Latest News

Sunday, February 19, 2017

စိတ်အပန်းဖြေဖို့ စိမ်းပြာရောင်ရေပြင်ဆီသို့

စိတ်အပန်းဖြေဖို့ စိမ်းပြာရောင်ရေပြင်ဆီသို့


ဆောင်းမကုန်သေးသော်လည်း နံနက်ပိုင်းမှာပင် အိုက်စပ်စပ်ဖြစ်နေသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဆောင်းလည်း ဆောင်းနှင့်မတူတော့။ မုံရွာမြို့မှ နံနက်စောစော ထွက်လာသော ကျွန်တော်တို့မော်တော်ကား ပြတင်းပေါက်မှ လေတိုးဝင်နေသော်လည်း အေးသည်ဟုမခံစားရ။ အညာမြေဖြစ်၍လားမသိ၊ တိုက်သောလေကပင် ပူနေသည်ဟု ခံစားမိသည်။ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းအတိုင်း မောင်းနှင်လာသော ကျွန်တော်တို့ မော်တော်ယာဉ်သည် မိုင်နှုန်း မမြင့်သဖြင့် ပတ်ဝန်းကျင်မြင်ကွင်းကို ကြည့်ရှုလေ့လာနိုင်လေသည်။ ရွာငယ်များ၊ ထန်းပင်များ၊ လယ်ကွင်းများက အညာမြေသရုပ်ကို ပီပြင်စွာ ထုတ်ဖော်ပြသနေသည့်အလားပင်။

အချိန်အနည်းငယ်အတွင်းမှာပင် ကျွန်တော်တို့ မော်တော်ယာဉ်က ချင်းတွင်း တံတားသို့ ရောက်ရှိလာသည်။ ချင်းတွင်းတံတားပေါ်တွင် မော်တော်ယာဉ်အချို့ ဥဒဟို ဖြတ်သန်းမောင်းနှင်နေကြသည်ကို တွေ့ရသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ချောမွေ့မှသာ ဒေသဖွံ့ ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ရာ ယင်းအချက်ကို ယခု ဒေသခံပြည်သူများ ခံစားနေကြရပြီဟု တွေးမိသည်။ ချင်းတွင်း တံတားကို ဖြတ်သန်းပြီးနောက် ကားကို ဆက်လက်မောင်းနှင်လာရာ ကားလမ်းဘေး ဝဲယာတစ်ဖက်တစ်ချက်၌ သစ်ပင်အုပ်ဆိုင်းဆိုင်းနှင့် ရွာငယ်အချို့ကို လှမ်းမြင်ရသည်။ ကားလမ်းနှင့် မနီးမဝေးတွင် စိုက်ခင်းအချို့ကို မြင်တွေ့ရသဖြင့် ဟင်းသီး ဟင်းရွက် သီးနှံစိုက်ခင်းများဖြစ်မည်ဟု သတိပြုမိသည်။

ကျွန်တော်တို့ မော်တော်ယာဉ်ကို ၁၂ မိုင်ခန့် မောင်းနှင်လာခဲ့ရာ လယ်ရှည် ကျေးရွာအနီး ရွှေလယ်ရှည်ဇရပ်သို့ ရောက်ရှိလာခဲ့ကြသည်။ ဆက်လက်ပြီး ရွှေလယ်ရှည် ဇရပ်လမ်းခွဲမှ မြေနီလမ်းအတိုင်းမောင်းလာခဲ့ရာ လမ်းတစ်လျှောက် ဖုန်တွေထနေသည်။ ကျွန်တော်တို့ရှေ့တွင် မော်တော်ယာဉ်တစ်စီး မလှမ်းမကမ်းအကွာမှ မောင်းနေသဖြင့် ဖုန်များထနေခြင်းဖြစ်ရာ ကျော်မောင်း၍လည်း မရသဖြင့် ယင်းကားနောက်မှသာ ခပ်ခွာခွာမောင်းနှင်ပြီး လိုက်ရသည်။

“မကြာခင်ရောက်တော့မယ်” ဟု ယာဉ်မောင်းကပြောသဖြင့် ကျွန်တော်တို့ ရှေ့သို့ လှမ်းကြည့်လိုက်ရာ ထူးခြားသောမြင်ကွင်း မတွေ့သဖြင့် ထပ်မေးကြည့်ရာ “မြင်ရတော့မယ်” ဟုသာ ယာဉ်မောင်းက ပြောသဖြင့် ထပ်မမေးတော့ဘဲ အသာငြိမ်ပြီး နေလိုက်ရတော့ သည်။ ခဏအကြာ၌ “ရောက်ပြီ” ဟု ယာဉ်မောင်းပြောလိုက်သည်နှင့် လှမ်းကြည့်လိုက်ရာ ကျယ်ဝန်းသော ရေကန်ကြီးနှင့် ရေပြင်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။ ကျွန်တော်တို့ ဦးတည်လာခဲ့သော တွင်းမအင်း။ စိမ်းပြာရောင်သန်းနေသော ရေပြင်ကြောင့် ပူပြင်းခြောက်သွေ့သော အညာဒေသကို ဖြတ်သန်းလာခဲ့ရသည့် အပူဒဏ်တွေ၊ အမောတွေ ရုတ်ခြည်း ပြေပျောက်သွားတော့သည်။

အလုပ်တာဝန်ဖြင့် မုံရွာမြို့သို့ ရောက်ရှိနေသော ကျွန်တော့်ကို အလုပ်ပြီးပါက တွင်းမအင်းသို့ လိုက်ပို့မည်ဟု မုံရွာမြို့သားကိုမြင့်ဦးက ပြောသဖြင့် ကျွန်တော် လိုလိုလားလား သဘောတူခဲ့ပြီး ယခု လိုက်လာခဲ့ခြင်းဖြစ်သည်။ မုံရွာမြို့သို့ ကျွန်တော် အကြိမ်ကြိမ် ရောက်ခဲ့ဖူးသော်လည်း တွင်းမအင်းသို့ တစ်ကြိမ်မျှမရောက်ခဲ့။ ယခင်က စိမ်းပြာရေညှိထွက်ရှိသည့် အင်းတစ်အင်းဖြစ်ရာ ကျွန်တော် စိတ်ဝင်စားခဲ့သည်။ စပီရူလိုင်းနား၊ တွင်းတောင်၊ တွင်းမအင်းတို့ကို ယခင်က ကြိမ်ဖန် များစွာ ကြားခဲ့ဖူးသော်လည်း ယခုရောက်ရှိခဲ့ပြီ၊ လက်တွေ့ မြင်ရ၊ သိရှိရပြီ ဖြစ်သည်။

ကျွန်တော်တို့ ရောက်ရှိနေသည့် တွင်းမအင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် လယ်ရှည်ရွာအနီးတွင် တည်ရှိခြင်းဖြစ်သည်။ မုံရွာမြို့မှ တစ်နာရီခန့်သာ မော်တော်ကားဖြင့် လာရောက်ရသည်ဖြစ်ရာ သွားလာရ အဆင်ပြေလေသည်။ ဆိုင်ကယ်များဖြင့် လာရောက်ကြသည်ဖြစ်ရာ ကျွန်တော်တို့ ရောက်ရှိချိန်၌ပင် တွင်းမအင်း၌ ဧည့်သည်အချို့ ရောက်ရှိနေကြပြီကို တွေ့ မြင်ရသည်။ တွင်းမအင်း ရေပြင်က ပြန့်ပြူးပြီး ကမ်းစပ်လည်း သန့်ရှင်းသည်ဖြစ်ရာ ပင်လယ်ကမ်းခြေတစ်ခု အလား အနားယူအပန်းဖြေနိုင်သည့် အနေအထား ရှိနေသဖြင့် အံ့ဩစိတ် ဖြစ်မိသည်။

တကယ်တော့ တွင်းမအင်းသည် ကနီမြို့နယ်အတွင်းရှိသည့် သဘာဝ မီးတောင်ဟောင်း တစ်ခုဖြစ်သော တွင်းမတောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မီးတောင် ချိုင့်ဝှမ်းတစ်ခုအဖြစ် ဖြစ်ပေါ်ခဲ့ရာမှ အင်းသဖွယ် ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ နှစ်ပေါင်းများစွာကပင် အင်းတစ်အင်းသဖွယ် ဖြစ်တည်ခဲ့ပြီးနောက် စပီရူလိုင်းနား စိမ်းပြာရေညှိထွက်ရှိရာ တွင်းမအင်းအဖြစ် လူသိများခဲ့ခြင်းဖြစ်သည်။ စိမ်းပြာရေညှိများထွက်ရှိသည့် အခြားနေရာမှာ ဘူတလင်မြို့နယ်အတွင်းရှိ တွင်းတောင်၊ ကနီမြို့နယ်၌ တွင်းမတောင်အင်းနှင့် တောင်ပျောက်အင်းတို့တွင်ဖြစ်ရာ ထူးခြားမှုပင် ဖြစ်သည်။

ကျွန်တော်တို့ တွင်းမအင်းကမ်းစပ်မှ ရပ်ပြီး လေ့လာမိသည်။ တောင်တန်းနှင့် သစ်ပင်များအလယ်တွင် သဘာဝအတိုင်းဖြစ်ပေါ်နေသော တွင်းမအင်း၏ ရေပြင်မှာ စိမ်းပြာရောင်ဖြစ်နေသည်။ ကမ်းစပ် အနားသတ်တစ်လျှောက် သစ်ပင်စိမ်းစိုစိုများကလည်း သဘာဝအတိုင်းတည်ရှိနေရာ ပသာဒဖြစ်စရာ ကောင်းနေပြန်သည်။ ကျွန်တော်က ကင်မရာထုတ်ပြီး ဓာတ်ပုံများကို စိတ်တိုင်းကျ ရိုက်နေမိသည်။

“ပိတ်ရက်နဲ့ သင်္ကြန်ရက်တွေမှာဆိုရင် လာရောက်အပန်းဖြေသူတွေ များတယ်” ဟု ကိုမြင့်ဦးက ပြောပြသည်။ ဟုတ်ပေမည်။ ပူပြင်းသော နွေကာလတွင် အညာမြေ၏ အိုအေစစ်တစ်ခုသဖွယ် တည်ရှိနေသော တွင်းမအင်းက လာရောက်သူများကို အမောပြေစေနိုင်သည်။ တွင်းမအင်းရေပြင်တွင် စက်လှေစီးနိုင်ပြီး အင်းရေပြင် တစ်ပတ်စီးလျှင် ငွေကျပ် ၃၀၀၀ ပေးရကြောင်း၊ တစ်ကြိမ်စီးလျှင် လူခုနစ်ဦး စီးနိုင်ကြောင်း၊ တစ်ဦးလျှင် ငွေကျပ် ၅၀၀ ခန့်မျှသာ ကျသင့်သည်ဖြစ်ရာ အပျော်စီးသူ များပြားကြောင်း သိရသည်။

ကျွန်တော်တို့ ရပ်ကြည့်ပြီး လေ့လာနေစဉ်မှာပင် လူငါးဦးပါလာသော စက်လှေ တစ်စင်း မောင်းနှင်နေသည်ကို တွေ့ မြင်ရသည်။ အင်ဂျင်စက်သံက ရေပြင်ကိုဖြတ်ပြီး ဆူညံစွာ ထွက်ပေါ်လာသည်မှာ ပတ်ဝန်းကျင် တိတ်ဆိတ်နေ၍လားမသိ။ အသံကျယ်လွန်းသည်ဟု ထင်မိသည်။ တွင်းမအင်း၏ ရေပြင်အကျယ်သည် ဧက ၁၅၀ ကျော်ပြီး ရေပြင်အလယ်ပိုင်းတွင် အနက်ပေ ၁၂၀၀ ခန့်ရှိသည်ဟု သိရသည်။

လာရောက်အပန်းဖြေသူများအတွက် တွင်းမအင်းအတွင်း ရေချိုးလိုသူများအနေဖြင့် တွင်းမအင်းအနောက်ဘက်တွင် ရေတိမ်သောနေရာရှိပြီး ရေချိုးဆိပ် ပြုလုပ်ပေးထားရာ အဆင်ပြေလေသည်။ ရေကူးနိုင်သလို ရေချိုးနိုင်သည်ဖြစ်ရာ တွင်းမအင်းရေကို ချိုးပါက ကျန်းမာရေးကောင်းမွန်ကြောင်း ပြောကြသည်ဟု ကိုမြင့်ဦးက ပြောသည်။

တွင်းမအင်း ကမ်းစပ်တစ်နေရာမှာ ထန်းရွက်တဲလေးများတွေ့ရှိ၍ မေးကြည့်ရာ စားသောက်ဆိုင်များဖြစ်ကြောင်း သိရသဖြင့် ကျွန်တော်တို့ သွားရောက်ခဲ့ကြသည်။ ထန်းရွက်အမိုး၊ ထန်းရွက်အကာတဲများ တွေ့ရသလို အုန်းလက်တဲများကိုလည်း တွေ့ရသည်။ ကျွန်တော်တို့ နီးစပ်ရာဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ခဲ့ပြီး ဒေသထွက် အစားအစာများဖြစ်သည့် တွင်းပိုးကြော်နှင့် တွင်းမအင်းအနီး တောင်ပျောက်အင်းမှ ရရှိသည့် တီလားပီးယားငါးကြော်တို့ကို မှာယူစားသောက်ကြသည်။ တွင်းပိုးကြော်က ဆိမ့်ပြီး ငါးကြော်က ချိုမြမွှေးပျံ့ နေရာ အရသာရှိသဖြင့် စားကောင်းလေသည်။

မြန်မာနိုင်ငံတစ်ဝန်း ရောက်ရှိရာဒေသတွင် ဒေသထွက် အစားအစာများကို စားရသည်မှာ ထူးခြားသောအရသာနှင့် စိတ်ခံစားမှုကို ပေးသည်ဟု ကျွန်တော် ယုံကြည်လေသည်။ တကယ်လည်း ထူးခြားမှုဖြစ်စေသည်က အမှန်ပင်။ ကျွန်တော်တို့ တွင်းပိုးကြော်၊ ငါးကြော်တို့ကိုစားပြီး တွင်းမအင်းကမ်းစပ်တွင် ပေါက်နေသော အုန်းပင်များမှ အုန်းသီးစိမ်းများ၏ အုန်းရည်ကိုလည်း သောက်ရသည့်အရသာမှာ ဒီတစ်သက် မေ့နိုင်တော့မည်မဟုတ်။

တွင်းမအင်းကမ်းစပ်တွင်လည်း စိတ်ချမ်းမြေ့စရာ လမ်းလျှောက် အပန်းဖြေနိုင်သေးသည်ဖြစ်ရာ စိတ်လက်ပေါ့ပါးစေသည်။ လမ်းလျှောက်ရင်းနှင့် တွင်းမအင်းနှင့် ကပ်လျက် တွင်းထဲရွာကိုလည်း သွားရောက်လေ့လာနိုင်သည့် အခွင့်အရေးလည်း ရမည်ဖြစ်သည်။ အိမ်ခြေ စုစုပေါင်း ၇၀ ခန့် ရှိသည့် တွင်းထဲရွာသည် စိုက်ပျိုးရေးနှင့် တောင်သူအလုပ်များကိုသာ လုပ်ကိုင်ကြသည့် ရွာလည်းဖြစ်သည်။ အနေအထိုင် ရိုးသားသည့် ကျေးလက်နေပြည်သူများဖြစ်ပြီး တည်ငြိမ်အေးချမ်းသည့်ရွာလည်း ဖြစ်သည်။

ကျွန်တော်တို့ တွင်းမအင်းကမ်းစပ်တစ်လျှောက် လမ်းလျှောက်ရင်း လေ့လာမိရာ အချို့ဒေသခံများက အဝတ်လျှော်နေကြသည်ကို တွေ့ရသည်။ တွင်းမအင်း သန့်ရှင်းသာယာရေးအတွက် အားလုံး အသိစိတ်ဖြင့် ဝိုင်းဝန်းဆောင်ရွက်မှသာ ဖြစ်မည်ဟု တွေးမိသည်။ တွင်းမအင်းတစ်ပတ် လမ်းလျှောက်ကြည့်ရာ အနည်းဆုံး မိနစ် ၃၀ ခန့် ကြာမြင့်သည်။ ဖြည်းဖြည်းချင်း လမ်းလျှောက်လေ့လာလျှင်သည့် ထက်မက အချိန်ကြာမြင့်မည်ဖြစ်သည်။ တွင်းမအင်း၏ အနောက်မြောက်ဘက်၌ သဘာဝအလျောက် ရေချိုထွက်သော ရေထွက်ပေါက်တစ်ခုရှိပြီး ရေချိုစိမ့်စမ်း တစ်ခုရှိကြောင်း သိရသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။

ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသည့်လေကြောင့် အေးမြသွားသည်။ တွင်းမအင်း ပတ်ဝန်းကျင်တွင် အုန်းပင်များ၊ အခြားသစ်ပင်များကြောင့် အုပ်အုပ်ဆိုင်းဆိုင်း ရှိနေသဖြင့် သာသာယာယာဖြစ်နေသည်။ တစ်ချိန်က စိမ်းပြာရေညှိများ ရယူ ထုတ်လုပ်နိုင်ခဲ့သော တွင်းမအင်းက ယခုအချိန်တွင် အပန်းဖြေစရာ၊ လေ့လာစရာ နေရာတစ်ခုအဖြစ် တည်ရှိနေသည်။ ပူးပြင်းခြောက်သွေ့သော အညာဒေသအတွက် စိမ်းလန်းစိုပြည်သော သဘာဝအပန်းဖြေစရာ နေရာတစ်ခုအဖြစ် ရောက်ရှိလာသဖြင့် ဒေသခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ ဖြိုးရန် အလားအလာကောင်းသော နေရာတစ်ခုပင် ဖြစ်သည်။

စိမ်းပြာနေသော ရေပြင်နှင့် သဘာဝအလျောက် ပေါက်နေသော အုန်းပင်များကို ကြည့်ကာ အညာဒေသ၏ ထူးခြားသော ရပ်ဝန်းတစ်ခုဟု တွေးနေမိသည်။ နေမြင့်လာပြီဖြစ်ရာ ကျွန်တော်တို့ တွင်းမအင်းမှ ပြန်လာခဲ့ကြသည်။ ထူးထူးခြားခြား တည်ရှိနေသော တွင်းမအင်းအကြောင်းကို မိတ်ဆွေများအား လက်ဆင့်ကမ်း စကားပြော ရဦးမည်ဟု အတွေးရောက်နေမိသည်က အမှန်ပင်။ ။

သတင်းဆောင်းပါး - မောင်မောင်မြင့်ဆွေ

ဓာတ်ပုံ - မောင်ချစ်ကြည်

ပြန်/ဆက်

No comments:

Post a Comment