Latest News

Tuesday, February 7, 2017

ဦးကိုနီနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အကျပ်အတည်း သို့မဟုတ် အခက်အခဲမှ အခွင့်အလမ်းသို့

ဦးကိုနီနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အကျပ်အတည်း သို့မဟုတ် အခက်အခဲမှ

အခွင့်အလမ်းသို့


ကျွန်တော်နဲ့ ဆရာဦးကိုနီ ရင်းနှီးသိကျွမ်းခြင်း မရှိပေမယ့် အမှတ်တရ ဖြစ်စေခဲ့တဲ့ ပတ်သက်မှုလေးတွေတော့ အနည်းအကျဉ်း ရှိခဲ့တာမို့ ဆရာဦးကိုနီကို သတိတရ ဖြစ်နေမိလို့ သည်စာကို ရေးသားမိခြင်းပါ။ ကြိုတင်ပြီး ပြောထားချင်တာကတော့ ကျွန်တော်ဟာ ဘယ်ပါတီ၊ ဘယ် အဖွဲ့အစည်းမှာမှ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသူ မဟုတ်ဘဲ Stakeholder ကောင်းတစ်ယောက်ဖြစ်ချင်သူ နိုင်ငံသားတစ်ယောက် အနေနဲ့ ရင်ထဲမှာရှိတဲ့ စေတနာ အရင်းခံအတိုင်း ဆင်ခြင်သုံးသပ် ထင်မြင်ယူဆချက်ကို ရေးသားမှာဖြစ်တဲ့အတွက် မကျေလည် မကျေနပ်သူများ ရှိခဲ့ပါရင် ဖြည့်နားလည်သည်းခံကြစေချင်ပါတယ်။

ဆရာဦးကိုနီလို့ ဆိုရခြင်းက ကျွန်တော့်ရဲ့ သင်ဆရာ မဟုတ်ပေမယ့် သူ့စာအုပ်တွေကို ဖတ်ဖူးတဲ့အတွက်၊ သူ့ဟောပြောချက်တွေကို နားထောင်ဖူးတဲ့အတွက် မြင်ဆရာ ကြားဆရာ ဖြစ်တာမို့ ရိုသေမှုနဲ့ ဂါရဝပြုခြင်း ဖြစ်ပါတယ်။

သူ့နာမည်ကိုကြားဖူးပြီး မကြာခင်မှာပဲ သူ့ရဲ့ စာပေဟောပြောပွဲကို နားထောင်ခဲ့ရပါတယ်။ ဆရာဦးဝင်းတင်နဲ့အတူ တောင်ဒဂုံနိကာယ်စာသင်တိုက်မှာ ဟောပြောခဲ့တာပါ။ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး ဆရာဦးကိုနီရဲ့ ဝေဖန်ထောက်ပြချက်တွေက ပရိသတ်ကို အပြည့်အဝ ညှို့ယူဖမ်းစားနိုင်တာကတော့ အသေအချာပါပဲ။ ၂၀၁၃ ခု နှစ်ဆန်းပိုင်း ကာလတွေကတည်းက သူဟာ ၂၀ဝ၈ အခြေခံဥပဒေ ကျွမ်းကျင်နှံ့စပ်သူ တစ်ယောက်အဖြစ် ထင်ရှားလာခဲ့ပြီလို့ ဆိုရတော့မှာပါ။ စာပေလွတ်လပ်ခွင့် ရစကာလမှာ အတွေးစူးစူး အပြောရဲရဲနဲ့ ၂၀ဝ၈ အခြေခံဥပဒေ ပြင်ဆင်ဖို့ သို့မဟုတ် အသစ် ရေးဆွဲဖွဲ့အတွက် ဦးဆောင် လှုပ်ရှားခဲ့သူအဖြစ် မှတ်တမ်းတင်နိုင်လောက်ပါတယ်။

ရှစ်လေးလုံး ၂၅ နှစ်ပြည့် ငွေရတု သဘင်အခမ်းအနား ကျင်းပရာ MCC ခြံဝင်းမှာ ဆရာဦးကိုနီနဲ့ ဆုံပြန်ပါတယ်။ ဖြတ်သွားဖြတ်လာ နှုတ်ဆက်ရင်းနဲ့ ကျွန်တော် သိချင်တဲ့မေးခွန်းတစ်ခုကို မေးဖြစ်တာပါ။ “၁၉၄၇ ဖွဲ့စည်းပုံ ကာလတုန်းက မြန်မာနိုင်ငံမှာ တိုင်းရင်းသား ၁၄၅ မျိုး သတ်မှတ်ခဲ့တယ်ဆိုတာ ဟုတ်ပါသလား”ဆိုတော့ “၁၄၇ မျိုး သတ်မှတ်ခဲ့တယ်”လို့ သူကဖြေပါတယ်။ သမိုင်းကို စိတ်ဝင်တစားရှိလို့ မေးခဲ့ခြင်းမှတစ်ပါး အခြား ဘာအကြောင်းမှ နားမလည်ပေမယ့် လက်ရှိ ဖွဲ့စည်းပုံအရ တိုင်းရင်းသား ၁၃၅ မျိုးသာ သတ်မှတ်ထားတာမို့ ပျက်ပြယ်သွာခဲ့ရတဲ့ တိုင်းရင်းသားတွေအနေနဲ့ ကျေနပ်မှု မရှိလောက်ဘူး ဆိုတဲ့အတွေးတော့ ဝင်မိသား။

သည့်နောက် ဆရာဦးကိုနီ ရေးသားတဲ့ “၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘယ်လိုပြင်မလဲ”ဆိုတဲ့စာအုပ်ကို ဝယ်ဖတ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် နားမလည်တဲ့ အချက်အလက်တွေကို သူ့ဆီ တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းတဲ့အခါမှာ လိုလိုချင်ချင် လှိုက်လှိုက်လှဲလှဲနဲ့ ဖြေကြားပေးတဲ့ အတွက်လည်း အားရကျေနပ် ကျေးဇူးတင်ခဲ့ရပါတယ်။

ပုဒ်မ ၄၃၆ (က) နဲ့ ပတ်သက်ပြီး သူ့အတွေးအမြင် တစ်ခုကတော့ ကျွန်တော့်အနေနဲ့ မှတ်မှတ်ရရ ဖြစ်လောက်အောင် စွဲထင် ကျန်ရစ်စေခဲ့ပါတယ်။

ပုဒ်မ ၄၃၆(က) က သည်လိုဆိုထားပါတယ်။

၄၃၆ (က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀ဝ၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်...တဲ့။

တည့်တည့်ဆိုရလျှင် ပြည်ထောင်စု လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကပါ ပြင်ဆင်ဖို့ ထောက်ခံကြစေဦးတော့ တကယ်တမ်း ပြင်ဆင်တဲ့အခါ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခဲ့ချိန်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကသာ မဲမပေးဘဲ နေခဲ့ရင် ပြင်လို့မရနိုင်တော့ဘဲ ဖြစ်နေပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် ဆန္ဒခံယူပွဲကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်က မဲပေးဖို့ အရေးဟာလည်း အခက်ခဲဆုံး ဖြစ်တယ်လို့ ဆရာဦးကိုနီက ထင်မြင်ယူဆ သုံးသပ်ပြပါတယ်။ ဒါဟာ တော်တော် စဉ်းစားသင့်တဲ့အချက်ဖြစ်တာ အမှန်ပါပဲ။ (ပြည်သူ လူထုရဲ့ စိတ်ဝင်စားမှုရေချိန် အနိမ့်အမြင့်နဲ့ သက်ဆိုင်လွန်းနေလို့ပါ။)

နောက်ပြီးတော့ အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း သတ်မှတ်နည်းလမ်း “(ခ) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် အဆို တင်သွင်းသော ဥပဒေမူကြမ်းတွင် အခြားအဆိုများ မပါရှိစေရ”လို့ ဆို ပြန်တဲ့အတွက် “အခြားအဆို”ရဲ့ အဓိပ္ပာယ် သတ်မှတ်ချက် တိကျမှုမရှိခြင်း အခြေခံပေါ်မှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်လာနိုင်တာကိုလည်း ဝေဖန် ထောက်ပြခဲ့ပါတယ်။ ဒါလည်း စဉ်းစားစရာ တစ်ခုအဖြစ် ဗဟုသုတ တိုးပွားစေခဲ့တာ အမှန်ပါ။ (ပေရှည်လာနိုင်တာကိုး။)

ကျွန်တော်ကတော့ နိုင်ငံတစ်ခု ကောင်းဖို့အတွက်ဆိုရင် လူရော၊ မူရော ကောင်းဖို့ လိုအပ်တယ်လို့ မြင်တဲ့အပေါ်မှာ နိုင်ငံတစ်ခုရဲ့ “မူ”ဟာ “ဖွဲ့စည်းပုံအခြေခံဥပဒေ”လို့ ရိုးရိုးရှင်းရှင်းပဲ မြင်တဲ့အတွက် မူမကောင်းရင် လူတွေ ဘယ်လောက်ကောင်းကောင်း ကြီးပွားအောင်မြင် တိုးတက်အောင် လုပ်နိုင်ဖို့အတွက် အဟန့်အတား၊ အနှောင့်အယှက်၊ အခက်အခဲမျိုးစုံက တစ်ချိန်မဟုတ်တစ်ချိန်၊ တစ်နေရာမဟုတ် တစ်နေရာမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပေါ်ပေါက်နေမှာပါ။ ဒါဟာ ငြင်းပယ်လို့ မရနိုင်တဲ့ ဓမ္မသဘာဝပဲ ဖြစ်ပါတယ်။ ဒီလို ဓမ္မသဘာဝရဲ့အောက်မှာ လူတွေဟာ သိလျက်နဲ့ဖြစ်စေ၊ မသိသားဆိုးရွားစွာပဲဖြစ်စေ ပြောဆို၊ ပြုမူ၊ ဆောင်ရွက်၊ လုပ်ကိုင်ပြီး လောကကြီးကို ဖြစ်တည်စေတာပဲ မဟုတ်ပါလား။ (ကောင်းကျိုး ဆိုးကျိုးဟာ လောကဓံတွေပါ)။

မြောက်ဥက္ကလာပမြို့နယ် စာပေဟောပြောပွဲတစ်ခုမှာ ဦးကိုနီနဲ့ ကိုမြအေးတို့ကို ဟောပြောခွင့် မပေးနိုင်ဘူးဆိုပြီး ဘုန်းဘုန်းအပါး ၃၀ ခန့်က ဆန္ဒပြ ဆန့်ကျင်ကြတဲ့အတွက် စာပေဟောပြောပွဲ ပျက်ပြားခဲ့ရပါတယ်။ အဲဒီလိုမျိုးဖြစ်ရခြင်းကိုတော့ စာပေမြတ်နိုးသူ တစ်ယောက်ဖြစ်တဲ့ ကျွန်တော် မနှစ်သက်ခဲ့ပါဘူး။ ဒါကြောင့် “သာသနာ့ဦးသျှောင်၊ မဟာနာယက ဆရာတော်ကြီးများထံသို့ အိတ်ဖွင့်လျှောက်တင်စာ”ဆိုပြီး “ပြည်သူ့ဆန္ဒ” ဂျာနယ်ကတစ်ဆင့် ဓာတ်ပုံ၊ လိပ်စာနဲ့တကွ ရေးသားဖော်ပြခဲ့ပါတယ်။ ဘုန်းဘုန်းတွေရဲ့လုပ်ရပ်ကို ဝေ့လည်ကြောင်ပတ် စွပ်စွဲမနေဘဲ ဘုန်းတော်ကြီးတွေထံ တင်ပြလျှောက်ထား တိုင်ကြားပြီး ရဟန်းချင်းဖြေရှင်းပေးဖို့ တောင်းဆိုလိုက်ခြင်းပါပဲ။ နားမလည်သူအချို့က ကျွန်တော့်ကို အကြီးအကျယ် မကျေမနပ်ဖြစ်ပြီး တယ်လီဖုန်းကတစ်ဆင့် ပြစ်တင်ဆဲဆိုကြတာ ခံရပါတယ်။ ဒီလိုရေးရင် ဒီလောက်တော့ ခံရမယ်ဆိုတာ ကြိုတင်တွက်ဆပြီးသား ဖြစ်တာမို့ စိတ်မကောင်းဖြစ်ပေမယ့် တုံ့ပြန်ခြင်း မပြုခဲ့ပါဘူး။ ကိုယ်ရေးတဲ့စာကို စိတ်ဝင်စားကြတဲ့သူ အားလုံးအပေါ် အထူး ကျေးဇူး တင်ရမှာပဲလေ။

တရားဥပဒေစိုးမိုးမှ ငြိမ်းချမ်းရေး အစစ်အမှန်ကို ရမယ်ဆိုတာ လူသားအားလုံး နားလည် လက်ခံကြပြီးသား။ ဘာသာရေးနယ်ပယ်က တရားနဲ့မညီတဲ့ လုပ်ရပ်တွေကိုတွေ့ရင် တရားသဖြင့် ဖွဲ့စည်းထားတဲ့ ဘာသာရေးအဖွဲ့ အကြီးအကဲတွေထံကို တရားနည်းလမ်းကျစွာ တိုင်ကြားရမှာ ဖြစ်သလို ဥပဒေမဲ့ လုပ်ရပ်တွေကို ကြုံတွေ့ရင်လည်း ဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ အာဏာပိုင်အကြီးအကဲ အဆင့်ဆင့်ထံကို ဥပဒေ၊ နည်းဥပဒေအတိုင်းပဲ တိုင်ကြားအရေးယူရမှာ ဖြစ်ပါတယ်။ ရှင်းရှင်းလေး။

တရားနဲ့မညီတဲ့ဥပဒေတွေ ပေါ်ပေါက်လာတယ်လို့ ယူဆကြတဲ့အခါမှာ တည်ဆဲဥပဒေအရ အာဏာပိုင်နေသူတွေ၊ အင်အားကြီးသူတွေနဲ့ ဥပဒေကို လက်မခံနိုင်သူတွေ၊ အာဏာမဲ့သူတွေ၊ အင်အားချည့်နဲ့သူတွေ အကြီးအကျယ် ပြဿနာတက်ကြပြီး လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကိုပါ ပိတ်ပင်ခံရပြီဆိုရင်တော့ လက်နက်စွဲကိုင် တိုက်ပွဲဝင်ကြတဲ့အထိ ပဋိပက္ခ ကြီးထွားလာကာ အသက် အိုးအိမ်စည်းစိမ်တွေ အလဟဿ ဆုံးရှုံးရတဲ့ ဖြစ်ရပ်ဆိုးကြီးတွေ ပေါ်ပေါက်ရတာပါပဲ။

ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကိုကြည့်ရင် ၁၉၄၇ ခု ဖွဲ့စည်းပုံဥပဒေကို မကျေနပ်လို့ ၁၉၄၈ ခု ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကရင်တိုင်းရင်းသား လေးသိန်းလောက် ဆန္ဒပြခဲ့တယ်လို့ ၂၁ ရာစု ပင်လုံညီလာခံ တွေ့ဆုံပွဲမှာ ပြောကြပါတယ်။ အဲဒီနောက် လက်နက်ကိုင်အဖွဲ့မျိုးစုံ ပေါ်ပေါက်လာကာ ပြည်တွင်းစစ်ဖြစ်ခဲ့တာတွေကို အကြောင်းပြုပြီး ၁၉၆၂ ခုနှစ်မှာ တပ်မတော်က အာဏာသိမ်းရခြင်း ဖြစ်တယ်လို့ တပ်မတော်ဘက်က ရှင်းလင်းပါတယ်။ (စေတနာ အမှန်အမှားက သတ်သတ်ပါ)။

နောက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီးပြန်တော့လည်း ၁၄ နှစ်အကြာမှာ ရှစ်လေးလုံး လူထုအုံကြွမှုကြီး ပေါ်ပေါက်ပြီး ဖွဲ့စည်းပုံ ဖျက်သိမ်းရေးကိုပဲ တောင်းဆိုရပြန်ပါတယ်။ တပ်မတော်က အာဏာပြန်သိမ်းပြီး အနှစ် ၂၀ ကြာတဲ့အခါ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ အတည်ပြုတာပါ။ ဒီ ၂၀ဝ၈ ဖွဲ့စည်းပုံကိုတော့ ကမ္ဘာ့နိုင်ငံ အများစုကတောင် တအံ့တဩ ဖြစ်ရလောက်အောင် “အပြုလွယ် အပြင်ခက်” ဖွဲ့စည်းပုံအဖြစ် သတ်မှတ်ခံခဲ့ရတဲ့အထိ ကမ္ဘာ့ရာဇဝင်မှာ မှတ်တမ်းဝင်ခဲ့ရပါတယ်။ ပြင်ဖို့လိုအပ်ကြောင်းကို ပြုသူတွေ ကိုယ်တိုင်က တွင်တွင်ဝန်ခံနေကြပြီး ပြင်လို့ မရနိုင်လောက်အောင် ခက်နေတဲ့အတွက် မြန်မာ့နိုင်ငံရေးဟာ ထွက်ပေါက်ပိတ်ပြီး “ရွာလည် တိုင်ပတ်”နေတာကို လည်ပတ်သူတွေက “ရောယိမ်းလိုက် ဘသားယိမ်းလိုက်” လုပ်နေကြလေတော့ “နေမြင့်လေ အရူးရင့်လေ” ဆိုတာလို ဆပ်ပြာပူဖောင်းကြီးက တစ်နေ့တခြား ကြီးထွားတင်းကားလာနေပြီး ပေါက်ထွက်တဲ့ တစ်နေ့မှာ ဗေထိဆိုရင် ခံလိုက်ကြရမှာကတော့ အခြေခံပြည်သူ တစ်ရပ်လုံးပါပဲနော့။ (တကယ်တော့ လည်ပတ်သူတွေလည်း စိတ်ဆင်းရဲရတာပါပဲ။)

ဘယ်လို နောက်ခံအကြောင်းရင်းတွေရှိလို့ လုပ်ကြံခံရတယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဖို့၊ အသစ်ရေး ဆွဲဖို့အတွက် တစိုက်မတ်မတ် ပြောဆိုနေသူတစ်ယောက် အခုလိုအဖြစ်ဆိုး ကြုံရတာကတော့ နိုင်ငံသား အများစုမျှော်လင့်နေတဲ့ ဖွဲ့စည်းပုံပြုပြင်ရေး လမ်းခရီးအတွက် အတိတ်နိမိတ်ရဲ့ အလားအလာ မကောင်းခြင်းသဘော သက်ဝင်နေတာ အမှန်ပါ။

အနိုင်ရပါတီရဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူ၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူတစ်ဦးဖြစ်နေတဲ့အတွက် ပါတီနိုင်ငံရေးအမြင်၊ လူမျိုးရေး၊ ဘာသာရေး အမြင်သက်သက်နဲ့ ဝေဖန်ရေးပေးနေကြတဲ့ FB ပရိသတ်တွေကလည်း များလွန်းတော့ နိုင်ငံတော် လုံခြုံရေးအတွက် အထူးသတိထားရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။ နိုင်ငံငယ်တစ်ခု အရေးကို နိုင်ငံကြီးတွေက ခြယ်လှယ် စွက်ဖက်တတ်တာမျိုးကလည်း ရှိသေး။

တကယ်ဆိုတော့ “ဆန်စဉ်ရာ ကျည်ပွေ့လိုက်” ထောင်းနေရုံနဲ့တော့ ကောင်းလာဖို့အကြောင်း နည်းပါတယ်။ “ဆုံ” နဲ့ “မောင်း”ကို ပြောင်းမှဖြစ်တော့မှာပါ။ မြန်မြန်ကို ပြောင်းရမှာ။

ဗုဒ္ဓသာသနာတော်ကို နှစ်ပေါင်းနှစ်ထောင့်ခြောက်ရာကျော် တည်တံ့အောင် လက်ယာတော်ရံ အရှင်သာရိပုတြာနဲ့ လက်ဝဲတော်ရံ အရှင်မဟာ မောဂ္ဂလ္လာန်တို့က စတင် တာဝန်ယူ စောင့်ရှောက်ခဲ့ရတာပါ။ “ပညာ” နဲ့ “အင်အား” နှစ်ပါးစုံ ညီညွတ်စွာနဲ့ သာသနာပြုမှ အရှည် ခိုင်ခံ့နိုင်ပါတယ်။ “အဘိဓမ္မာ”က “ပညာ”၊ “ဝိနည်း”က “အင်အား”၊ နှစ်ပါးစုံ ညီညွတ်စွာနဲ့ သာသနာပြုမှ အရှည်ခိုင်ခံ့နိုင်ပါတယ်။ “အဘိဓမ္မာ”က “ပညာ”၊ “ဝိနည်း”က “အင်အား”လို့ဆိုရင်လည်း မမှားနိုင်ပါဘူး။ နိုင်ငံတစ်ခု တည်ဆောက်ရာမှာလည်း နိုင်ငံရေးသမားတွေက “ပညာ”ဖြစ်ပြီး တပ်မတော်က “အင်အား”ဖြစ်ပါ တယ်။ ပညာနဲ့အင်အား ညီညွတ်ဖို့ အထူး အရေးကြီးပါတယ်။

ညီဖို့အတွက် ဇွတ်အတင်း မညှိပါနဲ့။ ညှိရင်ငြိတတ်ပါတယ်။ အားလုံး သဘောပေါက်ရမှာကတော့ တစ်ဦးကိုတစ်ဦး ဦးညွတ်ပေးကြဖို့ပါ။ ညွှတ်လို့ ညွတ်သွားပြီဆိုရင် ညီသွားတာပါပဲ။ ညီညွတ်မှ ငြိမ်းအေးပြီး ချမ်းသာခြင်း သုခနဲ့ပြည့်စုံတဲ့ နိုင်ငံတော်ကြီး ဖြစ်မှာမို့ နှစ်ဖက်စလုံးက အပြန်အလှန် ဦးညွှတ်၊ စိတ်ညွှတ်ကြဖို့ပါပဲ။ နိုင်ငံရေးအဖွဲ့တွေရော၊ တပ်မတော်ကိုရော မြေစာပင် ပြည်သူတစ်ရပ်လုံး ကိုယ်စား ကျွန်တော် တောင်းဆိုပါရစေ။ (ဦးညွှတ်တယ် ဆိုတာ အလျှော့အရှုံးပေးတာလို့ မယူဆဖို့လည်း ပန်ကြားချင်ပါတယ်။)

နိုင်ငံရေးသမားတွေအနေနဲ့ တပ်မတော်က ပြောင်းပေးမှဖြစ်နိုင်မယ်ဆိုတာကို နားလည်ကြပြီးသား ဖြစ်တာမို့ “တပ်မတော်ဘက်က ပြောင်းချင်အောင်၊ ပြောင်းတတ်အောင်၊ ပြောင်းနိုင်အောင်၊ ပြောင်းရဲအောင်” ဘယ်လို နည်းပေါင်းစုံသုံးရမလဲဆိုတာ နိုင်ငံရေးသမား အားလုံး ညီညွှတ်မှ၊ တစ်နည်းအားဖြင့် “နိုင်ငံရေး တပ်ပေါင်းစု” ဖွဲ့စည်းနိုင်မှ ဖြစ်လိမ့်မယ်ဆိုတာကိုလည်း နက်နက်ရှိုင်းရှိုင်း နားလည်ပြီး နိုင်ငံရေးပါတီအားလုံး (ပြည်ခိုင်ဖြိုးပါတီပါမကျန်) ပူးပေါင်းနိုင်တဲ့ တစ်နေ့မှသာ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်လာလိမ့်မယ်လို့ပဲ ကျွန်တော် မြင်မိပါတယ်။

အလုပ်လုပ်သူအားလုံးကို လေးစားအားကိုးပါတယ်ခင်ဗျား။

စိုးမိုး (ပါရဒိုင်း)
The Voice

No comments:

Post a Comment