Latest News

Sunday, February 12, 2017

ပူလောင်တဲ့ အချစ်၊ အေးမြတဲ့မေတ္တာ

ပူလောင်တဲ့ အချစ်၊ အေးမြတဲ့မေတ္တာ

ကျွန်မလည်းပဲ ဆယ်ကျော်သက်အရွယ် ငယ်တုန်းကတော့ ရင်ခုန်မိတာကိုမှ တကယ်ချစ်တာလို့ ထင်ခဲ့ဖူးပါတယ်။ ရင်ခုန်တာကိုလည်း နှစ်သက် စွဲလန်းခဲ့ဖူးတယ်။

အသက် ၂၀ ကျော်လာတော့ ရင်ခုန်တိုင်း အချစ်မဟုတ်ပါလား ဆိုတာ သိလာရတယ်။ ရင်ခုန်တယ်ဆိုတာ နှလုံးခုန် မြန်တာပဲ။ နှလုံးခုန်မြန်ရုံနဲ့အချစ်လို့သတ်မှတ်ရင် မှားတော့မှာပဲလို့ဆင်ခြင်မိလာတယ်။ တကယ်တော့ကိုယ့်ကို ရင်ခုန်စေတာ၊ နှလုံးခုန်မြန်အောင် လုပ်နေတယ်ဆိုတာ တစ်နည်းအားဖြင့်ကိုယ့်ကို ပူလောင်မှုပေးနေတာပါ၊ စိတ်သောက ပေးနေတာပါ။

 ဒါကို မသိခင်တုန်းကတော့ကိုယ်က ဒါကိုပဲ အချစ်လို့ ထင်ပြီး သာယာနေတာပေါ့၊ တကယ်တော့ဘယ်ဟုတ်မလဲ။ ကိုယ့်ရဲ့နှစ်သက်စွဲလန်းမှုအပေါ်မှာ ကစားနေခဲ့တာ။ ဒါကို ဆင်ခြင်မိလာတဲ့အခါ ဘ၀ခရီးအတွက် အိမ်ထောင်ဖက်အနေနဲ့ ကိုယ့်ကို တကယ်ချစ်တဲ့သူကိုပဲ ရွေးချယ်မယ်လို့ဆုံးဖြတ်မိပါတယ်။

စဉ်းစားကြည့်မယ်ဆိုရင် ကိုယ် တကယ်ချစ်တဲ့သူတွေကို ကိုယ်က ပူလောင်စေချင်သလား၊ အေးချမ်းစေချင်သလား။ ဥပမာ ကိုယ့်အမေ ပေါ့၊ အမေ ငိုနေရင် စိတ်ချမ်းသာသား၊ အမေ့မျက်ရည်တိတ်သွားအောင် အမေ စိတ်ချမ်းသာအောင် မလုပ်ချင်ဘူး။  လုပ်ချင်တာပေါ့၊ ဘာကြောင့်လဲ ဆိုတော့ကိုယ်က အမေ့ကို ချစ်လို့လေ။ လူတိုင်းက ကိုယ်ချစ်တဲ့သူတွေ မျက်ရည်ကျတာမျိုးကို မမြင်လိုကြပါဘူး။ ဒုက္ခရောက်တာမျိုးကိုလည်း မဖြစ်စေချင်ကြပါဘူး။

အဲလိုပဲကိုယ်ချစ်တဲ့သူတွေကို အေးချမ်းစေချင်တယ်၊ ပျော်ရွှင်ကြည်နှူးစေချင်တယ်။ ဘယ်လို ကြောင့်ကျ ပူလောင်မှုတွေ ဒုက္ခတွေမှ မရောက်စေချင်ဘူး၊ မပေးချင်ဘူး။ အဲဒါဟာ အချစ်ပါ။

အဲဒီလိုမှ မဟုတ်ဘူး၊ သူ ခံစားရရင် ခံစားရပါစေ၊ သူပူလောင်တာများ ငါက အနေသာကြီး၊ သူ စိတ်ပူနေတာ ငါ့အတွက် ပိုကောင်းတာပေါ့။ သူက ငါ ချစ်တာထက် ပိုချစ်ရမယ် ဆိုတဲ့သဘောထားမျိုး ရှိနေရင် သေချာပါတယ်။ ကိုယ်က သူ့ကို မချစ်ပါဘူး။ အဲဒီလိုပဲ  ကိုယ့်ချစ်သူ၊ ကိုယ့်ရည်းစား၊ ကိုယ့်အိမ်ထောင်ဘက်က ကိုယ့်ကို ဒီလို ကစား နေတယ်၊ စိတ်ဆင်းရဲအောင် လုပ်နေတယ် ဆိုရင် သူက ကိုယ့်ကို မချစ်ပါဘူး။ သူကိုယ့်ကို ချစ်တယ်ဆိုတာ သူ့ကိုယ်သူ ချစ်နေတာပါ။

ဒါကြောင့်ရည်းစား ဘ၀မှာ ဒီလူကကိုယ့်ကို အမြဲတမ်း သ၀န်တိုနေရအောင်၊ ကိုယ့်ကို အမြဲတမ်း ပူလောင်စွာ ခံစားနေရအောင် လုပ်နေတဲ့သူလား။ ကိုယ့်ကို နားလည်ပေးနိုင်တဲ့ကိုယ့်ကို စိတ်အေးချမ်းစေတဲ့သူမျိုးလား ဆိုတာကို သေချာစဉ်းစားပြီး ရွေးချယ်လာနိုင်ပါတယ်။

မကြာခင် ချစ်သူများနေ့ရောက်ပါတော့မယ်။ ကိုယ့်ကို တကယ်ချစ်တဲ့သူလား၊ ကိုယ့်ကို သူ့သာယာမှုအတွက် အသုံးချမဲ့သူလား ဆိုတာကို  ရွေးချယ်နိုင်ပါလိမ့်မယ်။

ကိုယ့်ကို တန်ဖိုးထားပြီး ချစ်နေတဲ့သူ ဆိုရင် သူဟာ ကိုယ်ထိခိုက်အောင် မလုပ်ပါဘူး၊ကိုယ် နာမည်နဲ့ဂုဏ်သိက္ခာ ထိခိုက် ညစ်နွမ်းသွားအောင်လည်း မလုပ်ဘူး၊ ကိုယ့်အချစ်ကို သက်သေပြဖို့ကိုယ့်ကို ဟိုတယ်ခေါ်ပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာမျိုးလည်း မလုပ်ဘူး၊ သူဟာ ကိုယ့်ကို တစ်နေ့မှာ မိကောင်းဖခင် သားသမီး ပီသစွာနဲ့ ရိုးသားစွာ တောင်းရမ်း လက်ထပ်ယူပါလိမ့်မယ်။

အဲဒီလိုမှ မဟုတ်ဘူး ကိုယ့်ကို  လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖို့စွဲဆောင်လာတာမျိုး၊ ကိုယ့်ကို နာမည် ဂုဏ်သိက္ခာ ထိခိုက်အောင် သူ့ သူငယ်ချင်း၊ကိုယ့်အသိတွေကြားမှာ ကြွားဝါ ပြောဆိုတာမျိုး၊ ကို်ယ့်ဆီကနေ ငွေကြေး၊ လက်ဆောင် သို့မဟုတ်တစ်ခုခုကို အမြတ်ထုတ်လိုတဲ့ အပြုအမူမျိုး၊ အပြောအဆိုမျိုး သူ့ဆီကနေ ရလာခဲ့ရင်  သူ့အချစ်ကို ကိုယ်က လေ့လာ စမ်းစစ်ဖို့ လိုနေပါပြီ။

တကယ်ချစ်တယ်ဆိုရင် ဘယ်လို ထိခိုက်မှုမျိုးမှ မဖြစ်အောင် တန်ဖိုးထားပါတယ်။ ဘယ်လိုကြောင့်မှ ဒုက္ခ ဆင်းရဲ့ မရောက်ရအောင် ကာကွယ်ပေးကြပါတယ်။ အဲဒီလို အချစ်ဟာ မေတ္တာပါတဲ့အချစ်မို့ ထာဝရ တည်မြဲနိုင်ပါတယ်။

ကိုယ့်ကို တစ်ခဏသာ ပျော်ပါးလိုတဲ့အချစ်ကတော့ကိုယ့်ဆီကနေ ရယူဖို့ပဲ စဉ်းစားတယ်။ သူ့အတွက်ပဲ စဉ်းစားတယ်။ ကိုယ့်အတွက်ဆိုရင် ဘာမှစဉ်းစားပေးတာမျိုး ၊ ကူညီစောင့်ထိန်းပေးတာမျိုးလည်း မရှိတတ်ပါဘူး။ ကိုယ်ချစ်တဲ့ သူက အဲဒီလို သူအတ္တကြီးတဲ့ သူ့ကိုယ်သူသာ ချစ်တတ်တဲ့သူ ဆိုတာ သိထားပါ။သူဟာ ကိုယ့်ကို သူ့အကျိုးအတွက်သာ အသုံးပြုနေတာပါ၊ ကို်ယ့်ထက် သာတဲ့သူ တွေ့ခဲ့ရင် ကိုယ့်ကို ထာဝရ သစ္စာရှိဖို့ဆိုတာ ခဲယဉ်းမဲ့သူ ဖြစ်နိုင်ပါတယ်။ အိမ်ထောင်ဘက်ကောင်း မဖြစ်နိုင်တဲ့အတွက် ချစ်သူဘ၀မှာ ကိုယ့်အချစ်နဲ့ ဘ၀ကို ပေးပစ်ဖို့ထိ မစွန့်စားပါနဲ့လို့တိုက်တွန်းပါရစေ။

ဒါကြောင့် ပူလောင်တဲ့အချစ်မျိုးကို မမက်မောဘဲ၊ အေးမြတဲ့ မေတ္တာပါတဲ့ သန့်ရှင်းစင်ကြတယ်တဲ့မေတ္တာနဲ့ ချစ်တဲ့သူမျိုးကို တန်ဖိုးထားပါလို့ တိုက်တွန်းချင်ပါတယ်။

မတူညီတဲ့အမြင်များရှိရင်လည်းေ ဆွးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment