Latest News

Wednesday, February 1, 2017

ဈေးနှုန်းမြင့်နေသည် ဆိုသော ဖုန်စုပ်ယာဉ် တင်သွင်းမှု စည်ပင်ကော်မတီ စတင်စစ်ဆေး

ဈေးနှုန်းမြင့်နေသည် ဆိုသော ဖုန်စုပ်ယာဉ် တင်သွင်းမှု စည်ပင်ကော်မတီ စတင်စစ်ဆေး

ရန်ကုန်၊ ဇန်နဝါရီ ၃၁

သန့်ရှင်းရေးယာဉ်များ ဈေးကြီးမြင့်နေမှုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်နေမှုကြောင့် မှန်ကန်ခြင်း ရှိ၊ မရှိ ကုမ္ပဏီဘက်ကို ဖြေရှင်းခိုင်းထားပြီး စည်ပင်သာယာကော်မတီကလည်း ပြန်လည်စိစစ်လျက်ရှိရာ ကုမ္ပဏီဘက်က မှန်ကန်မှု မရှိပါက ယင်းကုမ္ပဏီကို အမည်ပျက်စာရင်း ထည့်သွင်းမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။

ခေတ်မီသန့်ရှင်းရေး ယာဉ်များကို တင်သွင်းရန် အောင်ကမ္ဘာ ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပြီး  အဆိုပါ ယာဉ်များကို တစ်စီးလျှင် ကျပ်သိန်း ၁၀ဝ၀ တန်ဖိုးဖြင့် ဂျာမနီနိုင်ငံ HAKO Group ထံမှ တင်သွင်းလာခြင်း ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ခရိုင်တစ်ခုလျှင် တစ်စီးနှုန်းဖြင့် လေးစီး တင်သွင်းလာကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

“သန့်ရှင်းရေးယာဉ်နဲ့ ပတ်သက်ပြီး ကုမ္ပဏီကို ရှင်းခိုင်းထားတယ်။ မြန်မာပြည်က ကုမ္ပဏီဘက်က မှန်တယ်။ နိုင်ငံခြားကုမ္ပဏီဘက်က မှားတယ်ဆိုရင် အဲဒီကုမ္ပဏီကို သူတို့က တရားစွဲလိမ့်မယ်။ ကျွန်မတို့က ဒီအစိုးရ လက်ထက်မှာ တင်ဒါအောင်တဲ့ ကုမ္ပဏီကို ပရိုစီဂျာအရ ရွေးချယ်ခဲ့တာပါ။ တင်ဒါရတဲ့ ကုမ္ပဏီက မှားတယ်ဆိုရင်တော့ Black List လုပ်မှာပါ” ဟု ဒေါ်လှိုင်မော်ဦးက ဆိုသည်။

တင်သွင်းသည့် သန့်ရှင်းရေးယာဉ် အမျိုးအစားမှာ City Master 1250 ဖြစ်ပြီး ယာဉ်တစ်စီး၏ လုပ်ကိုင်နိုင်စွမ်းသည် လူ ၂၀ဝ အသုံးပြုမှုနှင့် ညီမျှကြောင်း၊ သန့်ရှင်းရေးယာဉ်များသည် လမ်းပေါ်ရှိ အမှိုက်သရိုက် အမျိုးမျိုး၊ ပုလင်းနှင့်ဘူးအမျိုးမျိုး၊ ခဲလုံးများ၊ လမ်းများပေါ် တင်ကျန်နေသော ရေများကို စုပ်ယူသိမ်းဆည်းနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“လွှတ်တော်ပြန်စမှပဲ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းပြီး ဆောင်ရွက်ရမှာပါ” ဟု ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုသည်။

ယခုလထဲတွင် ခရိုင် ၄ ခရိုင်အတွက် သန့်ရှင်းရေးလုပ်ရန် ပြည်ပမှ မှာယူထားသည့် ယာဉ် ၁၁၄ စီးအနက် ခေတ်မီသန့်ရှင်းရေးယာဉ် လေးစီး၊ အမှိုက်သိမ်းယာဉ်ငယ် အစီး ၃၀၊ ယန္တရားရှစ်စီး စုစုပေါင်း ၄၂ စီး ရောက်ရှိလာပြီ ဖြစ်ပြီး နောက်ပိုင်းတွင် ခရိုင်တစ်ခုလျှင် ခေတ်မီသန့်ရှင်းရေး ၄ စီးစီဖြင့် စုစုပေါင်း ၁၆ စီးဖြင့် သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

Sources : The Voice

No comments:

Post a Comment