Latest News

Wednesday, February 1, 2017

သမ္မတသက်တမ်း တကြိမ်တည်းထမ်းဆောင်ခွင့်ကို ပြင်ဆင်ရန် ဘန်ကီမွန်း တောင်းဆို

သမ္မတသက်တမ်း တကြိမ်တည်းထမ်းဆောင်ခွင့်ကို ပြင်ဆင်ရန်

ဘန်ကီမွန်း တောင်းဆို
 
တောင်ကိုရီးယားသမ္မတအဖြစ် ဝင်ရောက်အရွေးခံမယ်လို့ ထင်ကြေးပေးခံနေရတဲ့ အရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်ကိုရီးယားသမ္မတသက်တမ်း ၅ နှစ် တကြိမ်တည်း ထမ်းဆောင်ခွင့်ကို ပြင်ဆင်ဖို့ ဇန်နဝါရီ ၃၁ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

နောက်ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ဒီသမ္မတသက်တမ်းနဲ့ ပတ်သက်တဲ့ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်အမတ်တွေနဲ့ အခြေခံဥပဒေရေးရာ ကျွမ်းကျင်သူတွေကို ဘန်ကီမွန်းက တိုက်တွန်းလိုက်တာပါ။

တောင်ကိုရီးယားနိုင်ငံမှာ ၁၉၈၇ ခုနှစ် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချခဲ့အပြီး ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေမှာ သမ္မတသက်တမ်း  ၅ နှစ် တကြိမ်တည်း ထမ်းဆောင်ခွင့်ကို ပြဋ္ဌာန်းခဲ့တာပါ။

ဘန်ကီမွန်းက အခုလို တိုက်တွန်းခဲ့ပေမယ့်လည်း သူ နောက်တက်မယ့် သမ္မတနေရာအတွက် ဝင်အရွေးခံမယ်၊ အရွေးမခံဘူးဆိုတာ အတည်ပြုပြောဆိုတာတော့ မရှိသေးပါဘူး။

သူ နိုင်ငံရေးပါတီသစ် ထောင်မလား၊ ရှိပြီးသား နိုင်ငံရေးပါတီတခုမှာပဲ ဝင်ပြီး ဝင်အရွေးခံမလားဆိုတာ သူ မကြာခင်ဆုံးဖြတ်ပြီး အသိပေးမယ်လို့ ပြောပါတယ်။

လတ်တလော တာဝန်က ရပ်ဆိုင်းခံထားရတဲ့ သမ္မတ ပတ်ဂွန်ဟေးကတော့ သူ အဂတိလိုက်စားမှု ပြစ်တင်စွပ်စွဲမှုကို အခြေခံဥပဒေခုံရုံးက စစ်ဆေးကြားနာနေပြီး ခုံရုံးက အတည်ပြုလိုက်ရင်တော့  သမ္မတရာထူးကနေ နုတ်ထွက်ရမှာပါ။

သမ္မတ နုတ်ထွက်ပြီး ၂ လအတွင်း ရွေးကောက်ပွဲသစ် ကျင်းပရမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်ခဲ့တဲ့ ဘန်ကီမွန်းကို တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတတာဝန် ထမ်းဆောင်ဖို့ လွှတ်တော်အမတ်တွေနဲ့ သံတမန်အရာရှိဟောင်းတွေ လိုလားနေကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

Sources : DVB

No comments:

Post a Comment