Latest News

Wednesday, February 1, 2017

ဦးကိုနီ သတ်ဖြတ်ခံရမှု အစိုးရသတင်းစာတွေ ဦးစားမပေး

ဦးကိုနီ သတ်ဖြတ်ခံရမှု အစိုးရသတင်းစာတွေ ဦးစားမပေး

ဦးကိုနီ သေနတ်ပစ်ခံရတဲ့သတင်းကို အစိုးရထုတ်သတင်းစာတွေမှာ ဖေါ်ပြပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ မြန်မာပြည်က ပုဂ္ဂလိကသတင်းစာအားလုံးမှာ  ဦးကိုနီလုပ်ကြံခံရတဲ့သတင်းကို
ရှေ့ဆုံးစာမျက်နှာမှာ ဖေါ်ပြခဲ့ကြပေမယ့် အစိုးရပိုင်သတင်းစာတွေကတော့ အဲဒီလို ဦးစားပေး ဖေါ်ပြခဲ့ခြင်း မရှိပါဘူး။

ပြန်ကြားရေးဝန်ကြီးဌာနက အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ The Global New Light of Myanmar သတင်းစာက - PDFပုံစံနဲ့ ဇန်န၀ါရီလ
၃၀ရက်နေ့ တနင်္ဂနွေနေ့ည စောစောပိုင်း web site မှာ ဖေါ်ပြခဲ့ရာမှာ ဒီသတင်းကို မျက်နှာဖုံးစာမျက်နှာက ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ ချယ်ရီပင်စိုက်နေတဲ့ သတင်းရဲ့အောက်နားမှာ ကပ်လျှက် ဖေါ်ပြထားခဲ့ပေမယ့်  နောက်တနေ့ တနင်္လာနေ့ တကယ်တန်း သတင်းစာထွက်လာချိန်မှာတော့ တတိယစာမျက်နှာကို ရောက်ရှိသွားပါတယ်။ အလားတူ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ဒီသတင်းကို ရှေ့အဖုံးမှာမထည့်ဘဲ
နောက်ကျောမှာပဲ ဖေါ်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီသတင်းဌာနက  အစိုးရသတင်းစာ အယ်ဒီတာချုပ် ဦးအေးမင်းစိုးကို မေးမြန်းရာမှာ ရှေ့ဆုံးစာမျက်နှာမှာ ဖေါ်ပြမိတဲ့ PDF ဖိုင်နဲ့ သတင်းဟာ ဝန်ထမ်းတယောက်က သတင်းစာအပြီးမသတ်မီ မှားယွင်းတင်ပြမိတာဖြစ်ပြီး မျက်နှာဖုံးမှာ တခြားသတင်းတွေကို ဦးစားပေး ပြောင်းလဲထည့်သွင်းခဲ့တယ်လို့ ပြောပါတယ်။ ဒီလိုဆောင်ရွက်ဖို့လည်း ထိပ်ဆုံးကပုဂ္ဂိုလ်တွေက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဖြေပါတယ်။

( ဓါတ်ပုံ -  ဇန်နဝါရီလ ၃ဝ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာမှာ ဖော်ပြထားတဲ့ ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့သတင်းကို တွေ့ရစဉ် )

RFA

No comments:

Post a Comment