိုက်တွင် တည်းခိုခဲ့သူမှာ သေနတ်သမား ကြည်လင်း ဖြစ်မှန်း သိခဲ့ရကြောင်း စာသင်ကျောင်းတိုက်မှ သံဃာတော်များ၏ ထွက်ဆိုချက်အရ သိရသည်။
“ဒီကျောင်းတိုက်ရဲ့ ကျောင်းထိုင်ဆရာတော် မြို့နယ်သံဃနာယက ဥက္ကဋ္ဌဟောင်း ဦးဓမ္မဿရရှိစဉ် အချိန်က ကြည်လင်းဆိုသူ ကျောင်းမှာ တစ်ကြိမ် လာတည်းဖူးတယ်၊ အဲ့ဒီအချိန်တုန်းက သူက ဆိုင်တစ်ခုခုမှာ အလုပ်ရှာဖို့ ရောက်လာခဲ့တာလို့ ဆရာတော်ကို လျှောက်ခဲ့ပြီး ၁၀ ရက် ကြာ တည်းသွားတယ်၊ လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်မှာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့ပြီး ဦးဝိဇယ ကျောင်းထိုင်ဆရာတော် ဖြစ်ခဲ့တယ်၊ ဦးဝိဇယက ကြည်လင်းကို မသိဘူး၊ ဖိုးထူးလို့ပဲ သိတာ၊ အခုဒီကိစ္စကြောင့် ရဲတပ်ဖွဲ့က လာစစ်ဆေးပြီး အွန်လိုင်းပေါ်မှာပါ ကျောင်းအမည်နဲ့ သတင်းတွေ ဖော်ပြခံနေရတာကြောင့် ဆရာတော်ခမျာ အတော်စိတ်မကောင်း ဖြစ်နေတယ်” ဟု ယင်းကျောင်းတိုက်အနီး ရွှေဝါရောင် ပညာဒါနကျောင်းမှ ဦးပဏ္ဍဝံသက မိန့်ကြားသည်။
သေနတ်သမား ကြည်လင်း (ခ) ဖိုးထူး တည်းခိုခဲ့သည့် ကျောင်းတိုက်သို့ သတင်းမီဒီယာ အသီးသီးမှ လာရောက်မေးမြန်းနေသောကြောင့် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၁ နာရီ စတင်ပြီး ကျောင်းတိုက်ရှိ ဝင်းတံခါးကို သော့ခတ်၍ မည်သူနှင့်မှ တွေ့ဆုံမေးမြန်းခွင့် မပြုကြောင်း ကျောင်းအနီးရှိ သံဃာတော်နှင့် လူအများထံမှ စုံစမ်းသိရပြီး ရဲတပ်ဖွဲ့မှ မဟာအောင်မြေဗိမ္မာန် စာသင်ကျောင်းတိုက်တွင် လတ်တလော ဧည့်သည် လတည်းခိုခွင့် မပြုရန် တောင်းဆိုထားကြောင်း သံဃာတော်များထံမှ စုံစမ်းသိရသည်။
NLD ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု ကွင်းဆက်တရားခံများ ကရင်ပြည်နယ်တွင် ထပ်မံဖမ်းမိသည့် သတင်းနှင့် ပတ်သက်၍ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက အတည်ပြု ဖြေကြားခဲ့ခြင်း မရှိပေ။
“အွန်လိုင်းပေါ်မှာ တရားခံတွေမိပြီဆိုတဲ့ သတင်းက ကောလဟာလ သတင်းတွေပါ၊ လတ်တလော မသင်္ကာသူတွေ အများကြီး ခေါ်စစ်ဆေးနေပါတယ်၊ ကွင်းဆက်တရားခံတွေကို ဖမ်းမိဖို့ နေရာအနှံ့မှာ ရဲတပ်ဖွဲ့ဝင်တွေ စုံစမ်းနေဆဲပါ” ဟု ရဲမှူးကြီး ကြည်လင်းက ပြောသည်။
ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနှင့် ဆက်စပ်၍ ဦးမြင့်ဆွေ အပါအဝင် ငါးဦးကို ကရင်ပြည်နယ် ဘားအံနှင့် သံလွင်တံတားတို့တွင် အသီးသီးဖမ်းမိခဲ့ကြောင်း ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာတွင် သတင်းဓာတ်ပုံများ ပျံနှံ့ခဲ့သည်။
ယင်းသတင်းနှင့် ပတ်သက်၍ ပြည်နယ်ရဲတပ်ဖွဲ့မှူးမှ အတည်မပြုခဲ့သော်လည်း ရဲအသိုင်းအဝိုင်းမှ မြဝတီမြို့တွင် မြင့်ဆွေ ဆိုသူကို ဖမ်းဆီးခဲ့ပြီး ဆက်လက်စစ်ဆေးရန် ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပို့အပ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။
“ဦးကိုနီ လုပ်ကြံမှုက မြင့်ဆွေ ဟုတ်မဟုတ်တော့ မသိဘူး၊ ရန်ကုန်မှာ စစ်ဆေးပြီးမှ သိရမယ်၊ ဒီအမှုနဲ့ ပတ်သက်ပြီး မသင်္ကာသူတွေကို စစ်ဆေးမေးမြန်းဖို့ ရန်ကုန်ကို လွှဲပို့ထားတာတွေ ရှိတယ်” ဟု ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ဆိုသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းက NLD ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံခဲ့သော သေနတ်သမား ကြည်လင်းကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့သည့် စစ်ချက် လျှို့ဝှက်စာအချို့ လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့ခဲ့သည်။
ယင်းစစ်ချက်လျှို့ဝှက်စာများ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ခြင်းမှာ မပေါက်ကြားသင့်ပဲ ပေါက်ကြားခဲ့ခြင်း ဖြစ်ပြီး လက်ရှိ လုပ်ကြံခံရမှု ကွင်းဆက်တရားခံများ ဖမ်းမိမှု သတင်းအချက်အလက်များကို အတည်မယူရန် လိုကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် လွှတ်တော်နှစ်ပတ်လည် အခမ်းအနား တက်ရောက်ခဲ့သည့် ရဲချုပ်ဇော်ဝင်းက မီဒီယာများကို ပြောကြားခဲ့သည်။
ရှေ့နေဦးကိုနီ လုပ်ကြံခံရမှု နောက်ဆက်တွဲ စစ်ဆေးချက်၊ လုပ်ဆောင်မှုနှင့် သတင်းအချက်အလက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ အတည်ပြု ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ရဲချုပ်ဇော်ဝင်းက ပြောကြားခဲ့သော်လည်း သတင်းထုတ်ပြန်ပေးမည့် အချိန်အတိအကျကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။
ရန်ကုန်လေဆိပ်တွင် ရှေ့နေ ဦးကိုနီအား လုပ်ကြံခဲ့သူ သေနတ်သမား ကြည်လင်းကို အုတ်ခဲဖြင့် ပေါက်၍ အသေခံ ဖမ်းဆီးခဲ့သော ရန်ကုန်လေဆိပ်မှ တက္ကစီယာဉ်မောင်း ကိုနေဝင်းမှာလည်း ကျည်မှန်ဒဏ်ရာဖြင့် ယင်းနေ့က သေဆုံးခဲ့သည်။
Sources : The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment