“ရင်ဖွင့်သံတွေကို နားထောင်ပေးလိုက်ပါ“
တကယ်လို့များ ကိုယ့်ပတ်ဝန်းကျင်က တစ်ဦးဦးက ကိုယ့်ကို သူ့အကြောင်းတွေ ရင်ဖွင့်ပြောလာခဲ့ရင် စိတ်ပါလက်ပါနဲ့ နားထောင်ပေးလိုက်ပါနော်။
အဲဒီလို ရင်ဖွင့်ပြောလာတဲ့သူက သူ့ရဲ့ခံစားချက်တွေ မကျေနပ်ချက်တွေကို ဘယ်သူ့ကို ပြောရမှန်းမသိအောင် ခံစားလာရတဲ့ အချိန်တွေ များလာတာနဲ့အမျှ သူတို့တစ်ထွေဟာ မွန်းကျပ်လာပါတယ်။ တစ်ပြိုင်နက်တည်း ရင်ထဲမှာလည်း တင်းကျပ်မာကျောလာတတ်ပြန်ပါတယ်။
အဲဒီအချိန်မှာ သူ အလိုအပ်ဆုံးအရာက သူရင်ဖွင့်လိုက်ဖို့ပါပဲ။ သူ ပြောဆို ရင်ဖွင့်တာကို စိတ်ပါလက်ပါနဲ့ သေသေချာချာ နားထောင်ပေးမဲ့သူ ရှိတယ်ဆိုရင်တော့သူဟာ ခံစားရတဲ့ဝေဒနာ တစ်ဝက်မက သက်သာသွားစေပါတယ်။
တကယ်တော့ ကျွန်မတို့လို အမျိုးသမီးတွေဆိုတာ အိမ်ထောင်ရေးနဲ့လူမှုရေးထဲမှာ အကျဉ်းကျခံနေရတဲ့သူတွေပါ။အလုပ်လုပ်ပါတယ်ဆိုတဲ့ ဇနီးမယားမှာတောင် လူမှုဆက်ဆံရေးပတ်ဝန်းကျင်က ဘောင်ကျဉ်းလှပါတယ်။ လုပ်ငန်းခွင်နဲ့မိသားစုကြားမှာပဲ နေ့စဉ် လှုပ်ရှားရုန်းကန် ရှင်သန်နေရတဲ့အတွက် မိန်းမတွေရဲ့ နှလုံးအိမ်ဟာ အမျိုးသားတွေရဲ့ နှလုံး အိပ်ထက် ပိုပြီး ကျဉ်းကြပ် မာခဲလှတယ်လို့တောင် ဆိုနိုင်သေးတယ်။
သူ့ရဲ့ ခံစားချက်တွေ မကျေနပ်ချက်တွေကို ဒီနှလုံးအိမ်ထဲမှာ ပြွတ်သိပ်ထည့်ထားရတဲ့ ပမာဏက ပိုကြီးပါလိမ့်မယ်။အဲလို အခြေအနေမျိုးမှာ အမျိုးသမီးအများစုက ဖွင့်ဟခွင့်မရတဲ့အခါ စိတ်ဖိစီးမှုတွေ၊ စိတ်ဓါတ်ကျဆင်းလာတာတွေနဲ့ ကြုံလာရတတ်ပြန်တယ်။
အဲဒီလို အခြေအနေထိ မရောက်ခင်မှာတော့ ကျွန်မတို့ဟာ တစ်ယောက်ယောက်ကို အားကိုးတကြီး တိုင်တည်ပြောဆိုလိုပါသေးတယ်။
အဲဒီသူဟာ ကိုယ့်ခင်ပွန်းလည်း မဟုတ်၊ ကိုယ့်အဖေလည်း မဟုတ်၊ ကိုယ့်အမေလည်း မဟုတ်၊ ကိုယ့်ညီမလည်းမဟုတ်တဲ့ ...ကိုယ်ဘာပဲဖြစ်ဖြစ် ကိုယ်ဘယ်လိုပဲ နေနေ အပြစ်တင်ခြင်း၊ ဝေဖန်းခြင်း လုံးဝ မရှိဘဲနဲ့ ကိုယ်ပြောသမျှကို နားထောင်ပေးမဲ့ သူမျိုးကို လိုချင်ကြတာပါ။
ကိုယ့်ကိုယ်ကို အရိုးသားဆုံး၊ အပွင့်လင်းဆုံး၊ မာယာအမဲ့ဆုံး နေထိုင်ပြောဆိုလို့ရတဲ့ သူ တစ်ဦး မဟုတ် တစ်ဦးကတော့ အမြဲတမ်း ကျွန်မတို့ ပတ်ဝန်းကျင်မှာ ရှိနေစေချင်ကြတယ်။ အဲဒီစိတ်နဲ့ကိုယ့်ကို နားလည်နိုင်မဲ့ ကိုယ်ပြောသမျှကို နားထောင်ပေးနိုင်မဲ့ သူမျိုးကို ရှာလာကြပါတယ်။
တစ်ခါတစ်ရံမှာတော့ မိန်းမအချင်းချင်း စကားပြောကြရင်းနဲ့ရင်းနှီးစိတ် ၀င်လာတဲ့အခါ သူတို့စိတ်ထဲ ငါ့ကို နားလည်နိုင်မဲ့သူ တွေ့ပြီလို့ နားလည်လာကြပြီး ပေါင်းဖော်မိတ်ဆွေဖြစ်လာကြပါတယ်။
သူပြောတာလည်း ကိုယ်ကနားထောင်၊ ကိုယ်ပြောတာကိုလည်း သူက နားထောင်ပေးရင်းနဲ့ အချင်းချင်း အတွေ့အကြုံတွေကို နှိုင်းယှဉ်ကြည့်ကြ။ ပြဿနာတွေကို ပြောဆိုကြ၊ ဖြေရှင်းပုံဖြေရှင်းနည်းတွေကိုတောင် ပြောဆိုကြပါသေးတယ်။
အဲဒီလို နည်းလမ်းတွေနဲ့ကျွန်မတို့တွေဟာ ရင်ထဲက ခံစားရတာတွေ မကျေနပ်ချက်တွေကို ဖောက်ခွဲကြပြီး ရှေ့အနာဂတ်ကို ခရီးဆက်ကြရတာပါ။
တကယ်လို့များ ကိုယ့်မှာ ရင်ဖွင့်ပြောနိုင်တဲ့သူ တစ်ယောက်ယောက်မရှိခဲ့ဘူးဆိုရင် သူဟာ စိတ်ကျဝေဒနာ ဖြစ်တဲ့အထိ ခံစားလာရနိုင်ပါတယ်။ စိတ်ဖိစီးမှုကနေ စိတ်ကျဝေဒနာဖြစ်ပြီး နောက်ဆုံး ကိုယ့်ကိုယ်ကို တန်ဖိုးမထားနိုင်တော့ဘဲ သေကြောင်းကြံစည်ကြတာပါ။
ဒါကြောင့်ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ရင်ဖွင့်စကားသံတွေကို စိတ်ရင်းအမှန်နဲ့နားထောင်ပေးပါ၊အဲလို နားထောင်ပေးလိုက်တဲ့အတွက် သူ့အနေနဲ့ စိတ်ထွက်ပေါက် တစ်ခု ဖြစ်သွားတယ်ဆိုရင် သူ့ကို ကိုယ်က အကောင်းဆုံး နည်းလမ်းနဲ့ကူညီပေးလို်က်တာပါ။
ဒါပေမဲ့ သူခံစားနေရတာကို ကိုယ်ကပါ လိုက်ခံစာ့းရင်တော့သူ့အပူ ကိုယ့်ကို ကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ကိုယ်က ကာယကံရှင်မဟုတ်တဲ့အတွက် သူ့လောက်တော့ မပူနိုင်ပါဘူးလေ။ သူ့ရဲ့အပူကို ငြိမ်းပေးလို်က်တယ်လို့ ကိုယ်က လက်ခံလိုက်တာနဲ့အမျှ ကိုယ့်ကိုယ်ကိုလည်း ပြုလိုက်တဲ့ကုသိုလ်အတွက် ကျေနပ်စိတ်ဝင်ရပါတယ်။
ကိုယ်က စေတနာရင်းနဲ့ ပြုလိုက်တဲ့ကံဟာ ကိုယ့်စေတနာအတွက်ကောင်းကျိုးကိုသာ ဖြစ်စေတယ်ဆိုတာကိုတော့ယုံကြည်လိုက်ပါ။ကိုယ်က သူ့ရဲ့ရင်ဖွင့်သံကို နားထောင်ပေးလိုက်တဲ့အတွက် ကိုယ့်မှာလည်း အထီးကျန်ရတယ်ဆိုတာ မရှိတော့ဘဲနဲ့ကို်ယ့်ရင်ဖွင့်သံကို နားထောင်ပေးမဲ့ကိုယ့်ကို ကူညီပံ့ပိုးပေးနိုင်မဲ့သူတွေလည်း ထွက်ပေါ်လာတတ်ပါသေးတယ်။
လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် မိသားစုတွင်းမှာပဲ ဖြစ်ဖြစ် မည်သူမဆို ပြောစရာ မကျေနပ်စရာ ရင်ဖွင့်စရာတွေက ရှိကြမှာပါပဲ။ အဲဒီလို ရင်ဖွင့်စကားတွေကို ဘယ်လို လူတွေကို
ပြောပြလေ့ရှိတာလဲ့။
စဉ်းစားကြည့်ရအောင် ကျွန်မတို့အနေနဲ့ ကိုယ့်ကိုအသိဆုံးလို့ယူဆတဲ့ မိခင်၊ ဖခင်တွေကိုရော ကိုယ့်ရဲ့ ခံစားနေရတာတွေ၊ ကိုယ်ကြုံတွေ့နေရတဲက အခက်အခဲတွေ ပြဿနာတွေ ခံစားချက်တွေ စတာတွေကို ပြောပြကြပါသလား။
အချို့ကိုသာ ပြောကြပြီး ခံစားချက်နဲ့ အချို့ အချက်တွေကိုတော့ မပြောကြပါဘူး။ ပြောတဲ့အခါမှာလည်း သူတို့ရဲ့ နားလည်နိုင်မှု အခြေအနေကို ကြည့်ပြီး အကဲခတ်ပြီး ဂရုတစိုက်နဲ့ ပြောဆိုသလို၊ အချို့ကိစ္စတွေကိုတော့ ဟန်ဆောင် ဖုံးဖိထားရတာတွေလည်း ရှိတာပါပဲ။ မိဘကိုတောင်မှ အတိုင်းအတာတစ်ခုလောက်ထိပဲ ပြောဆိုလို့ရနိုင်တယ်လို့ ဆိုရမှာပါ။(အချို့ဆို ဘာဖြစ်ဖြစ် ဘယ်လို ကြုံကြုံ မိဘကို လုံးဝ မပြောတဲ့ သူတွေလည်း အများကြီး ရှိပါသေးတယ်)
အဲဒီလိုပါပဲ မိသားစုနဲ့ပတ်သက်တဲ့ ခံစားချက်တွေနဲ့ပြဿနာတွေကို ကိုယ့်ချစ်သူ ကိုယ့်ခင်ပွန်းကိုရော အရာအားလုံး ပြောပြကြပါသလား။
ကိုယ့်ချစ်သူ၊ ကိုယ့်ခင်ပွန်းရှေ့ ရောက်သွားတဲ့ မိန်းမတစ်ယောက်ဟာ ကိုယ့်ကိုယ်တိုင် မဟုတ်တော့သလို၊ အခြားသူတစ်ယောက် ဖြစ်သွားရတာပဲ မဟုတ်လား။ ကိုယ့်နဲ့ သူနဲ့ ဆက်ဆံရေး ထိခိုက်သွားမလား ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ပြောဆိုရသလို၊ ကိုယ့်ရဲ့ တန်ဖိုးကိုလည်း အရောင်တင်ပြီး ဂရုတစိုက်နဲ့ ပြောဆိုကြရတာပါပဲ။ အဲဒါကြောင့် ဇနီးမောင်နှံတွေကြားမှာလည်း မျက်နှာဖုံးတစ်လွှာ ရှိနေတာပါပဲ။
ဒီလိုပဲ တစ်မိတည်းကနေဖြစ်လာကြတဲ့ ညီအစ်မချင်း၊ ညီအကို ချင်းမှာရော ပွင့်လင်းလွတ်လပ်တဲ့ ဆက်ဆံရေး ရှိချင် ရှိပါလိမ့်မယ်။ကိုယ့်ရဲ့ တစ်ကိုယ်ရေ ခံစားချက်ကို ပြောချင် ပြောနိုင်ပေမဲ့ အရာအားလုံးကိုတေ့ အိပ်သွန်ဖာမှောက်ပြောကြပါသလား။
ဒီနေရာမှာလည်းမောင်နှမသားချင်းတွေဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့ စိတ်နှလုံးအလုံးစုံကို ဖွင့်လှစ်ပြောဆိုလေ့ မရှိတာ တွေ့ရတာပါပဲ။
အဲဒီလို သဘောတရားရှိနေတဲ့အတွက် အိမ်ထောင်ရေးကိစ္စတွေ၊ လူမှုရေး ပြဿနာ တွေကြောင့် ၀မ်းနည်းတဲ့အခါ အားငယ်တဲ့အခါ သူတို့ ပြေးသွားတတ်တာက သူ့တို့ရဲ့ အသံကို နားထောင်ပေးတဲ့ သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်နေတတ်တာပါ။
သူငယ်ချင်းနားထောင်ပေးတဲ့အခါ သူ့ရင်ထဲကအထုတ်တွေကို ဖြေချတယ်။ သူငယ်ချင်းက တောက်ခေါက်ပေးတဲ့အခါ သူ့အပေါ်ကို နားလည်တဲ့သူအဖြစ် ကျေနပ်စေတယ်။ ဒီလိုနည်းလမ်းနဲ့ တင်းကျပ်နေတဲ့ နှလုံးသားတွေကို ဖြေလျော့ကြရတာပါ။
အဲဒါကြောင့် ခင်မင်သူအမျိုးသမီးတွေ တစ်ယောက်နဲ့တစ်ယောက်တွေ့ကြပြီ ဆိုရင် စကားတွေက ပြောမကုန်နိုင်အောင် ဖြစ်ရတယ်၊ အတင်းပြောတာလို့ပဲ ဆိုဆို၊ ခံစားချက်တွေကို ဖွင့်ထုတ်တယ်လို့ပဲ ပြောပြော သူတို့နှစ်ဦးအတွက်ကတော့ တကယ့်ရင်ဖွင့်ပြောဆိုကြရတာပါပဲ။ ဒါကို အပြန်အလှန်ကူညီခြင်းလို့ခေါ်ပါတယ်။
ကိုယ့်ကြောင့် သူ့ဝေဒနာသက်သာသွားတယ်၊ အေးချမ်းသွားတယ်ဆိုရင် ကိုယ်လည်း ကုသိုလ်ရပါတယ်။ တူသော အကျိုးကိုလည်း ခံစားရပါတယ်။ဒါ့အပြင် ကိုယ့်အနေနဲ့လည်း ကိုယ့်အနေနဲ့တတ်နိုင်တဲ့ကုသိုလ်လေးတစ်ခု ပြုလိုက်နိုင်တယ်ဆိုတဲ့စိတ်နဲ့ ပီတိ ဖြစ်ရပါတယ်။ အဲဒီပီတိက ကျွန်မတို့ကို ဆက်လက် ရှင်သန်စေတာပါပဲ။
မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment