Latest News

Tuesday, February 7, 2017

နိုင်ငံတကာ လေကြောင်းလိုင်းများ ပျံသန်းဝန်ဆောင်ခ ကောက်ခံမှု အမေရိကန် ဒေါ်လာ ၅၈ သန်းကျော် ရရှိခဲ့

နိုင်ငံတကာ လေကြောင်းလိုင်းများ ပျံသန်းဝန်ဆောင်ခ ကောက်ခံမှု

အမေရိကန် ဒေါ်လာ ၅၈ သန်းကျော် ရရှိခဲ့

နေပြည်တော်၊ ဖေဖော်ဝါရီ ၇

နိုင်ငံတကာ လေကြောင်းလိုင်းများမှ အပြည်ပြည်ဆိုင်ရာ လေယာဉ်များ မြန်မာပိုင်နက် နယ်နိမိတ်အတွင်း ဖြတ်ကျော် ပျံသန်း ဝင်ဆောင်ခွင့် အခွန် ကောက်ခံမှုသည် စုစုပေါင်း အမေရိကန် ဒေါ်လာ (၅၈ ဒသမ ၄၉၁) သန်း ရရှိခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

ယင်းကောက်ခံမှုသည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၏ (၂၀၁၆ ဒီဇင်ဘာ ၁၃ ထိ) ရက်တစ်နှစ်အတွင်း ကောက်ခံမှု ဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီလ ၇ ) ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်းက “မြန်မာနိုင်ငံ ဝေဟင်ပိုင်နက်များတွင် ဖြတ်သန်း မောင်းနှင်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ လေယာဉ်များအား မည်သည့် ဝန်ကြီးဌာနမှ မည်သည့်ခုနှစ်တွင် စတင်၍ အခွန်မည်မျှ ကောက်ခံပြီး ရရှိသော အခွန် ဘဏ္ဍာများအား မည်သည့်နေရာများတွင် သုံးစွဲသည်ကို သိလိုကြောင်း မေးမြန်းခဲ့ခြင်းဖြစ်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရရှိလာတဲ့ အခွန်အခများကို နိုင်ငံတော်ရဲ့ အစီအမံဖြင့်သာ စနစ်တကျ ခွဲဝေသုံးစွဲလျက် ရှိပါတယ်”ဟု ဒုတိယ ဝန်ကြီးကဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံအပေါ်မှ နေ့စဉ် ဖြတ်ကျော်ပျံသန်းသည့် လေယာဉ်စီးရေသည် နှစ်စဉ် တိုးတက်လျက်ရှိပြီး လက်ရှိတွင် တစ်ရက်လျှင် လေယာဉ်ခေါက်ရေ ၆၀ဝ ခန့်ကို လေယာဉ်ဖြတ်ကျော် ပျံသန်းခများ ကောက်ခံလျက် ရှိကြောင်း၊ လေယာဉ်ဖြတ်ကျော် ပျံသန်းခ ကောက်ခံရရှိမှု အနေဖြင့် ၂၀၁၅-၁၆ ခု၊ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း အမေရိကန် ဒေါ်လာ (၈၃.၂၃၃) သန်းကို ကောက်ခံ ရရှိခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေနှင့် မြန်မာနိုင်ငံ ဝေဟင်ပိုင်နက် အတွင်းသို့ ဖြတ်သန်း မောင်းနှင်သွားသော နိုင်ငံတကာ လေကြောင်းလိုင်းများမှ အပြည်ပြည်ဆိုင်ရာ လေယာဉ်များအား လေယာဉ် ဖြတ်ကျော် ပျံသန်း ဝန်ဆောင်ခွင့်များကို ၁၉၃၄ ခုနှစ် လေကြောင်း ဥပဒေကို အခြေခံ၍ ၁၉၄၈ ခုနှစ်မှ စတင် ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။
The Voice

No comments:

Post a Comment