အရောင်းသမလေးခင်ချောစိန်
ခင်ချောစိန်ဆိုတာ စာအုပ်အရောင်း ဆိုင်တစ်ဆိုင်ရဲ့ အရောင်းဝန်ထမ်း ကလေးပေါ့။ သူက လေဘေးသင့် ဒေသတစ်ခုကနေ ရန်ကုန်ကိုရောက် လာပြီး တစ်ဝမ်းတစ်ခါးအတွက် အလုပ် လုပ်နေသူ ဖြစ်တယ်။
နယ်မှာနေတုန်းက ဖားရှာ၊ ငါးရှာ အလုပ်တွေပဲ ဦးစားပေးခဲ့ရလို့ ကျောင်း ကို သေသေချာချာ မတက်ခဲ့ရဘူး။ အဲဒီတော့ စာကို ရေးတတ်ရုံ၊ ဖတ်တတ် ရုံလောက်နဲ့ပဲ တင်းတိမ်ခဲ့ရတယ်။
ရွာခံတစ်ယောက်အကူအညီနဲ့ ဒီစာအုပ် ဆိုင်မှာ အလုပ်ရတော့ သူ့ခမျာ ဘာမှ ကျွမ်းကွမ်းကျင်ကျင် မရှိရှာဘူး။ ခုလည်း အလုပ်ဝင်တာ လပိုင်းပဲ ရှိသေးတော့ အမှားမှားအယွင်းယွင်း ဖြစ်နေတုန်း။ ပိုင်ရှင်ကတော့ ဆူခြင်း၊ ပူခြင်း သိပ်မရှိပါဘူး။ “လူဟောင်းတွေ လုပ်တာကိုင်တာကို ကြည့်ပြီး အတုယူ၊ ကျွမ်းကျင်လာရင် လစာ တိုးပေးမယ်” လို့ အားပေးထားတော့ သူ့ခမျာ စိတ်ပါ လက်ပါကို ကြိုးစားလုပ်တော့တာ။
နဂိုကတည်းကလည်း ဗဟုသုတက နည်းရှာတော့ သူ့မှာ သူများထက်ကို လေ့လာစူးစိုက် အားထုတ်ရတယ်။ အလုပ်ကလည်း စာပေနဲ့ ဆက်စပ်တဲ့ အလုပ်ဆိုတော့ သူ့မှာ တော်တော်ကို သတိထားလုပ်ရတာ။ သူ တလွဲတချော် ဖြစ်ပြီဆိုရင် ပြုံးချင်စရာကို ကောင်း နေရော။
တစ်ခါသားမှာ စာအုပ်ဝယ်သူတစ်ဦး ဆိုင်ကို ရောက်လာတယ်။ “ဒီလထုတ် Living Color မဂ္ဂဇင်း တစ်အုပ် လောက်” လို့ ဆိုတော့ ဆိုင်အ၀င်ဝမှာ တာဝန်ကျတဲ့ ခင်ချောစိန်က “ဟုတ်ကဲ့ ဟုတ်ကဲ့” ဆိုပြီး ဆိုင်အတွင်းဘက်က မဂ္ဂဇင်းတန်းဆီ အပြေးတစ်ပိုင်း လျှောက်လာခဲ့တယ်။
မဂ္ဂဇင်းတွေနားရောက်တော့ အဲဒီ စာအုပ်ကို မတွေ့မိဘူး။ သူလည်း ဟိုရှာ ဒီရှာနဲ့ ရှာရင်း စာအုပ်နာမည်ပါ မေ့သွားတော့ ခေါင်းကုတ်ပြီး အတင်း စဉ်းစားလိုက်တယ်။
တိုက်တိုက်ဆိုင်ဆိုင် တစ်နေ့က ဆိုင်မန်နေဂျာအစ်မကြီး ပြောဖူးတဲ့ ဗီဒီယို ဇာတ်လမ်းထဲက စကားတစ်ခုကို သွားစဉ်းစားမိပြီး ဒီနာမည်ပဲ ဖြစ်မယ် လို့ တွေးမိလိုက်တယ်။ ဒါကြောင့် နောက်ဘက်က စာအုပ်ဂိုဒေါင် တာဝန် ကျသူကို ခပ်ကျယ်ကျယ်ကလေး အော်မေးလိုက်တယ်။ “ဂိုဒေါင်ထဲမှာ လစ်ဗင်းတူဂဲသား မဂ္ဂဇင်း ကျန်သေးလား” တဲ့။
သူ့အသံလည်းကြားရော ဆိုင်ထဲရှိတဲ့ လူတွေအကုန်လုံး အုံးခနဲ ရယ်ကြပါ လေရော။ ခင်ချောစိန်မှာတော့ လျှာ ကလေးတစ်လစ်၊ မျက်လုံးကလေး ကလယ်ကလယ်နဲ့။
ဘယ်လိုပဲမှားမှား ခင်ချောစိန်တို့က တော့ အလုပ်ကို တတ်နိုင်သလောက် ကြိုးစားပါတယ်။ ဆိုင်ထဲ ၀ယ်သူ တစ်ဦး ၀င်လာရင် စာအုပ် တစ်အုပ် မဟုတ် တစ်အုပ် ၀ယ်သွားအောင် သူသိတာလေးနဲ့ ရောင်းရှာပါတယ်။ လူနည်းနေတဲ့ အချိန်တွေဆိုရင် ဘယ် စာရေးဆရာက ဘာတွေရေးတာ၊ ဘယ် ဆရာမကဖြင့် ဘယ်လိုလိုင်း စသဖြင့် မှတ်ရှာပါတယ်။ ဒါပေမဲ့ အမျိုးပေါင်း စုံလင်လှတဲ့ စာအုပ်တွေ ဆိုတော့လည်း သူ့ခမျာ စုံစေ့အောင် မကြည့်နိုင်သေး ဘူး။
တစ်ရက်တော့ ဆိုင်ကို ဦးလေးကြီး တစ်ယောက် စာအုပ်လာဝယ်တယ်။ အဲဒီမှာ ခင်ချောစိန်နဲ့ တွေ့တော့တာ ပါပဲ။
“ကလေးမရေ၊ မိလိန္ဒပဥှာစာအုပ် ရှိ လားကွဲ့။ မိလိန္ဒမင်းနဲ့ အရှင်နာဂသိန်နဲ့ အမေးအဖြေ လုပ်ထားတဲ့ စာအုပ်လေ”
ဖြစ်ချင်တော့ ဒီစာအုပ်ကလည်း ရှိမနေ ပြန်ဘူး။ ဒါပေမဲ့ ၀ယ်သူလိုချင်တဲ့ စာအုပ် မရှိလည်း နည်းနည်းစပ်ဆိုင်တဲ့ စာအုပ်တစ်မျိုးမျိုးကို ညွှန်းဆိုနိုင်ရ မယ်ဆိုတဲ့ မန်နေဂျာစကားကို နားထောင်ထားတော့ ခင်ချောစိန်က စာအုပ်တစ်အုပ်ကို ဆွဲယူလာပြီး -
“ဦးလေးကြီး၊ ဟိုစာအုပ်တော့ ကုန်နေ တယ်။ ဒီစာအုပ်လေး ဖတ်ကြည့်ပါ လား။ ဒါလေးလည်း ကောင်းပါတယ်။ ဗဟုသုတလည်း ရတာပေါ့” တဲ့။
သူပြတဲ့ စာအုပ်ကြည့်ပြီး ဦးလေးကြီး မျက်လုံးပြူးသွားတယ်။ ပြီးတော့ ပြုံးစိစိနဲ့ - “ဦးလေးအရွယ်က စာမေးပွဲ ဖြေစရာ မလိုတော့ပါဘူးကွယ်” လို့ ပြန်တုံ့ပြန်တယ်။
ကောင်တာထိုင်ပြီး အခြေအနေကို နားစွင့်နေတဲ့ မန်နေဂျာက ခင်ချောစိန် လက်ထဲက စာအုပ်ကို လှမ်းကြည့်လိုက် တော့ ‘နာဂသိန် စာစီစာကုံးပေါင်းချုပ်’ တဲ့။
နာဂသိန် နာမည်နှစ်ခုကို အတင်းဆွဲကပ် နေတဲ့ အရောင်းဝန်ထမ်းလေး ခင်ချော စိန်ရဲ့ အလုပ်ကြိုးစားလွန်းတာကိုပဲ အသိအမှတ်ပြုရမလား၊ လွဲတတ်လွန်း တဲ့ အလွဲတွေအတွက်ပဲ မျက်စောင်း လှမ်းထိုးရမလား ဆိုတာ မန်နေဂျာမမ ကိုယ်တိုင် ဝေခွဲမရ ဖြစ်သွားတယ်။
ခင်ချောစိန်ကတော့ ထုံးစံအတိုင်း ဇက် ကလေးပုပြီး လျှာကလေး တစ်လစ် ထုတ်လို့ … ။
ဆောင်းဖြူ
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment