Latest News

Tuesday, February 7, 2017

ဦးကိုနီနှင့် တိုင်းတရားရုံးကြီးကိစ္စ၊ ရုံးခွန်တံဆိပ်ခွန် ကိစ္စများ

ဦးကိုနီနှင့် တိုင်းတရားရုံးကြီးကိစ္စ၊ ရုံးခွန်တံဆိပ်ခွန် ကိစ္စများ



(၁) ၂၉-၁-၂၀၁၇ ရက် ညနေ ၅ နာရီကျော်လောက်မှာ ကျွန်တော့်ဆီကို ဖုန်းတွေ စုပြုံဝင်လာပါတယ်။ သတင်းကတော့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ မင်္ဂလာဒုံလေဆိပ်မှာ လုပ်ကြံခံလိုက်ရလို့ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းပါပဲ။ ကျွန်တော်လည်း အလွန်အံ့သြ တုန်လှုပ်သွားမိပြီး ကြီးစွာစိတ်မကောင်း ဖြစ်ရပါတယ်။ တစ်ဆက်တည်းမှာပဲ ဦးကိုနီနှင့် ပတ်သက်လို့ သတိရစရာ၊ ပြောစရာတွေလည်း ရှိလာခဲ့ပါတယ်။

(၂) သတိရစရာ ပြောစရာတွေထဲက ပထမဆုံး သတိရ ပြောဆိုချင်တာကတော့ ကမ်းနားလမ်းက ရန်ကုန်တိုင်းတရားရုံးကြီးကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို ဟိုတယ်လုပ်ခွင့်ပေးလိုက်တဲ့ ကိစ္စနဲ့ ပန်းဆိုးတန်းလမ်းက (ယခင်တရားရုံးချုပ်) ယခု ရန်ကုန်တိုင်းဒေသကြီးတရား လွှတ်တော်ရုံးကြီးကို ပြတိုက်လုပ်မယ့်ကိစ္စ ဖြစ်တယ်။ ဒါကို တရားလွှတ်တော်ရှေ့နေကြီး ဦးသန်းတင်နဲ့ တရားလွှတ်တော်ရှေ့နေ ဦကိုနီတို့က ဦးဆောင်ပြီး အပြင်းအထန် ကန့်ကွက် ဆန့်ကျင်ခဲ့ကြပါတယ်။ ကန့်ကွက်ပြောဆိုတဲ့ နေရာကတော့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီမှာ ပြုလုပ်တဲ့ ရှေ့နေတွေရဲ့ အစည်းအဝေးကြီးမှာ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးကြီးမှာ ဆွေးနွေးဖြစ်တဲ့ နောက်ထပ်အကြောင်းအရာ တစ်ခုကတော့ ဦးသိန်းစိန် အစိုးရတက်လာပြီး လွှတ်တော်မှာ ရုံးခွန်၊ တံဆိပ်ခွန်တွေကို အဆ ၁၀၀၊ ၁၀၀၀ လောက် တက်ပစ်လိုက်တဲ့ ကိစ္စတွေပါပဲ။ အဲဒီကိစ္စကိုတော့ ကျွန်တော်က ဦးဆောင်ပြီး စာတမ်းတင်ခဲ့ခြင်း ဖြစ်ပါတယ်။


(၃) အဲဒီကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်တို့ ရှေ့နေတွေ ရန်ကုန်မြို့လယ်ကောင်မှာ ပထမဆုံးအကြိမ် ရှေ့နေဦးရေ အများဆုံး ဆန္ဒပြပွဲကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ရုံးစာအားလုံးကိုတော့ ကျွန်တော်ကပဲ ဒိုင်ခံရေးပေးခဲ့ပြီး ခွင့်ပြုချက် တောင်းသူများအဖြစ် တရားလွှတ်တော်ရှေ့နေများဖြစ်တဲ့ ဦးကိုနီ၊ ဦးစိုးတင့်ရီ၊ ဦးမောင်မောင်စိုးတို့က ခွင့်ပြုချက်ရအောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ရှေ့နေအများစုထုကြီး ပါဝင်၍ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပြီး ၁၀ ရက်အကြာမှာ ထိုစဉ်က သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ထိုစဉ်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတို့က ဦးကိုနီ အပါအ၀င် ကျွန်တော်တို့ဆန္ဒပြ ခေါင်းဆောင် တရားလွှတ်တော်ရှေ့နေကြီးများကို ရန်ကုန်တိုင်း တရားလွှတ်တော်မှာ ခေါ်ယူတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်ခင်ဗျ။

အဲဒီလို ဆွေးနွေးပြီးနောက်ပိုင်းမှာ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ (ယခင်တရားရုံးချုပ်) ယခု ရန်ကုန်တိုင်းဒေသကြီး၊ တရားလွှတ်တော်ရုံးကို ပြတိုက်မလုပ်တော့ရန် ကတိပေးခဲ့ပါတယ်။ ကျွန်တော်တို့ တရားရုံးကြီးတစ်ရုံး ပြန်ရခဲ့ပါတယ်။ ဒါပေမဲ့ ကမ်းနားလမ်းမှာရှိတဲ့ ရန်ကုန်တိုင်း တရားရုံးကြီးကိုတော့ ကျွန်တော်တို့ ပြန်မရတော့ဘဲ စစ်အာဏာရှင်တွေနဲ့ ရင်းနှီးတဲ့ ကုမ္ပဏီတစ်ခုရဲ့ ဟိုတယ်ပြုလုပ်ခြင်း ခံလိုက်ရပါတော့တယ်။ ဒါကတော့ တိုင်းတရားရုံးကြီးနှင့် ပတ်သက်လို့ ဦးကိုနီ အဓိကထား ပါဝင်လှုပ်ရှားခဲ့တဲ့ ဖြစ်ရပ်အမှန်ပါပဲခင်ဗျ။

ကျွန်တော်တို့ ကမ်းနားလမ်းမှာရှိတဲ့ ရန်ကုန်တိုင်းတရားရုံးကြီးကို ဟိုတယ်မလုပ်စေဘဲ တရားရုံးကြီး အဖြစ်သာ ထားလိုတဲ့ အကြောင်းကတော့ တိုင်းတရားရုံးကြီးဟာ မြို့လယ်ကောင်မှာ တည်ရှိပြီးတော့ ၀န်ထမ်းအားလုံးနဲ့ အမှုသည်များ၊ ရှေ့နေရှေ့ရပ်များနဲ့ ဆက်ဆံရတဲ့ ဌာနဆိုင်ရာများ အနေနဲ့ အလွယ်တကူ ၀င်ထွက်သွားလာနိုင်တဲ့ တည်နေရာမှာ ရှိနေလို့ပါပဲ။

အဲဒီတိုင်းတရားရုံးကြီးမှာ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ရှိ တရားရုံးများ၊ ဥပဒေရုံးများ၊ ရဲတပ်ဖွဲ့ရုံးများ၊ တံဆိပ်ခေါင်း ရောင်းချရာနေရာများ အပြီးအစီး ပါရှိနေလို့လည်း ဖြစ်ပါတယ်။ ရုံးအချင်းချင်း ဆက်ဆံရာမှာလည်း မြန်ဆန်လွယ်ကူ ချောမွေ့ပြီး တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ အကူအညီပေးနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ရှေ့နေရုံးခန်းလည်း ပါရှိပြီးဖြစ်ပါတယ်။ ရှေ့နေများအတွက် တစ်ရုံးနှင့် တစ်ရုံး လွယ်ကူစွာ သွားလာ၍ ရသကဲ့သို့ အမှုသည်များ၊ ၀န်ထမ်းများ အနေနဲ့လည်း လွယ်ကူစွာ အလုပ်လုပ်ဆောင်နိုင်သော နေရာလည်းဖြစ်၍ စရိတ်စက၊ အချိန်များစွာ သက်သာခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ အမြင်တွင်လည်းကောင်း၊ ပြည်သူလူထု အမြင်တွင်လည်းကောင်း အလွန်ခံ့ညား ထည်ဝါသော ဂုဏ်သိက္ခာရှိသည့် တရားရုံးကြီးလည်းဖြစ်၍ အလွန်နှမြောမိပါတယ်။ တိုင်းရုံးကြီး ပြန်ရဖို့အတွက် ကျွန်တော်တို့ ကျပ်ငါးသိန်း တံဆိပ်ခေါင်းကပ်ပြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာ နှစ်ကြိမ်တိုင်တိုင် ရန်ကုန်တိုင်း တရားလွှတ်တော်မှာ တရားစွဲဆိုခဲ့သော်လည်း အမှုကို (လုံးဝ) လက်မခံဘဲ အကြိမ်ကြိမ် ပယ်ချခံခဲ့ရပါတယ်ဗျာ။

(၄) ရုံးခွန်၊ တံဆိပ်ခွန်ကိစ္စများနှင့် ပတ်သက်လို့လည်း ကျွန်တော်တို့ ဆန္ဒပြပွဲမှာ ထည့်သွင်း ဆန္ဒပြခဲ့ကြပါတယ်။ အစဦးပိုင်းမှာ ကျွန်တော်က ရုံးခွန်၊ တံဆိပ်ခွန်များ၊ လျှော့ချရေး စာတမ်းတင်သူသာ ဖြစ်ခဲ့သော်လည်း တကယ်လက်တွေ့မှာ နေပြည်တော်ရှိ လွှတ်တော်ရေးရာ ကော်မတီသို့ သွားရောက် ဆွေးနွေးခြင်း၊ ထိုစဉ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကော်မတီအဖွဲ့ဝင် သူရဦးအောင်ကိုတို့ နှင့် ထဲထဲဝင်ဝင် နေပြည်တော်တွင်လည်းကောင်း၊ ရန်ကုန်မြို့တွင်လည်းကောင်း သွားရောက်ဆွေးနွေး တင်ပြခဲ့သူမှာ ဦးကိုနီခေါင်းဆောင်သော တရားလွှတ်တော် ရှေ့နေများ ဖြစ်ပါတယ်။ ၎င်းတို့၏ ကြိုပမ်းမှုကြောင့် ရုံးခွန်၊ တံဆိပ်ခွန်ခေါင်းများမှာ သုံးချိုးနှစ်ချိုး လွှတ်တော်မှ လျှော့ချပေးသောဥပဒေ ပြန်လည်ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ဥပမာ ကျပ် ၁၅ သိန်း ရုံးခွန်ထမ်းဆောင်ရသည့် အခြေအနေမှ ငါးသိန်းသာ ထမ်းဆောင်ရခြင်း၊ မိတ္တူကူးခ တံဆိပ်ခေါင်း ကျပ် ၁၅၀၀ ကပ်ရသည့် အနေအထားမှ ကျပ် ၅၀၀ သာ ကပ်ရသည့် အနေအထားသို့ လည်းကောင်း ကျပ် ၅၀၀ ကပ်ရသည့် အနေအထားမှ ကျပ် ၅၀ သို့လည်းကောင်း စသည်ဖြင့် ရုံးခွန်တံဆိပ်ခွန် အားလုံးအား အသီးသီး လျှော့ချပေးခဲ့ပါတယ်ခင်ဗျ။

(၅) အဲဒီလို အောင်မြင်မှုများ ရရှိအောင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အပါအ၀င် ကျွန်တော်တို့ ရှေ့နေများဟာ အကြိမ်ကြိမ် ဆန္ဒပြခြင်း ဆွေးနွေးခဲ့ရခြင်း မီဒီယာများ၏ အကူညီသာ မရရှိခဲ့ပါက ထိုသို့အချိန်တိုအတွင်း အောင်မြင်ရန် လွယ်ကူမည်မဟုတ်ပါ။ ထို့ပြင် ထိုစဉ်က ခေါင်းဆောင်ခေါင်းရွက် ပြုခဲ့ကြသော တရားလွှတ်ရှေ့နေ ဦးကိုနီ အပါအ၀င် ခေါင်းဆောင်တရားလွှတ်တော် ရှေ့နေကြီးများ၏ ညီညွတ်မှုရှိခဲ့၍လည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်အောက် ရောက်ခဲ့ရတဲ့ ၁၉၆၂ ခုနှစ်မှစ၍ ထိုနောက်ဆုံး အောင်ပွဲရ အချိန်အထိ ဘယ်တော့မှ လျှော့မပေးခဲ့တဲ့ စစ်အာဏာရှင်များအား၊ ဦးကိုနီတို့ ကျွန်တော်တို့၊ ရှေ့နေများ ၀ိုင်းဝန်း ကြိုးပမ်းမှုကြောင့် (ပထမ)ဆုံး အောင်မြင်မှု ရရှိခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန်လည်း ဖြစ်ခဲ့ကြောင်းပါခင်ဗျာ။

နိဂုံးချုပ်အားဖြင့် တင်ပြလိုတာကတော့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရ၍ ကျဆုံးသွားသော်လည်း ကျန်ရှိသည့်ရှေ့နေထုတစ်ရပ်လုံး အနေဖြင့် ဦးကိုနီးအား နမူနာထားကာ ညီညီညွတ်ညွတ် နိုင်ငံအတွက် အကျိုးပြု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေမည်ဖြစ်ကြောင်း ဦးကိုနီအား အမှတ်တရ ဂုဏ်ပြုရင်း နိဂုံးချုပ် တင်ပြရကြောင်းပါခင်ဗျာ။
Writer:
ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)

Eleven Media Group Co., Ltd

No comments:

Post a Comment