Latest News

Saturday, February 18, 2017

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ၏ အမှား ( ၁ဝ ) ခု


NLD ပါတီက မွန်ပြည်နယ်ဝန်ကြီးချုပ် ၊ တနင်္သာရီတိုင်း
လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌတို့ သုံးဦးကို စစ်ဆေးဖို့  လေ့လာသုံးသပ်ရေးကော်မရှင်တစ်ရပ်ကို ဖွဲ့ စည်းကြောင်း နိုဝင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီလို ကော်မတီဖွဲ့ ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ဖြစ်လာရတဲ့အထိ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ဟာ ဘာအမှား အယွင်းတွေ ပြုလုပ်ခဲ့ပါသလဲ။အဲဒါနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် မဲဆန္ဒရှင် ပြည်သူတစ်ယောက်ရဲ့ အမြင်ကို တင်ပြရမယ်ဆိုရင်

ဦးမင်းမင်းဦး ဟာ အောက်ဖော်ပြပါ အချက်(၁ဝ) ချက်ကို အမှားအယွင်း ပြုလုပ်ခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောရတော့မှာပါ။

( ၁ ) ဦးမင်းမင်းဦးဟာ ဝန်ကြီးချုပ် ရာထူးလက်ခံပြီး ရက်ပိုင်းအတွင်းမှာပဲ မွန်ပြည်နယ်မှာ ခရိုနီတစ်ယောက်လို့ နာမည်ကြီးနေတဲ့ ရိုးရိုးလေးလုပ်ငန်းစု ပိုင်ရှင်ရဲ့ ဆွမ်းကျွေးအလှူပွဲကို အစိုးရအဖွဲ့ ဝင်ဝန်ကြီးတစ်ချို့ နဲ့ တက်ရောက်ခဲ့ပါတယ်။ ဒါဟာ အန်အယ်ဒီပါတီကို မဲပေးခဲ့တဲ့ ပြည်သူတွေ ကို စိတ်ပျက်စေခဲ့တဲ့ ဦးမင်းမင်းဦးရဲ့ ပွဲဦးထွက် အမှားတစ်ခုပါပဲ။

(၂) ဦးမင်းမင်းဦးဟာ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်းမခံရမီ မွန်လွှတ်တော် ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့ပါတယ်။သူဝန်ကြီးချုပ်ဖြစ်သွားတဲ့အချိန်မှာ လစ်လပ်နေတဲ့ လွှတ်တော် ဒုဥက္ကဋ္ဌနေရာကို မွန်ပြည်နယ်လွှတ်တော်ထဲက စီနီယာ NLD အမတ်တွေကို အဆိုမပြုဘဲ ဘီးလင်းမြို့ နယ်က ဒေါက်တာခင်နိုင်ဦးကို အဆိုပြုခဲ့ပါတယ်။ တကယ်တော့ ဒေါက်တာခင်နိုင်ဦးဟာ မွန်လွှတ်တော်မှာ အသက်အငယ်ဆုံး ကိုယ်စားလှယ်တစ်ယောက်ပါ။
ဦးမင်းမင်းဦးဟာ ဆန္ဒာဂတိ ရှေ့ ထားပြီး ကိုယ့်ဘီးလင်းမြို့ နယ်ကလူ ၊ ကိုယ့်ဘက်တော်သားတစ်ယောက်ကို လွှတ်တော် ဒုဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့အတွက် ကျန်ပြည်နယ်NLD အမတ်တွေ တော်တော်လေး စိတ်ပျက်ခဲ့ကြပါတယ်။ ဒါကြောင့် မဲခွဲပွဲမှာ NLD က အမတ်တွေဟာ NlD ပါတီက ဒေါက်တာခင်နိုင်ဦးကို မဲမပေးဘဲ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ဒေါက်တာအောင်နိုင်ဦးကို ဝိုင်းပြီးမဲပေးလိုက်ကြပါတယ်။ ဒီလို NLD ပါတီက အမတ်နေရာအများစု လွှမ်းမိုးထားတဲ့ မွန်ပြည်နယ်လွှတ်တော်မှာ လွှတ်တော်ဒုဥက္ကဋ္ဌနေရာကို NLD ပါတီအမတ်မဲရှုံးသွားတဲ့ ကိစ္စကတော့ အဖွဲ့ ချုပ်အတွက် တော်တော်လေး အမျက်ထွက်စေခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ဒီကိစ္စဟာ ဦးမင်းမင်းဦးရဲ့ အကြီးမားဆုံး အမှားအယွင်း တစ်ခုပဲဆိုရမှာပါ။

(၃) ဦးမင်းမင်းဟာ ဝန်ကြီးချုပ်ဖြစ်ပြီးနောက်ပိုင်းမှာ မွန်ပြည်နယ်က ခရိုနီလို့ နာမည်ကြီးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့  အလွန်ရင်းနှီးစွာနေထိုင်ခဲ့ပါတယ်။ ညပိုင်းတွေမှာ ခရိုနီတစ်ချို နဲ့ မော်လမြိုင်မြို့ ထဲက လက်ဖက်ရည်ဆိုင်အတူထိုင်တာ၊ လူမြင်ကွင်းတွေမှာ လိုအပ်တာထက်ပိုပြီးရင်းနှီးစွာ စကားဖောင်ဖွဲ့ တာတွေကို ကြိမ်ဖန်များစွာပြုလုပ်ခဲ့တယ်လို့ ဝေဖန်သံတွေ ဆူဆူညံညံထွက်ခဲ့ပါတယ်။ ဒါဟာ အများပြည်သူအတွက် အထင်မြင်လွဲစရာဖြစ်စေတဲ့ ဦးမင်းမင်းဦးရဲ့ အမှား(၁ဝ)ခုထဲက အမှားတစ်ခုပါပဲ။

(၄) ဦးမင်းမင်းဟာ ဝန်ကြီးချုပ်တာဝန် နဲ့  မလိုအပ်ဘဲ ခွင့်ရက်ရှည်တွ ယူခဲ့ပါတယ်။ အထူးသဖြင့် မွန်ပြည်နယ်လွှတ်တော်က ဝန်ကြီးချုပ်ကိုအကြီးရေးတဲ့ ကိစ္စတွေ မေးမြန်းဖို့  စီစဉ်ထားတဲ့ နေ့ မျိုးမှာ ဦးမင်းမင်ဦး ဟာ ခွင့်ယူပြီး ကိုယ်စားလှယ်တွေရဲ့ မေးခွန်း ကို ရှောင်ရှားခဲ့ပါတယ်။ ဒီလို မေးခွန်းဖြေရမယ့်နေ့ တွေမှာ ခွင့်ယူတာဟာ ဝန်ကြီးချုပ်အနေ နဲ့ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကို မလေးစားရာရောက်တယ်ဆိုပြီး ကိုယ်စားလှယ်တွေဖက် က ယူဆကြပါတယ်။ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်တင်အိ ကိုယ်တိုင် ဦးမင်းမင်းဦး လွှတ်တော်မှာ လာရောက်ဖြေရှင်းခြင်းမရှိတာ ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ဒါကြောင့် မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မွန်လွှတ်တော်အကြား အက်ကြောင်းဟာ ဦးမင်းမင်းအတွက် တန်ဖိုးကြီးအမှားဖြစ်ခဲ့ရပါတယ်။

(၅) ဦးမင်းမင်းဦးဟာ မွန်ပြည်နယ် ဝန်ကြီးချုပ် ရာထူး အပြင် စည်ပင်သာယာရေး နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတွေကို ပြည်နယ်ဝန်ကြီးအဖြစ် ပူးတွဲ တာဝန်ယူခဲ့ပါတယ်။ တခြားလူတွေကို နေရာမပေးချင်တာလား ၊ တာဝန်ပေးနိုင်လောက်အောင် လူမရှိလို့ လား တော့ မပြောတက်ပါ။ ဒီလို ဝန်ကြီးချုပ်တာဝန်အပြင် ဝန်ကြီးဌာနတွေရဲ့ ဝန်ကြီးရာထူးကိုပါ ပူးတွဲယူထားတဲ့အတွက် ဦးမင်းမင်းဦးဟာ မလိုအပ်ဘဲ မနိုင်ဝန်ထမ်းနေရပါတယ်။
ဒါဟာ ဦးမင်းမင်းဦးရဲ့ Mismanagement တစ်ခုလို့ ပဲ ဆိုရမှာ ဖြစ်သလို ဘာကြောင့် အဲဒီလို ရာထူးတွေယူထားလဲ ဆိုတဲ့အဖြေကို ဦးမင်းမင်းဦး ကိုယ်တိုင်ပဲ သိမှာပါ။

(၆) မွန်ပြည်နယ်မှာ ရှိတဲ့ သတင်းမီဒီယာသမားတွေနဲ့ လိုက်လျောညီထွေ မဆက်ဆံနိုင်ခဲ့တာဟာလည်း ဦးမင်းမင်းဦးအတွက် အမှားအယွင်းတစ်ခုပါပဲ။ အထူးသဖြင့် မွန်ပြည်နယ်ဟာ အခြားပြည်နယ်(၆) ခုထက် ဒေသတွင်း သတင်းမီဒီယာ အား အကောင်းဆုံးပြည်နယ်တစ်ခုဖြစ်နေပါတယ်။ မွန်ပြည်နယ်အခြေစိုက် အပတ်စဉ်ဂျာနယ် သုံးစောင် လောက်ရှိပါတယ်။ အဲဒီပြည်နယ်အခြေစိုက်သတင်းသမားအချို့ ထဲမှာ NLD ပါတီကို ထောက်ခံခဲ့တဲ့ အမာခံတွေလည်း ရှိပါတယ်။
အဲဒီလူတွေဟာ တစ်ချိန်က ဦးမင်းမင်းဦးနဲ့ အနီးကပ်ဆက်ဆံခဲ့တဲ့ လူတွေမို့ ဦးမင်းမင်းဦး အကြောင်းကို ကောင်းကောင်းသိကြပါတယ်။ ဒါကြောင့် ဦးမင်းမင်းဦးရဲ့ လုပ်ပုံကိုင်ပုံတွေကို ဂျာနယ်စာမျက်နှာထက်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြမှုတွေလုပ်ခဲ့ပါတယ်။ သတင်းရယူခွင့် အဆင်မပြေဖြစ်မှုနဲ့ Media Friendly အားနည်းမှုကလည်း ဦးမင်းမင်းဦးရဲ့ အမှားထဲက အမှားတစ်ခုလို့ ဆိုရမှာပါ။

(၇) ဦးမင်းမင်းဦး ဟာ သူနဲ့ ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ သတင်း အချို့ ကိုဖြေရှင်းခဲ့ပေမယ့် သတင်းအချို့ ကိုတော့ ဖြေရှင်းခြင်း မပြုခဲ့ပါဘူး။ သထုံနယ်စားလေးဆိုတဲ့ Facebook အကောင့်က ကျိုက်ထိုမြို့ နယ်မှာ တရားမဝင်ဗလီတွေကို ဝန်ကြီးချုပ်က ဖျက်သိမ်းဖို့ အမိန့် ချလိုက်ပြီးဆိုတဲ့ ကောလဟလ သတင်းမျိုးကိုတော့ ဦးမင်းမင်းဦးဟာ သတင်းမီဒီယာတွေက တဆင့် မဟုတ်မှန်တဲ့အကြောင်း ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဦးမင်းမင်းဦးဟာ သူ့ မှာလူမှုရေး ပြသနာဖြစ်ပေါ်နေတဲ့ဆိုတဲ့ ကောလဟလကိုတော့ဖြေရှင်းခြင်း မပြုဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။ဒီလိုအများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေမယ့် ကိစ္စမျိုးကို မဟုတ်မှန်ကြောင်း ဖြေရှင်းချက် မထုတ်ခဲ့တာဟာ ဝန်ကြီးချုပ်ရဲ့ နောက်ထပ် အမှားတစ်ခုလို့ ပဲ ပြောရမှာပါ။

(၈) ဦးမင်းမင်းဦးဟာ မွန်ပြည်နယ်အစိုးရအဖွဲ့ က ဝန်ကြီးတွေထဲမှာ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ၊ ပအိုဝ့်တိုင်းရင်းသားရေးရားဝန်ကြီး နဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးသုံးဦး နဲ့ ပို ပြီး မိတ်ဖက်ပြု အလုပ်လုပ်နေတာကို တွေ့ ရပါတယ်။ ဝန်ကြီးချုပ်ရဲ့ လမ်းကြောင်း ခရီးစဉ်တွေမှာ သက်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးတွေထက် အဲဒီ တိုင်းရင်းသားရေးရာဝန်ကြီးသုံးဦး ကိုပဲ ဦးမင်းမင်းဦးက ပိုပြီးနေရာပေး ဆက်ဆံခဲ့ပါတယ်။ အထူးသဖြင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး နဲ့ ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီး တို့ ဟာ မွန်ပြည်နယ်အစိုးရအဖွဲ့ ကို အဓိက မောင်းနှင်နေကြသူ ( ဝန်ကြီးချုပ်ကို ကြိုးကိုင်နေကြသူ) တွေဆိုပြီး ပြောဆိုကြတဲ့အထိ အသံတွေညံနေပါတယ်။ အဲဒါကြောင့်ပဲ မွန်ပြည်နယ်အစိုးရအဖွဲ့ က တခြားဝန်ကြီးတွေ နဲ့ ဝန်ကြီးချုပ်ဦးမင်းမင်းဦးကြားမှာ ဆက်ဆံရေးတွေ မပြေမလည်ဖြစ်ခဲ့ရတယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။ အမှန်စင်စစ် တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာ သူတို့ ရဲ့ သက်ဆိုင်ရာ တိုင်းရင်းသားအရေးတွေကိုပဲ အဓိကထားလုပ်ကိုင်ရမှာပါ။ ဒါပေမယ့် မွန်ပြည်နယ်မှာတော့ တိုင်းရင်းသားရေးရာဝန်ကြီးတွေက ဖွံ့ ဖြိုးရေးရောမူဝါဒရေးရာတွေပါ ဝင်ပါနေကြတာကို တွေ့ နေရပါတယ်။ ဒီလို ကိုယ့်ပြည်နယ်အစိုးရအဖွဲ့ မှာ ဝန်ကြီးတွေနဲ့ သဟဇာတဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ပြုမူနေထိုင်ခြင်း မရှိတာဟာလည်း ဦးမင်းမင်းဦးရဲ့ အမှားစွာထဲက အမှားတစ်ခုပါပဲ။

(၉) ဝန်ကြီးချုပ် ဦးမင်းမင်းဦး ရဲ့နောက်ထပ် အမှားတစ်ခုကတော့ မလိုလားအပ်ဘဲ ပွဲတက်ပြီး အချိန်ဖြုန်းနေတဲ့ကိစ္စပါ။ အထူးသဖြင့် ဦးမင်းမင်းဦးဟာ ဇာတိမြေ ဘီလင်း(တောင်စွန်း) မှာ ပြုလုပ်တဲ့ အခမ်းအနား(ပွဲ) အားလုံးနီးပါးကို ဝန်ကြီးချုပ်တစ်ဦးအဖြစ် တက်ရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ် သက်တမ်း ၇ လအတွင်း လစဉ်လိုလို တောင်စွန်းရွာကို ပြန်ပါတယ်။ အရပ်သားဘဝက ထိုင်နေကြ တောင်စွန်းရွာထဲက လက်ဖက်ရည်ဆိုင်မှာ ငယ်ပေါင်းကြီးဖော်တွေနဲ့ ဝိုင်းဖွဲ့ လက်ဖက်ရည်သောက်ရင်း အရပ်သားတစ်ယောက်လို ပြုမူနေထိုင်ခဲ့ပါတယ်။ ဒါဟာဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ လုံးဝ မလုပ်သင့်တဲ့အခြေအနေတစ်ရပ်ပါ။ တိုင်းပြည်က ပေးထားတဲ့လစာဟာ လက်ဖက်ရည်ဆိုင်မှာ အချိန်ဖြုန်းဖို့ မဟုတ်သလို ဝန်ကြီးချုပ်ရဲ့ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲဘော်တွေအတွက်လည်း ဝန်ထုတ်ဝန်ပိုးဖြစ်စေပါတယ်။ (မှတ်ချက်- ဦးမင်းမင်းဦးဟာ ဝန်ကြီးချုပ်တစ်ဦးအနေနဲ့  မော်လမြိုင်မြို့ မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို မနက်ပိုင်းမှာ တက်ရောက်အလေးပြုပြီး ချက်ချင်းလမ်းကြောင်းယာဉ်တန်းနဲ့ ဘီးလင်(တောင်စွန်းရွာ)ကို ပြန်ပြီး မွန်းလွဲပိုင်းမှာ တောင်စွန်းရွာမှာ ထပ်မံအလေးပြုပွဲ လုပ်ခဲ့ပါတယ်)

(၁ဝ) ဦးမင်းမင်းဦးရဲ့ နောက်ဆုံး အမှားအယွင်းတစ်ခုကတော့ ကိုယ့်ကိုယ်ကို လွန်ကဲစွာ အထင်ကြီးခြင်းပါပဲ။လူပုဂ္ဂိုလ် မာန တရားပေါ် အခြေခံခဲ့တဲ့အတွက် ဝန်ကြီးချုပ်တစ်ယောက်အနေ နဲ့ (လွှတ်တော်အမတ်တွေ+အစိုးရအဖွဲ့ ဝင်တွေ နဲ့ ပြည်နယ်ပါတီဝင်တွေရဲ့) အကြံပေးချက်တွေကို ဦးမင်းမင်းဦး လက်ခံမှုအပိုင်းမှာ များစွာ အားနည်းခဲ့ပါတယ်။ တကယ်တော့ ဦးမင်းမင်းဦးဟာ အုပ်ချုပ်ရေးအတွေ့ အကြုံ (Administrative Experience) လုံးဝ မရှိသူတစ်ဦးပါ။ လူပေါင်း ၅ဝဝ / ၁ဝဝဝ လောက်ကို အုပ်ချုပ်တဲ့ ဆယ်အိမ်မှူး၊ရာအိမ်မှူး တစ်ယောက်လိုတောင် အုပ်ချုပ်ရေးအတွေ့ အကြုံ မရှိခဲ့တဲ့ လူတစ်ယောက်ဟာ လူပေါင်း ၃ သန်းကျော် ( မွန်ပြည်နယ်တစ်ခုလုံး) ကို အုပ်ချုပ်ရတဲ့ ဝန်ကြီးချုပ်တစ်ယောက်ဖြစ်လာတဲ့အချိန်မှာ ကိစ္စရပ်အားလုံးကို ကိုယ်တစ်ယောက်ထဲ ဘယ်လိုမှ လုပ်ကိုင်ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ်မသိတာ ၊ ကိုယ်နားမလည်တာတွေ အများကြီးရှိနိုင်ပါတယ်။ ဒါကြောင့် လူတွေရဲ့ အသံ ၊ လူတွေရဲ့ အကြံပြုချက်တွေကို မဖြစ်မနေနားထောင်ဖို့ လိုပါတယ်။ ဒါပေမယ့် ဦးမင်းမင်းဦးဟာ အဲဒီအခြေအနေတွေကို လျစ်လျူရှုခဲ့ပါတယ်။ နောက်ဆုံး သွေးသားအရင်း အစ်ကိုဖြစ်သူကို အတိုင်ပင်ခံအကြံပေးလို သဘောထားပြီး ပြည်နယ်အရေးတွေမှာ ပြုမူလုပ်ကိုင်နေတယ်လို့ စွပ်စွဲခံရတဲ့အထိပါပဲ။ ပြည်နယ်ရဲ့ စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးအခင်းအကျင်းတွေ အပေါ် ကောင်းစွာ နားလည်သိမြင်တဲ့ တက်သိပညာရှင်တွေရဲ့ အကြံအဥာဏ်တွေကို ရယူပြီး လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိတာဟာလည်း ဝန်ကြီးချုပ် ဦးမင်းမင်းဦးရဲ့ အမှား(၁ဝ) ခုထဲက နောက်ဆုံး အမှားလို့ ပဲ ဆိုရတော့မှာပါ။

လေးစားစွာဖြင့်
မင်းညီ
ပေါင်မြို့

Credit>>Khin Moe Thi့ 

No comments:

Post a Comment