Latest News

Tuesday, February 14, 2017

ထရမ့်၏ အမျိုးသား လုံခြုံရေး အကြံပေးအရာရှိ ရာထူးမှ ရုတ်တရက် နုတ်ထွက်

ထရမ့်၏ အမျိုးသား လုံခြုံရေး အကြံပေးအရာရှိ ရာထူးမှ ရုတ်တရက် နုတ်ထွက်



အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၏ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ မိုက်ကယ်ဖလင်းမှာ ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

ဖလင်းသည် ရုရှားနှင့် မူမှန်မဟုတ်သော ဆက်သွယ်မှုများ ရှိခဲ့ကြောင်း စွပ်စွဲမှုများ ကြုံခဲ့သည့်နောက် ရာထူးမှ နုတ်ထွက်ခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် ထရမ့်က အမေရိကန် သမ္မတအဖြစ် တာဝန်မယူမီက ရုရှားအပေါ် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများနှင့် ပတ်သက်၍ ရုရှား သံအမတ်ကြီးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

မိမိနှင့် ရုရှားသံအမတ်တို့ကြား တွေ့ဆုံဆွေးနွေးမှုသည် မလိုလားအပ်သော ထင်ယောင်ထင်မှား ကိစ္စများကို ဖြစ်ပေါ်လာစေသောကြောင့် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ကြောင်း ဖလင်းက ကြေညာခဲ့သည်။

အမေရိကန် တရားရေး ဝန်ကြီးဌာနသည် ဖလင်း၏ ရုရှားအဆက်အသွယ်နှင့် ပတ်သက်၍ အိမ်ဖြူတော်ကို ပြီးခဲ့သည့်လ နှောင်းပိုင်းကတည်းက သတိပေးခဲ့ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။ ဖလင်းသည် ရုရှားဘက်မှ အကျပ်ကိုင် ခြိမ်းခြောက်မှုမျိုး ရှိလာလျှင် တွန်းလှန်နိုင်စွမ်း အားလျော့နေလိမ့်မည်ဟု တရားရေး ဝန်ကြီးဌာနက ထောက်ပြခဲ့သည်။

ထိုအခြေအနေနှင့် ပတ်သက်ပြီး အတိုက်အခံ ဒီမိုကရက်ပါတီဘက်က ဖလင်းကို ရာထူးမှ ထုတ်ပယ်ပေးရန် ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့သည်။ အမေရိကန်တွင် သာမန်အရပ်သားများက သံတမန်ရေးရာ အရာရှိများနှင့်
တွေ့ဆုံဆွေးနွေးမှုမှာ တရားဥပဒေ ချိုးဖောက်သည့်သဘော ဖြစ်နေသည်။ ပြီးခဲ့သည့်နှစ်က ရုရှားသံအမတ်နှင့် တွေ့ဆုံချိန်တွင် ဖလင်းမှာ လက်ရှိ အစိုးရအဖွဲ့၏ ရာထူးလက်ကိုင် နေရာကို မရရှိခဲ့သေးချေ။

အိမ်ဖြူတော်က ဒုတိယ ဗိုလ်ချုပ်ကြီး ဂျိုးဆက် ကိသ် ကဲလော့ဂ်ကို ဖလင်း၏ ရာထူးတွင် ယာယီ ခန့်အပ်ထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဖလင်းသည်လည်း အမေရိကန် စစ်တပ်မှ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သည်။ ဖလင်းနုတ်ထွက်ရခြင်းသည် ရာထူးသက်တမ်း တစ်လပင် မပြည့်သေးသည့် အချိန်အတောအတွင်း ပြဿနာပေါင်းစုံ ရင်ဆိုင်နေရသည့် အမေရိကန် သမ္မတသစ် ထရမ့်အတွက် ကြီးမားသော ထိုးနှက်ချက် တစ်ခုလည်း ဖြစ်လာခဲ့သည်။

Ref: Reuters

7Day News Journal

No comments:

Post a Comment