ထုတ်တာလား၊ ထွက်တာလား ၊ ကောင်းမွန်တဲ့ ပြောင်းလဲမှုလား
သရ၀ဏ်(ပြည်)
ယခုအခါ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦး ရာထူးမှ တရားဝင်းနှုတ်ထွက်စာတင်သွားသဖြင့် ၀န်ကြီးချုပ်အသစ်တယောက်ထပ်မံရွေးချယ်တော့မည့်သတင်းသည် စိတ်ဝင်စားစရာကိစ္စတခုဖြစ်နေပါသည် ။ အဓိကမေးခွန်းများမှာ သူ့ ဘာသာသူနုတ်ထွက်တာလား ၊ NLD အစိုးရက အပြစ်ရှိသဖြင့် နုတ်ထွက်စေတာ( Forced to Retire ) လား ၊ ဤအစဉ်အလာသည်ကောင်းသောအစဉ်အလာလောဆိုသည့် အချက်များဖြစ်သည် ။ သူ့ ဘာသာထွက်သည်ဆိုသော ကောက်ချက်ချခြင်းဖြင့် အရင်ဆုံးစဉ်းစားကြည့်ပါမည် ။ ၀န်ကြီးချုပ်တယောက်အတွက် ရာထူးတာဝန်တွင်ကျေပြွန်စွာမထမ်းဆောင်နိုင်လျှင် ရာထူးမှမိမိဆန္ဒအလျောက်နုတ်ထွက်နိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄ (က) တွင် အောက်ပါအတိုင်းရေးသားဖော်ပြထား၏ (မူရင်းသတ်ပုံအတိုင်း) ။
“တိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့ မဟုတ်ဝန်ကြီးတစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့်မိမိသဘောဆန္ဒအလျောက်ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့ နှုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည် “
ထို့ ကြောင့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးရာထူးမှ သူ့ သဘောနှင့်သူ နှုတ်ထွက်ခဲ့လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဆောင်ရွက်သော နှုတ်ထွက်မှုတခုသာဖြစ်သည် ။ ကိုယ့်တာဝန်ကိုယ်မကြေဟုယူဆပြီး ရာထူးမှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခဲ့လျှင်ချီးကျူးရမည်ဖြစ်သည် ။ မြန်မာနိုင်ငံတွင် ၁၉၆၂ နောက်ပိုင်း တက်လာသော ၀န်ကြီးများ ၊ ၀န်ကြီးချုပ်များ ၊ သမ္မတများသည် မိမိဆန္ဒအလျောက် တာဝန်သိသိနုတ်ထွက်သောဝန်ကြီးဆို၍ ယခင်ကတယောက်မျှပင်မရှိချေ ။ နိုင်ငံတကာတွင်တော့ မိမိတာဝန်ယူရသော အစိုးရဌာနတခုတွင် အားနည်းချက် ၊ချို့ယွင်းချက် ကြီးကြီးမားမားတစုံတရာပေါ်ပေါက်သည်နှင့် ထိုချို့ယွင်းချက်ကိုတာဝန်ယူ တာဝန်ခံသည့်အနေနှင့် သက်ဆိုင်ရာ အကြီးအကဲသည် ရာထူးမှနုတ်ထွက်စမြဲဖြစ်သည် ။ ၂၀၁၄ ဧပြီလ ၁၆ ရက်နေ့ တွင် လူ ၃၀၀ ပါလာသော ကျောင်းသားကျောင်းသူအများစုပါဝင်သည့် ကူးတို့သဘောင်္နစ်မြုပ်ပြီးလူ ၂၃၀ ကျော်သေဆုံးကာအများအပြားပျောက်ဆုံးခဲ့မှုဖြစ်ပွားပြီးနောက် အစိုးရအဖွဲ့  ကိုယ်စား ၀န်ကြီးချုပ် ချန်ဟောင်းဝန်က ဧပြီလ ၂၇ တွင် တာဝန်ယူတာဝန်ခံသည့်အနေဖြင့်ရာထူးမှနုတ်ထွက်ကြောင်းကြေငြာခဲ့လေသည် ။ဖြစ်ခဲ့သမျှအားလုံးအတွက် ကျွန်တော့်မှာတာဝန်ရှိပါတယ် ။အစိုးရအဖွဲ့ကိုယ်စားကျွန်တော့်မှာတာဝန်ရှိပါတယ် ဟုပင်ဝန်ကြီးချုပ်ကတောင်းပန်ခဲ့သည် ။ ကူးတို့သဘောင်္နစ်မြုပ်မှုတွင် အစိုးရအဖွဲ့ ၏ကနဦး တုန့် ပြန်မှုများအားနည်းခဲ့ခြင်းအတွက် ထိုသို့ တာဝန်သိသိနုတ်ထွက်ခြင်းကိုပင် ကိုရီးယားလူထုသည်မကြေနပ်သေးပဲ သဘောင်္နစ်မြုပ်ရာတွင်ပါသွားသည့်ကျောင်းသူလေးတယောက်၏မိဘနှစ်ပါးက
“ ၀န်ကြီးချုပ်နုတ်ထွက်တာ အဓိပါယ်မရှိပါဘူး ၊ တကယ်ကဖြစ်ခဲ့သမျှအတွက် သမ္မတက ရာထူးကနုတ်ထွက်ပေးရမှာ “
ဟုပင်ဝေဖန်ခဲ့ကြသည်။ဘာပဲဖြစ်ဖြစ်တာဝန်ခံမှုတာဝန်ယူမှုကို တောင်ကိုရီးယားဒီမိုကရေစီနိုင်ငံတွင် မျက်ဝါးထင်ထင်တွေ့ မြင်ခဲ့ကြရပါသည် ။ထိုကူးတို့ လှေနစ်မြုပ်မှုတွင်ပျောက်ဆုံး(သေဆုံး)ခဲ့ကြသောကျောင်းသား ကျောင်းသူ ၂၃၆ ယောက် အတွက် တာဝန်မကြေသလိုခံစားရသဖြင့် ထိုကျောင်းသားများ၏ခေါင်းဆောင် လက်ထောက်ကျောင်းအုပ်ဆရာကြီး ကန်မင်ဂျူ(၅၂ နှစ်)သည် အခင်းဖြစ်ပြီးနောက်တနေ့  ဧပြီလ ၁၈ ရက်နေ့တွင်ကိုယ့်ကိုယ်ကို ကြိုးဆွဲချကာ သတ်သေသွားခဲ့ပါသည် ။ တကယ်တမ်း၌ ကူတို့သဘောင်္မှောက်ခြင်းသည် သူနှင့်တိုက်ရိုက်ဆိုင်သည်မဟုတ် ။သို့ သော်သူတာဝန်ယူအုပ်ချုပ်ရသောကလေးများ အသက်ဆုံးရှုံးခဲ့ရမှုအတွက် စိတ်မကောင်းဖြစ်ကာ တာဝန်ကိုအသက်နှင့်လဲသွားခြင်းဖြစ်သည် ။
၂၀၁၆ အောက်တိုဘာလအတွင်းက ဟုမ္မလင်းမှမုံရွာသို့ ထွက်ခွာလာသော အောင်ကျော်မိုးအမြန်ရေယာဉ်နစ်မြုပ်မှုတွင် ဆရာဆရာမများအပါအ၀င် ခရီးသည် ၃၂ ဦးခန့် သေဆုံးမှုဖြစ်ပွားခဲ့ပါသည် ။ ထိုစက်လှေသည် လူ ၁၂၀ ခန့်ကိုသာတင်ဆောင်နိုင်သော်လည်း စက်လှေမှောက်ချိန်တွင် လှေပေါ်၌ လူ ၃၀၀ ခန့်တင်ဆောင်လာကြောင်းသိရပါသည် ။ ထိုနစ်နာဆုံးရှုံးမှုအတွက် မြန်မာနိုင်ငံမှ မည်သူတစုံတယောက်ကမှ တာဝန်ယူ တာဝန်ခံပြီးရာထူးမှနုတ်ထွက်ခြင်းမရှိခဲ့ပါ ။ ပို၍ဆိုးသည်မှာ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ် ၀န်ကြီး ၊ ပြည်ထောင်စုဝန်ကြီး တစုံတယောက်ကမျှ ပြည်သူလူထုကိုတောင်းပန်စကားတရာဝင်မပြောကြားခဲ့ပါ ။ သမ္မတကြီးကတော့ ၀မ်းနည်းကြောင်းသ၀ဏ်လွှာကိုအခင်းဖြစ်ပွားပြီး ရက်သတ္တတပါတ်ကြာမှ ထုတ်ပြန်ပါသည် ။ မြန်မာပီပီ မော်တော်နစ်မြုပ်၍သေဆုံးကြရသူများ၏မိသားစုများကတော့ ထိုကိစ္စအတွက် မည်သူ့ ကိုမျှအပြစ်မတင်ခဲ့ကြပါ ။ ကံကိုသာယိုးမယ်ဖွဲ့ခဲ့ကြပါသည် ။တောက်ကိုရီးယားမှာလို ၀န်ကြီးချုပ်နုတ်ထွက်တာမလိုချင်ဘူး သမ္မတမှာတာဝန်ရှိတယ်ဟုလည်းမည်သူကမျှမပြောခဲ့ကြပါ ။ အမှန်စင်စစ် ကြီးမားသောတာဝန်ခံမှုအဖြစ် သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်စေ ၊ တိုင်းဒေသကြီး ပို့ ဆောင်ရေးဝန်ကြီဖြစ်စေ ၊ ပြည်ထောင်စုအဆင့် ပို့ ဆောင်ရေးဝန်ကြီးဖြစ်စေ ၊ပညာရေးဝန်ကြီးဖြစ်စေ နုတ်ထွက်သင့်သောကိစ္စဖြစ်ပါပေ၏ ။ သို့ သော် မည်သူမျှတုတ်တုတ်မျှမလှုပ်ခဲ့ကြပါ ။တောင်ကိုရီးယားလက်ထောက်ကျောင်းအုပ်ဆရာကြီး လို ကိုယ့် တာဝန်ကိုအသက်နှင့်လဲကာ ပေးဆပ်ခဲ့သူ (ကိုယ့်ကိုယ်ကိုသတ်သေသူ ) ကား ဝေလာဝေးပင်။ မည်သူမျှအနေအစားမပျက်ခဲ့ကြပါ ။ တူရကီနိုင်ငံဆိုမာမြို့တွင် လူ ၃၀၁ ယောက်သေဆုံးခဲ့သော သတ္တုတွင်းမတော်တဆပြိုကျမှုဖြစ်ရပ်တွင် မိုင်းလုပ်သားများက သတ္တုတွင်းသမ္မဂ္ဂလူကြီးများနုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြရာ သမ္မဂ္ဂခေါင်းဆောင် Kucukgencay ကရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်းကြေငြာခဲ့သည် ။ ကမ္ဘာတ၀ှန်းရှိအခြား သတ္တုတွင်းမတော်တဆဖြစ်ရပ်များစွာတွင်လည်း တာဝန်ရှိသူ ၀န်ကြီးများ၊ဌာနဆိုင်ရာအကြီးအကဲများသည် တာဝန်ယူတာဝန်ခံသည့်အနေဖြင့် ရာထူးမှနုတ်ထွက်ပေးလေ့ရှိကြသည် ။ မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်တွင် လူရာနှင့်ချီ၍ မြေစာပုံပြိုကျမှုများ ၊ ရွှေတူးဖော်သောသတ္တုတွင်းများတွင် တွင်းပြိုကျ၍လူသေမှုများမကြာခနဖြစ်ပွားခဲ့သော်လည်း ယနေ့အချိန်အထိ တာဝန်ယူနုတ်ထွက်မှု ၊ မိုင်းလုပ်သားများ ၊ ရေမဆေးကျောက်ရှာသူများ သေဆုံးသူမိသားစုများ ကို တောင်းပန်မှုတစုံတရာ မရှိခဲ့ကြဖူးချေ ။ စစ်အစိုးရလက်ထက်တွင်ထိုသို့ မရှိခဲ့ခြင်းကားအကြောင်းမဟုတ် ပြည်သူလူထုမဲဆန္ဒဖြင့်တက်လာပြီဖြစ်သော ဒီမိုကရေစီအစိုးရလက်ထက်တွင်အရင်အကျင့်တွေအတိုင်း ဘာပဲဖြစ်ဖြစ် ကိုယ်နှင့်မဆိုင်သလို အနေအစားမပျက်ရှိကြတာတော့ တာဝန်မဲ့လွန်းသလို ၀မ်းနည်းဖွယ်လည်းကောင်းပါသည် ။ ပြောင်းလဲချိန်တန်သောကိစ္စတွင်ဤလိုတာဝန်မယူတတ်သော လူကြီးများ၏စိတ်ဓာတ်နှင့်အပြုအမူများပြောင်းလဲရေးလည်းထိပ်ဆုံးမှပါဝင်ပါသည် ။
၂၀၁၆ ခု နိုဝင်ဘာ ၂၀ ရက် တွင်အိန္ဒိယ တွင်ဖြစ်ပွားခဲ့သော လူ ၁၁၅ ဦးသေဆုံးပြီး ၁၅၀ ဒဏ်ရာရခဲ့သော Panta-Indore Express အမြန်ရထားလမ်းချော်တိမ်းမှောက်မှု၌ မီးရထားဝန်ကြီး ဆူရပ်ပရာဘူး က တာဝန်ယူသည့်အနေဖြင့် ရာထူးမှနုတ်ထွက်ကြောင်းကြေငြာခဲ့သည် ။ သူသည်အိန္ဒိယနိုင်ငံ၏ ၄၃ ဆက်မြောက်မီးရထားဝန်ကြီးဖြစ်ပြီး အိန္ဒိယတွင် ရထားမတော်တဆမှုအတွက်ကိုယ့်တာဝန်ကိုယ်ယူကာ ရာထူးမှနှုတ်ထွက်ခဲ့သည့် ဒုတိယမြောက် မီးရထားဝန်ကြီးဖြစ်ကြောင်းလည်းသိရသည်။ အိမ်နီးချင်းနိုင်ငံများ၌ ဤကဲ့သို့ ဒီမိုကရေစီ၏တာဝန်ယူမှုတာဝန်ခံမှုများကျင့်သုံးနေကြစဉ် မြန်မာနိုင်ငံ၌ ဒီမိုကရေစီစော်မနံသေးချေ ။ ယခုအခါ မွန်ပြည်နယ် ၀န်ကြီးချုပ်နုတ်ထွက်ပြီဟုသိရ၏ ။ သို့ သော် ရေရာသောအကြောင်းပြချက်တခုခုပြသခြင်းမရှိပေ ။ ဒီမိုကရေစီစနစ်၌ ရာထူးအာဏာရှိသူတဦးသည် အလကားနေရင်းနုတ်ထွက်ကြသည်မဟုတ် ။ စစ်အာဏာရှင်စနစ်လိုဘာဖြစ်ဖြစ်ပေကပ်နေလိုက်မည်ဟူ၍လည်းမဟုတ် ၊ ပြည်သူလူထုနှင့်နိုင်ငံကိုထိခိုက်သောကိစ္စတခုအတွက် တာဝန်ယူတာဝန်ခံသည့်အနေဖြင့် ထိုကိစ္စအတွက် နုတ်ထွက်ခြင်းဖြစ်သည် ။ ယခုအခါ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဒီမိုကရေစီကျင့်စဉ်ကောင်းအရ မိမိဘာသာနုတ်ထွက်သည်ဆိုလျှင် ဘာကြောင့်နုတ်ထွက်သည်ဆိုတာ မွန်ပြည်နယ်ပြည်သူလူထုနှင့်တကွ မြန်မာတနိုင်ငံလုံးကိုတရားဝင် အသိပေးရမည် ။ ရိုးရိုးလေးဟိုတယ်ကိစ္စအတွက်နုတ်ထွက်တာလား ၊ လွှတ်တော်အစည်းအဝေးတက်ရောက်ဖို့ပျက်ကွက်သဖြင့်နုတ်ထွက်တာလား ၊ ပြည်နယ်စီမံကိန်းကော်မတီဖွဲ့စည်းရာတွင် ခရိုနီတွေကိုထည့်သွင်းဖွဲ့စည်းမိလို့ နုတ်ထွက်တာလား ၊ ခရိုနီလုပ်ငန်းရှင်တွေနှင့် မကြာခနတွေ့ ဆုံသဖြင့် ပြည်သူအမြင်ရှင်းအောင်နုတ်ထွက်တာလား ၊လူမှုရေးအရ မိမိနှစ်သက်သော သူတဦးကို ၀န်ကြီးချုပ်ရုံးတွင်နေရာပေးခန့် အပ်ခဲ့မှုအတွက် နှုတ်ထွက်တာလား၊ပါတီတွင်းရှိပုဂ္ဂိုလ်အချို့ ကတိုင်ကြားသောကြောင့်လား၊ NLD လေ့လာသုံးသပ်ရေးအဖွဲ့၏စစ်ဆေးမှုကြောင့်ပဲလား၊ အခြားအကြောင်းလားဆိုတာ ပြည်သူလူထုသိအောင်ရှင်းရှင်းလင်းလင်းထုတ်ပြန်ပေးရမည်ဖြစ်သည် ။ထိုသို့ တိကျရေရာသောအဖြေမထုတ်ပေးပဲ ရာထူးမှ ဟိုလိုလိုသည်လိုလိုဆင်းသွားခြင်းသည် ဒီမိုကရေစီနိုင်ငံများတွင်ကျင့်သုံးသော တာဝန်ယူမှုတာဝန်ခံမှုဆိုသော ကိစ္စနှင့်မဆိုင်ပေ ။ အရှုံးပေးထွက်ခွာသွားခြင်း (သို့ မဟုတ် ) တာဝန်မှရှောင်ပြေးခြင်းသာဖြစ်ပေလိမ့်မည် ။
ကျွန်တော်တို့လိုချင်သော ရာထူးမှနုတ်ထွက်မှုမှာ အခြားနိုင်ငံများလို တိုင်းပြည်ထိခိုက်နစ်နာစေသောကိစ္စတခုကို တာဝန်ယူ၍(ရထားမှောက်မှု ၊ သတ္တုတွင်းပြိုကျမှု ၊ ကူးတို့သဘောင်္မှောက်မှု ၊ လာဘ်ပေးလာဘ်ယူမှုစသည်ဖြင့် ဘာအကြောင်းဆိုတာတိတိကျကျဖော်ပြ၍) တာဝန်မှထွက်ခြင်းမျိုးဖြစ်သည် ။ထိုသို့ တာဝန်သိသိနုတ်ထွက်ခဲ့လျှငဦးမင်းမင်းဦးသည် မြန်မာပြည်နိုင်ငံရေးတွင် ၁၉၆၂ ခုနှစ်မှစကာမရှိခဲ့ဖူးသေးသော တာဝန်ခံမှုဖြင့်နှုတ်ထွက်ခြင်း ဆိုသော ပထမဆုံး အရာရှိကြီးအဖြစ် သမိုင်းတွင်မော်ကွန်းထိုးခံရပါမည် ။ ထိုသို့ မဟုတ်ပါက အဖြုတ်ခံရမှာသေချာသဖြင့် မိမိဘာသာထွက်သွားခြင်းဆိုပါမူ တာဝန်ယူ တာဝန်ခံမှုဟုပြော၍မရပါပေ ။ ဦးမင်းမင်းဦးက သူမွန်ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်ရခြင်းအကြောင်းကို ဖေ.စ်ဘွတ်တွင်
“နှုတ်ထွက်ပါပြီ ။အားလုံးကိုကျေးဇူးတင်ပါတယ် ။ ဖြစ်တည်မှုအားလုံး ဟာပျက်စီးဖို့ ရာ ဓမ္မတာပါပဲ “ဟု ၂၀၁၇ ဖေဖော်ဝါရီ ၁၈ ရက်စွဲဖြင့် ရေးသားကြေညာထားလေသည်။ ထိုအကြောင်းပြချက်မှာ အလွန်ယေဘူယျဆန်လှသော ကြေညာချက်ဖြစ်သည် ။ ပြည်သူလူထုအား NLD အစိုးရကဘက်ကလည်းကောင်း ၊ ၀န်ကြီးချုပ်ဘက်မှလည်းကောင်း တကွက်ချန်ထားသလိုခံစားရလေသည် ။
အကယ်၍ဦးမင်းမင်းဦးသည် တိုင်ကြားချက်များကြောင့် NLD မှစစ်ဆေးပြီးအရေးယူခံရတော့မည့်ဆဲဆဲဖြစ်သည်ဆိုပါလျှင်လည်း ပြည်သူလူထု၏တိုင်ကြားချက်များ ၊ NLD စစ်ဆေးရေးအဖွဲ့ ၏စစ်ဆေးတွေ့ ရှိချက်များ ၊ မည်သို့ အပြစ်ပေးအရေးယူရန်ဆုံးဖြတ်လိုက်သည်ဆိုခြင်းများကို(အကြောင်းပြချက်ကို) မဲဆန္ဒရှင်ပြည်သူလူထုကိုအလေးထားသောအားဖြင့် ထုတ်ဖော်ကြေငြာရမည်ဖြစ်သည် ။ ၀န်ကြီးချုပ်အပြောင်းအလဲကိစ္စသည် ပါတီကိစ္စသက်သက်မဟုတ် ။ ပါတီအမှုဆောင်လူကြီးရွေးချယ်ခြင်း ၊ဖြုတ်သိမ်းခြင်းမဟုတ် ။ ပြည်သူလူထုမဲပေးရွေးချယ်ထားသော လူထုကိုယ်စားလှယ်တယောက်၏ကိစ္စဖြစ်သဖြင့် ပြည်သူလူထုတွင်သိပိုင်ခွင့်ရှိပေသည် ။ ထို့ ကြောင့် Forced to Retire လုပ်သည်ဆိုလျှင်လည်း NLD သည် လူထုကိုတကွက်မချန်ပဲ အမှန်အတိုင်း သတင်းထုတ်ပြန်ပေးဖို့လိုမည်ဖြစ်သည် ။ မ.ဆ.လ ခေတ် ၊ န.၀.တ ခေတ် န.အ.ဖ ခေတ် ၊ ဦးသိန်းစိန်အစိုးခေတ်တို့ လို အရာရာကိုလျှို့ ဝှက်သည်းဖို လိုလို ၊ ပြည်သူလူထုမသိသင့်သလိုလို မလုပ်သင့်တော့ပါ ။ထိုအကျင့်များကိုပြောင်းလဲချိန်တန်ပြီဖြစ်သည် ။ အကယ်၍စွမ်းဆောင်ရည်ညံဖျင်းသဖြင့် ရာထူးမှဖယ်ရှားသည်ဆိုလျှင်လည်းရှင်းရှင်းပြောပါ ။ စွမ်းဆောင်ရည်နိမ့်ကျသော အခြားဝန်ကြီးများ၊၀န်ကြီးချုပ်များကိုလည်းကျွန်တော်တို့ကူရှာပေးပါမည် ။ ဥပမာအားဖြင့် ကျောင်းဆရာဆရာမများကျောင်းတွင်းစွမ်းဆောင်ရည်ညံ့ဖျင်းလျှင် ထိုဆရာဆရာမများကို နယ်ဝေးအစွန်အဖျားဒေသများသို့  ပြစ်ဒဏ်ပေးသည့်အနေနှင့် ပို့ လွှတ်မည်ဆိုသော စကားကိုလက်လွတ်စပယ်ပြောခဲ့သည် ပညာရေးဝန်ကြီးကိုလည်း စွမ်းဆောင်ရည်နိမ့်ပါးမှုအတွက်အရေးယူစေချင်ပါသည် ။ နယ်မှာနေသော ကျောင်းသားမိဘများ ကျောင်းသားကျောင်းသူများ၊ဆရာဆရာမများ ရပ်မိရပ်ဖများကို ထိုပညာရေးဝန်ကြီးမှပြန်လည်ဝန်ချတောင်းပန်စေလိုပါသည် ။ မတောင်းပန်နိုင်လျှင်ရာထူးမှ ရပ်စဲစေလိုပါသည် ။ မြန်မာနိုင်ငံတွင် တလောင်းပြိုင် နှစ်လောင်းပြိုင် သုံးလောင်းပြိုင် လေးလောင်းပြိုင် စသည်ဖြင့် ဖြစ်ပွားခဲ့ကြသောမိသားစုလိုက်ရက်ရက်စက်စက် အသတ်ခံကြရမှုများတွင် နှစ်ကာလကြာလာပြီဖြစ်သော်လည်း လက်သည်တရားခံမပေါ်ပေါက်မှုအတွက် ရဲတပ်ဖွဲ့ ၏အကြီးအဲ ပြည်ထဲရေးဝန်ကြီးကိုလည်း စွမ်းဆောင်ရည်နိမ့်ပါးမှုဖြင့် ရာထူးမှဖယ်ရှားစေလိုပါသည် ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅(ဂ)တွင်
” နိုင်ငံတော်သမ္မတသည်
(၁) ပေးအပ်သည့်တာဝန်ကိုကျေပွန်စွာမထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး သို့ မဟုတ် ဒုတိယ ၀န်ကြီးတစ်ဦးဦးအား ရာထူးမှနှုတ်ထွက်ရန်ညွှန်ကြားနိုင်သည်။ညွှန်ကြားသည့်အတိုင်းလိုက်နာခြင်းမပြုလျှင်တာဝန်မှရပ်စဲရမည် ။
(၂) ရာထူးမှနှုတ်ထွက်ရမည့် သို့ မဟုတ် တာဝန်မှရပ်စဲခံရမည့်တပ်မတော်သားပြည်ထောင်စုဝန်ကြီး သို့ မဟုတ်ဒုတိယ၀န်ကြီးနှင့်ပါတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည် “
ဟုပါပေသည် ။ ထို့ ကြောင်းဝန်ကြီးဌာနအလိုက်စွမ်းဆောင်ရည်ကိုကြည့်ကာ ညံ့ဖျင်းသော ၀န်ကြီးများကိုရာထူးမှဖယ်ရှားသင့်ပေသည် ။ မကြာသေးမီရက်ပိုင်းကရန်ကုန်မြို့ ရှိ ဆိပ်ကမ်းများပေါ်တွင် တရားမ၀င်သစ်များတင်ဆောင်ထားသော ကွန်တိန်နာများဖမ်းဆီးရမိရာမှ ရန်ကုန်မြို့အနှံ့  ဂိုဒေါင်များတွင် သိုလှောင်ထားသော တရားမ၀င်သစ်များကို ဆက်တိုက်ရှာဖွေဖမ်းဆီးမိသဖြင့် ထိုသစ်ကိစ္စတွင် တိုင်းပြည်နှင့်ပြည်သူလူထုနစ်နာအောင်ပြုမိခဲ့ကြသော သစ်တောဌာန နှင့်အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများကိုလည်း လူအပြောင်းအလဲပြုလုပ်သင့်ပေသည် ။ ထို့အပြင် ဖားကန့် ဒေသတွင် ကျောက်စိမ်းများတရားမ၀င်သယ်ဆောင်လာမှုကိုကုန်ကားတစီးစာဖမ်းဆီးရမိခြင်း ၊ သဘာဝပါတ်ဝန်းကျင်ဆိုးဆိုးရွားရွားပျက်စီးခြင်း ၊ လူသေဆုံးမှုများမကြာခနဖြစ်ပေါ်ခြင်း၊မူးယစ်ဆေးဝါးများကားအစီးလိုက်ဖမ်းမိခြင်း တို့အတွက် တာဝန်ခံမှုတာဝန်ယူမှုအရ မိမိဘာသာရာထူးမှနှုတ်ထွက်မှုများကိုပြည်သူလူထုကအလိုရှိပေသည် ။မြန်မာပြည်အနှံ့ သဘောင်္ာမှောက်မှု၊မော်တော်မှောက်မှုများအတွက် ပို့ ဆောင်ရေးဝန်ကြီးမှတာဝန်ယူတာဝန်ခံစေလိုပါသည် ။ ညံ့ဖျင်းသော ရေကြောင်းပို့ ဆောင်ရေးစနစ်အတွက်တာဝန်ယူစေချင်သည် ။ တာဝန်ယူမှုမရှိလျှင် သမ္မတကြီးမှ လုပ်ပိုင်ခွင့်အာဏာကိုသုံး၍ ဖယ်ရှားမှုများပြုလုပ်စေလိုသည် ။ဝန်ကြီးဌာနအားလုံးအတွက်ဆိုလိုခြင်းဖြစ်သည် ။
ဤသည်များမှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်ခြင်းကိစ္စမှတဆင့် တနွယ်ငင်တစင်ပါစဉ်းစားမိသောကိစ္စများဖြစ်ပါသည် ။ ပြောလိုရင်းမှာ ကိုယ့်ဘာသာ နှုတ်ထွက်သည်ဆိုလျှင် အကြောင်းပြချက် ကိုရှင်းလင်းအောင်အများသိအောင်လုပ်ပါ ။ NLD ကအပြစ်ရှိ၍ဖယ်ရှားသည်ဆိုလျှင် ပြည်သူလူထုသိအောင်အကြောင်းပြချက်ကိုတိတိကျကျထုတ်ပြန်ပါ ။ ဟုတ်သည်မဟုတ်သည်အပထား ဦးသိန်းစိန်အစိုးရလက်ထက်က သာသနာရေးဝန်ကြီးဦးဆန်းဆင့်ကိုရာထူးမှထုတ်ပယ်ခဲ့စဉ်က ဦးဆန်းဆင့်ကျူးလွန်ခဲ့သော အပြစ်များကို ဦးသိန်းစိန်အစိုးရမှပြည်သူလူထုသိရန်ထုတ်ပြန်ပေးခဲ့ပါသည် ။ဗိုလ်ချုပ်ကြီးခင်ညွန့် ကို ရာထူးမှဖြုတ်ချခဲ့စဉ်ကလည်း ဗိုလ်ချုပ်ကြီးခင်ညွန့် ၏အပြစ်များကို ထိုစဉ်ကစစ်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းက တိုင်းပြည်သို့  ရုပ်မြင်သံကြားမှတဆင့်ပြောကြားအသိပေးခဲ့ပါသည် ။ ထိုစဉ်ကစစ်အစိုးရလက်ထက်ဖြစ်သဖြင့် အရာရာသည်ပွင့်လင်းမြင်သာမှုမရှိပါ ။ စွတ်စွဲခံရသူကပြန်လည်ချေပနိုင်ခွင့်မသာပါ ။ ငြိမ်ခံနေရတာများပါသည် ။ ယခုအခါ အနည်းငယ်ပွင့်လင်းမြင်သာလာသောခေတ်သို့ ရောက်ပါပြီ ။လွတ်လပ်သောခေတ်ဖြစ်ပါသည် ။ အပြစ်ရှိလျှင်အပြစ်ကိုထုတ်ပြပါ ။ ကာယကံရှင်လည်းမဟုတ်လျှင်ငြင်းပါစေ။ ပြည်သူလူထုကဆုံးဖြတ်မည်ဖြစ်သည် ။ ပြည်သူလူထုတွင်သိပိုင်ခွင့်ရှိပါသည် ။ထွက်သည်ဆိုလျှင်လည်း ဘာကြောင့်ထွက်ကြောင်းတိတိကျကျပြောစေချင်သည် ။ထုတ်သည်ဆိုလျှင်လည်းဘာကြောင့်ထုတ်ကြောင်းမှန်မှန်ကန်ကန်ပြောစေလိုသည် ။တောင်လိုလိုမြောက်လိုလိုမလုပ်စေချင်ပါ။ ကောင်းမွန်သောလူစားထိုးစေချင်သည် ။
လုပ်ပိုင်ခွင့်အာဏာသည်တသက်လုံးရထားခြင်းမဟုတ် ။လောလောဆယ်လုပ်ပိုင်ခွင့်ရထားသော ငါးနှစ်တာအချိန်တွင် တနှစ်သည်ကုန်လွန်သွားပြီဖြစ်ရာကျန်လေးနှစ်တာကာလအတွင်းတိုင်းပြည်အတွက်အကောင်းဆုံးလူစာရင်းနှင့်ရှေ့ ဆက်ဖို့လိုမည်ဖြစ်ပါကြောင်း။
သရ၀ဏ်(ပြည်)
News Watch ဂျာနယ်
၂၄.၂.၂၀၁၇
Thursday, February 23, 2017
ထုတ်တာလား၊ ထွက်တာလား ၊ ကောင်းမွန်တဲ့ ပြောင်းလဲမှုလား
ထုတ်တာလား၊ ထွက်တာလား ၊ ကောင်းမွန်တဲ့ ပြောင်းလဲမှုလား
Reviewed by Ar Ti
on
10:56 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment