Latest News

Monday, February 20, 2017

စလစ်တစ်စောင် ကျပ် ၁၀ သိန်းခန့်တက်

စလစ်တစ်စောင် ကျပ် ၁၀ သိန်းခန့်တက်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

လာမည့် ဘဏ္ဍာနှစ်မှစ၍ ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ် (စလစ်ကပ်ယာဉ်) အဖြစ်တင်သွင်းမည့် မော်တော်ယာဉ်များကို ဝင်ငွေခွန် ကောက်ခံမည် ဆိုခြင်းကြောင့် စလစ်တစ်စောင် ၁၀ သိန်းခန့် မြင့်တက်သွားကြောင်း မော်တော်ယာဉ်ဈေးကွက် အတွင်းမှ သိရသည်။

စလစ်ဈေးနှုန်းသည် ပြီးခဲ့သည့် အပတ်ကထက် အမည်ပေါက် စလစ်တစ် စောင်လျှင် ကျပ် ၁၀ သိန်းခန့်နှင့် အပ်ကားတစ်စီးလျှင် ကျပ်ခုနစ်သိန်းကျော် မြင့်တက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

“အခွန်ဆောင်ရမှာစိုးလို့ ရောင်းမထွက်သေးပေမယ့် စလစ်ကြိုကပ်ကြတာပေါ့။ အဲဒါကြောင့် စလစ်အရောင်းအဝယ်လည်း ကောင်းလာတယ်။ ဒါပေမဲ့ ဒိုင်နာတွေ အအပ်ခံလိုက်မယ် ဆိုရင်တော့  စလစ်ဈေး ပြန်ကျသွားနိုင်တယ်” ဟု စလစ်ဝယ်ရောင်း ဦးမောင်မောင်ဇော်က ရှင်းပြသည်။

ထို့ကြောင့် လတ်တလော စလစ် ကြိုတင်ကပ်ထားသည့် စလစ်ကပ်ယာဉ်များ၏ ဈေးနှုန်းများသည်လည်း မြင့်တက်လာနိုင်ပြီး ကနဦးနံပါတ် ကြိုတင် ထုတ်ယူထားရခြင်းများကြောင့် ဝယ်ယူသူများ အတွက်လည်း နောက်ဆုံးနံပါတ်ဖြင့် ဝယ်ယူစီးနင်းနိုင်ခွင့်များ ဆုံးရှုံးလာမည်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ပြောကြားသည်။

လက်ရှိစလစ်ဈေးကွက်အတွင်း နှစ် ၂၀ နှင့် ခရီးသည်တင် အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် ၁၁၈ သိန်းခန့်၊ နှစ် ၂၀ အပ်ကားတစ်စီးလျှင် ကျပ် ၁၁၀ သိန်းခန့်နှင့် ခရီးသည်တင် ယာဉ်အိုယာဉ်ဟောင်း တစ်စီးလျှင် ကျပ် ၉၅ သိန်းခန့် ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ကနဦး မှတ်ပုံတင်နံပါတ် (ကညနလိုင်စင်) ရယူထားပြီးခြင်း မရှိသည့် မော်တော်ယာဉ်များ အနေနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် သတ်မှတ်ထားသည့် ကြိုတင်ဝင်ငွေခွန် နှုန်းထားများ အတိုင်း ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားသည်။        

The Voice

No comments:

Post a Comment