Latest News

Sunday, February 5, 2017

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း (၁)

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း (၁)

ရုံးခန်းတွင်း ဝင်လိုက်သည်နှင့် ခရမ်းရောင်ဖျော့ဖျော့ ရင်ဖုံးအင်္ကျီ၊ နက်ပြာရောင်ထဘီ ဝတ်ဆင်ထားပြီး ဆံထုံးပေါ်တွင် ခရမ်းဖျော့ရောင် သစ်ခွပန်းများ သီကုံးပန်ဆင်ကာ ဖော်ရွေသောအပြုံး၊ ကြည်လင်သော မျက်နှာနှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့လိုက်ရသည်။ ရုံးခန်းတွင်း ဝင်လာသူတိုင်းကို သူနှင့် နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရသော မိတ်ဆွေရင်းချာများ ပြန်လည်ဆုံတွေ့ရသကဲ့သို့ ချိုသာတည်ငြိမ် အေးဆေးသော စကားသံဖြင့် နှုတ်ခွန်းဆက်သည်။ အသက် ၆၅ နှစ် ရှိနေပြီ ဖြစ်သော်လည်း အရွယ်နှင့် မလိုက်အောင် တက်ကြွလန်းဆန်း လွန်းနေသည်။ သူသည်ကား ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်ပြီး The Voice Weekly က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းရန် လာရောက်ခြင်း ဖြစ်သော်လည်း အမှန်တကယ် မေးခွန်း စတင်မေးမြန်းသူက ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် The Voice Weekly တို့၏ တွေ့ဆုံမေးမြန်းခန်းသည် အမေးနှင့်အဖြေ ဆိုသော ပုံမှန်တွေ့ဆုံမေးမြန်းခန်း သဘောမျိုးထက် သူ့အမြင်၊ ကိုယ့်အမြင် ဖလှယ်သော ဆွေးနွေးပွဲ စကားဝိုင်းပုံစံမျိုးဖြင့် အပေးအယူ မျှတစွာ အဆုံးသတ်ခဲ့သည်။

DASSK  : ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့နဲ့ ပတ်သက်လို့ ဖေဖေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ မီဒီယာတွေမှာ ပါလာတော့ ထုတ်လို့ရလာပြီပဲလို့။ အရင်တုန်းက ထုတ်လို့မရဘူးမို့လား။

The Voice : မရဘူး ခင်ဗျ။ အရင်တုန်းက စာပေစိစစ်ရေးက ထောက်လှမ်းရေးက တိုက်ရိုက်ကိုင်တာ။ ထောက်လှမ်းရေးကိုင်တဲ့ အချိန်တုန်းက လွတ်လပ်ခွင့် ဒီလောက်ကြီး မဟုတ်ဘူး။ ထောက်လှမ်းရေး ပြီးသွားတော့ ၂၀၀၄ နောက်ပိုင်းမှာ စာပေစိစစ်ရေးက ပြန်ကြားရေးအောက် ရောက်သွားတယ်။ ပြန်ကြားရေးအောက် ရောက်သွားတဲ့ အခါကျတော့ စာပေဗိမာန်က အရင်က စာရေးခဲ့ဖူးတဲ့သူတွေ၊ တကယ့်စာပေ နားလည်တဲ့သူတွေ ရောက်လာတော့ စာပေစိစစ်ရေးက နည်းနည်းတော့ Relax ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင်တော့ ဒီအတိုင်းပါပဲ။ တဖြည်းဖြည်းတော့ ရေးရတာ နည်းနည်းတော့ သိသာပါတယ်။

DASSK  : တော်တော် သိသာပါတယ်။ အခုက အန်တီ ထွက်လာတဲ့အချိန်မှာဆိုလို့ ရှိရင် ဆောင်းပါးတွေ၊ ဘာတွေတော်တော်များများက နိုင်ငံရေး အကြောင်းတွေ ပါလာတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မဟုတ်ရင်တောင်မှ တခြားနိုင်ငံရဲ့ နိုင်ငံရေးလည်း နိုင်ငံရေးပဲ။ ဘာပဲပြောပြော နိုင်ငံရေး အသိအမြင် ပိုပြီးတော့ ကျယ်ပြန့်စေတာပေါ့။ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့လည်း တော်တော်များများ ပါလာတာပဲ။ အရင်တုန်းက လွတ်လပ်ရေးခေတ်တုန်းက ဖြစ်စဉ်တွေ ဘာတွေဆိုရင်လေ။ ဒါက တိုးတက်မှုပဲ။

The Voice : နောက်တစ်ခုက စာပေစိစစ်ရေး ဆိုတာကလည်း လက်ရှိအစိုးရရဲ့ မူဝါဒကို ထင်ဟပ်ပြီး စိစစ်တည်းဖြတ်ရတာ ဖြစ်တဲ့အတွက် မီဒီယာတွေကလည်း ပါးပါးနပ်နပ် ရပ်တည်ပြီး ရေးဖို့လိုပါတယ်။ စကားလုံး အသုံးအနှုန်းက အစပေါ့နော်။ ကျွန်တော်တို့ ပြောချင်တဲ့ Message ရောက်အောင် သိုင်းဝိုင်းပြီး ပြောရတာတွေ ရှိပါတယ်။ ကျွန်တော်တို့က ဘာပြောလေ့ရှိလဲ ဆိုတော့ စာပေစိစစ်ရေးနဲ့ မီဒီယာတွေက ပြိုင်ပွဲလိုပဲ။ သူတို့ကလည်း အစိုးရမူဝါဒကို ထိပါးတဲ့ဟာကို တည်းဖြတ်ဖို့ ကြိုးစားတယ်။ ကျွန်တော်တို့ကလည်း တတ်နိုင်သလောက် ကျွန်တော်တို့ ပေးချင်တဲ့ Message ရောက်အောင် ရေးရတယ်ဆိုတော့ ကြားထဲမှာ ဉာဏ်ရည်ပြိုင်တဲ့ သဘောမျိုးလို့တောင် ပြောလို့ရတယ်။ ကျွန်တော်တို့က အကောင်းမြင်ရတာပေါ့။ သူတို့က ကျွန်တော်တို့ကို ရေးသားတဲ့ စွမ်းရည်၊ အရည်အသွေးတက်အောင် တစ်နည်းတစ်ဖုံ ပံ့ပိုးနေသလို အဲဒီလို ဖြေသိမ့်ရတယ်။ ဒီမှာက အကောင်းမမြင်တတ်ရင် ရပ်တည်ဖို့ တော်တော်ခက်ပါတယ်။ နည်းနည်းလောက်ရှာပြီး ရပ်တည်မှ မီဒီယာဆိုတာ အဲဒီလို လုပ်လို့ရတာကိုး။

DASSK  : အစိုးရမူဝါဒ မထိခိုက်လို့ ရှိရင်ဆိုတဲ့ နေရာမှာ စာပေစိစစ်ရေးကို နားလည်အောင် ပြောသင့်တာပေါ့။ တစ်ခါတလေ အစိုးရမူဝါဒကို ထိခိုက်ပေမယ့် အစိုးရကို မထိခိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရမူဝါဒကို ထိခိုက်လို့ဆိုပြီး မလုပ်တာက အစိုးရကို ထိခိုက်စေတယ် ဆိုတာကို သူတို့နားလည်အောင် ပြောလို့ရှိရင် ကောင်းမယ် ထင်တယ်။

The Voice : ဟုတ်ကဲ့။ အခုတော့ အခြေအနေက မဆိုးပါဘူး။ အခု စာပေစိစစ်ရေးက လူတွေက အရင်က လူတွေထက်စာရင် အများကြီး တော်လာပါပြီ။ Dialogue ရှိတယ်။ ပြောတာကို ဆုံးအောင် နားထောင်တယ်။

DASSK  : အဲဒါ အရေးကြီးဆုံးပဲ။ နားမထောင်တာက ပြဿနာ။ ခုနစ်နှစ်လုံးလုံး အန်တီ ရေဒီယို နားထောင်တော့ နားမထောင်တတ်တဲ့လူတွေ တော်တော်များတာ တွေ့ရတယ်။ ရေဒီယိုမှာ မေးတဲ့လူက တစ်မျိုး၊ ဖြေတဲ့လူက တစ်မျိုး။ နားမထောင်တတ်တာပဲ။ နားမထောင်တတ်တာက များတယ်။ တမင်သက်သက် ထော်လော်ကန့်လန့် လုပ်တာ မဟုတ်ဘူး။ တချို့တွေက မေးခွန်းကို နားမလည်တာလည်း ပါတယ်။ အဲဒါလည်း နားမထောင်တတ်တာပဲ။ မေးခွန်းတွေက ရှင်းပါတယ်။ ဒီလောက်ကြီးလည်း မခက်ဘူး။ ဒါပေမဲ့ တစ်ခါတလေတော့လည်း နည်းနည်းခက်ခက်ခဲခဲ ရှိတာပေါ့။ အများစုကတော့ ခပ်ရှင်းရှင်းပါပဲ။ နားထောင်ရင် နားမလည်စရာ အကြောင်း မရှိဘူး။ ဒါပေမဲ့ သေချာနားမထောင်တဲ့ အခါကျတော့ ကောင်းကောင်းနားမလည်ဘူး။ အဲဒီတော့ မေးတာတခြား၊ ဖြေတာတခြား ဖြစ်နေတာ။ နောက်ပြီးတော့ နားထောင်ချင်တာထက် ပြောချင်တဲ့သူက များတယ်။ တစ်ခါတလေ သတိထားမိတယ်။ ရေဒီယိုမှာ ကြေညာတဲ့သူက စကားဖြတ်ချင်တယ်၊ ဖြတ်လို့မရဘူး။

The Voice : နားမထောင်တာနဲ့ ပတ်သက်ပြီး ဗွေဆော်ဦး မေးခွန်းမေးချင်ပါတယ်။ အဲဒါက ဘာကြောင့်လို့ ယူဆလဲ။ ပညာရေးစနစ်ကြောင့်လား။ ငယ်ငယ်တုန်းက သင်ခဲ့တာတွေမှာ များများနားထောင်ဖို့ ဆိုတဲ့ဟာကို မသင်ခဲ့ရလို့လား။

DASSK  : နားထောင်ပုံ၊ နားထောင်နည်းကို သေချာမသင်လို့ပဲလို့ အန်တီ ထင်တယ်။ ကျောင်းတွေမှာဆိုရင် နားထောင်တယ် ဆိုတာကို စကားလုံး တစ်လုံးချင်း၊ တစ်လုံးချင်းကို အလွတ်ကျက်တာပဲ။ ပြောတဲ့အတိုင်း နားထောင်ပြီးတော့ ပြန်ပြီးဖြေရတာပဲ။ တကယ့်မေးခွန်းနဲ့မှ မဟုတ်ဘဲ။ မေးခွန်းမေးလိုက်လို့ ရှိရင် အဖြေက တစ်ခါတည်း ပါလာပြီးပြီ။ အဲဒီအဖြေတိုင်းပဲ ဖြေတော့ဆိုတော့ ကိုယ့်ဟာကိုယ် စဉ်းစားပြီး ဖြေတဲ့အလေ့အထ မရှိဘူး။ ကိုယ့်ဟာကိုယ် စဉ်းစားပြီး ဖြေစရာအကြောင်း မရှိဘူးဆိုရင် မေးခွန်းကိုလည်း သေချာ နားထောင်စရာအကြောင်း မရှိတော့ဘူး။ Question and Answer အားလုံး ပေးထားပြီးပြီ။ အလွတ်သာ ကျက်လိုက်ပေတော့။ အဲဒီလို စနစ်နဲ့လည်း ဆိုင်တယ် ထင်တယ်။ နောက်ပြီးတော့လည်း ယဉ်ကျေးမှုကိုက စောဒက တက်တာတွေ၊ ဘာတွေကို ရိုင်းတယ်လို့ ထင်တယ်။ တကယ်တော့ စောဒကတက်တိုင်း ရိုင်းတာ မဟုတ်ဘူး။ ပြန်ပြီးတော့ မေးပိုင်ခွင့် ရှိရမယ်။ ပြန်ပြီးမေးတာကိုလည်း မကြိုက်ကြဘူး။ ပြန်ပြီးမေးတာကို မကြိုက်တဲ့နိုင်ငံမှာ ဆိုရင်၊ လူမှုအသိုင်းအဝိုင်းမှာဆိုရင် မေးခွန်းတွေကို ရှောင်ချင်ကြတယ်။ မေးခွန်းဆိုတာက အန္တရာယ် မဟုတ်ဘူးဆိုတဲ့ အမြင်မရှိလို့ပဲလို့ ထင်ပါတယ်။ တချို့တွေက မေးခွန်းမေးရင်ကို သူ့ကို ရန်သူလို မြင်တာလား၊ ဆန့်ကျင်နေတာလား၊ တစ်ခုခု ဝေဖန်နေတာလား။ အဲဒီလို မြင်တယ်။ ဒါနဲ့မဆိုင်ဘူး ဆိုတာ သိပ်မသိကြဘူး။

The Voice : အဲဒီဟာနဲ့ ဆက်စပ်လို့ မေးခွန်းမေးတာရော၊ နားထောင်တာရော၊ မေးတာမြန်းတာကအစ ငါ့ကို ပုဂ္ဂိုလ်ရေး ပြောတာလားပေါ့။ အဲဒီတော့ ပုဂ္ဂိုလ်ရေးဆိုတဲ့ စကားက ဒီမှာဝင်လာတာပေါ့။ ဝင်လာတဲ့အခါမှာ မြန်မာ့နိုင်ငံရေးမှာ တချို့ပြောကြ၊ ဆိုကြတာ ရှိပါတယ်။ ဒီဘက်ခေတ်အချိန်အထိ။ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ အတွေးအခေါ်၊ နိုင်ငံရေးအမြင်၊ ခံယူချက် အပေါ်ကို ဝေဖန်စောဒက တက်ခြင်းထက် ပုဂ္ဂိုလ်ရေးကို ဝေဖန်တိုက်ခိုက်ခြင်း ဆိုတာမျိုး တွေရှိခဲ့တဲ့ အခါကျတော့ မြန်မာ့နိုင်ငံရေးမှာ ခုနပြောတဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့က ပုဂ္ဂိုလ်ရေးကြောင့် အဟန့်အတား ဖြစ်ခဲ့တယ်လို့ ယူဆတဲ့သူတွေ၊ ဝေဖန်တဲ့သူတွေလည်း ရှိပါတယ်။ အန်တီ့အနေနဲ့ကော အဲဒါကို ဘယ်လိုများ ယူဆပါသလဲ။ သုံးသပ်ပါသလဲ။

DASSK  : အဲဒါအတွေးအခေါ် ရင့်ကျက်မှု မရှိတာလို့ ထင်တယ်။ အန်တီတို့ဆိုရင် တတ်နိုင်သမျှ ပုဂ္ဂိုလ်ရေးကို ရှောင်တယ်။ အစိုးရရဲ့ လုပ်တာကိုင်တာတွေကို အန်တီတို့ မကြိုက်လို့ ဝေဖန်တယ်။ ဝေဖန်လို့ရှိရင် ဒါကို အစိုးရကို ဝေဖန်ပါတယ်ဆိုပြီး မြင်တယ်။ အစိုးရကို ဝေဖန်တာနဲ့ အစိုးရရဲ့ လုပ်ပုံလုပ်နည်း၊ လုပ်တဲ့ကိစ္စတွေကို ဝေဖန်တာနဲ့ မတူဘူးနော်။ အဲဒါကို နားလည်ရမယ်။ ပုဂ္ဂိုလ်ရေး ဆိုတာလည်း ဒီလိုပဲ။ လူတစ်ယောက်ကို ဘယ်လောက်ပဲခင်ခင်။ ဥပမာဆိုရင် ကိုယ့်သားသမီးတောင်မှ ကိုယ်မဝေဖန်လို့ရှိရင်၊ ကိုယ်မပြုပြင်လို့ရှိရင်၊ ကိုယ်မဆုံးမလို့ရှိရင် ဘယ်သူက ဝေဖန်ပြုပြင် ဆုံးမမလဲ။ ဒါပေမဲ့ ကိုယ့်ကလေးဆိုတော့ ကိုယ်ချစ်တာပေါ့။ ကိုယ့်ကလေး ဆိုတော့ ကိုယ်က ဘာမှအဆိုးလည်း မြင်ချင်တာမဟုတ်ဘူး။ ရန်သူလို မြင်တာလည်း မဟုတ်ဘူး။ သို့သော်ငြားလည်း သူလုပ်တာကိုင်တာ မဟုတ်ရင် မဟုတ်မှန်း မြင်ရမယ်။ ဒါမှလည်း ကိုယ်က ကူညီနိုင်မှာ။ တချို့မိဘတွေက ကိုယ့်သား၊ ကိုယ့်သမီးဆိုရင် ဘယ်တော့မှ အဆိုးမမြင်ဘူး။ အန်တီ ငယ်ငယ်တုန်းက သင်ရတဲ့ ပုံပြင်လေး သွားသတိရတယ်။ သားတို့ခေတ် သင်ရသေးလား မသိဘူး။ သူခိုးက သူ့ကို ကားစင်တင်တော့မှ သူ့အမေကို အနားကပ်ခိုင်းပြီး နားကို ကိုက်ဖြတ်လိုက်တာလေ။ သူ့ကို ငယ်ငယ်တုန်းက မဆုံးမလို့လေ။ ဒီလိုမိဘမျိုးက ကိုယ့်သားသမီး ဘာလုပ်လုပ် လက်ခံမယ်။ ကောင်းတယ်ပဲပြောမယ် ဆိုတာက ကောင်းတဲ့မိဘ မဟုတ်ဘူး။ သားသမီးရဲ့ တကယ့်မိတ်ဆွေစစ် မဟုတ်ဘူး။ ဝေဖန်တာ ဆိုတာကလည်း အပြုအမူကို ဝေဖန်တာကို ပြောတာနော်။ လူကိုတော့ နာမည်နဲ့တပ်ပြီး ဝေဖန်တာမျိုး အမြဲရှောင်တယ်။ ဒီကိစ္စ မကြိုက်ဘူး။ ဒီလိုလုပ်တာ မဟုတ်ဘူး။ မလုပ်သင့်ဘူး ဆိုတာ ပြောတယ်။ ဒီလူက ဒီလိုဒီလိုဆိုပြီး ဝေဖန်တာမျိုးက နည်းနည်းသိက္ခာမဲ့တယ်လို့ ထင်တယ်။ ပုဂ္ဂိုလ်ရေးအရ လူတွေကို ဝေဖန်တာကလေ။ အဲဒါက မရင့်ကျက်တဲ့ အတွေးအခေါ်ကြောင့်မို့လို့ ကိုယ့်ကို ထိတယ်လို့ထင်ရင် မခံနိုင်ဘူး။ အန်တီတို့ အမြင်က ဝေဖန်တယ် ဆိုရင်တောင်မှ စဉ်းစားရမှာက ဒီဝေဖန်မှုက အကြောင်းအကျိုး ဆီလျော်လား။ အကြောင်းအကျိုး ဆီလျော်ရင်တော့ ကိုယ်ဆင်ခြင်ရမယ်။ အကြောင်းအကျိုး မဆီလျော်ဘူး ဆိုရင်တော့ ခေါင်းထဲ မထားနေနဲ့တော့။ အဲဒါ ဘာဖြစ်သလဲ။ သူပြောချင်လို့ လျှောက်ပြောနေတာ။ အဲဒီလိုပဲ စိတ်ထဲမှာ ထားရမယ်။

The Voice : မြန်မာ့နိုင်ငံရေးမှာ အခုအချိန်အထိ ပုဂ္ဂိုလ်ရေးနဲ့ တကယ့်အနှစ်သာရ အတွေးအခေါ် အယူအဆပိုင်းရှိတဲ့ နေရာမှာ အတွေးအခေါ် အယူအဆပိုင်း နားလည်မှု မပေးနိုင်ဘဲနဲ့ ပုဂ္ဂိုလ်ရေးဘက်ကို အလေးကဲပြီးတော့ စည်းလုံးညီညွတ်ရေး အားလျော့နေသလား ခံစားရပါတယ်။ အဲဒီတော့ ရှေ့ဆက်သွားတဲ့ နေရာမှာ အဲဒါကို ဘယ်လိုပြုပြင်သင့်ပါသလဲ။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

DASSK  : ဒီပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်လို့ အထိမခံတာ၊ အရမ်း Sensitive ဖြစ်တာက အန်တီ အမြင်မှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလို့ ဖြစ်တာလို့ အန်တီ ထင်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းတာ။ ဒီကိစ္စကလည်း အန်တီ ခဏ၊ ခဏ စဉ်းစားဖူးတယ်။

ဗမာတွေက တစ်ယောက်ကို တစ်ယောက် အရမ်းမနာလို ဖြစ်တယ်။ ဒါတော့ အားလုံး လက်ခံပါတယ်နော်။ ဒါကိုယ့်အချင်းချင်းမို့လို့ ပြောလို့ရတယ်။ အန်တီ ဟောပြောပွဲတွေမှာလည်း ပွင့်ပွင့်လင်းလင်း ပြောဖူးပါတယ်။ ဗမာတွေက တော်တော်ကို တစ်ယောက်နဲ့ တစ်ယောက် မနာလိုစိတ် ရှိတယ်။ ဗမာတွေပဲလား၊ တခြားနိုင်ငံသားတွေကရော မနာလိုစိတ် မရှိဘူးလား။ တခြားနိုင်ငံသားတွေလည်း မနာလိုစိတ် ရှိတာပဲ။ ဒါပေမဲ့ ဗမာတွေက နည်းနည်းပိုတယ်လို့ ပြောရမယ်။ အဲဒါလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလို့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတဲ့ အခါကျတော့ ဘယ်သူက ကိုယ့်ထက်သာသွားမလဲ ဆိုတာ အမြဲကြည့်နေတယ်။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်တဲ့စိတ် ရှိတယ်။ အန်တီတို့လူမျိုးက ဘာဖြစ်လို့ ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းနေသလဲဆိုတာ အန်တီလည်း အထပ်ထပ်အခါခါ စဉ်းစားတယ်။ စဉ်းစားတဲ့အခါမှာ ကလေးတွေကို ပြုစုပျိုးထောင်မှုနဲ့ အများကြီး ဆိုင်တယ်လို့ ထင်တယ်။ ကလေးတွေကို မိဘတွေက စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှု မပေးနိုင်ဘူး။ ဘာဖြစ်လို့ မပေးနိုင်လဲဆိုတော့ တစ်ခါတလေ မြန်မာမိဘတွေက ကလေးတွေကို ပြုစုပျိုးထောင်တဲ့ နေရာမှာ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြီးများ ပြောသလားလို့။ ဒါမှမဟုတ် နောက်တစ်ခုက ပညာရှင်တွေ သုံးသပ်တာက အကြွင်းမဲ့ မေတ္တာပေးမယ်ဆိုတဲ့ အသိအမြင်ကို ကလေးတွေကို မပေးနိုင်တော့တာ။ အန်တီ ပြောဖူးပါတယ်။ မြန်မာမိဘတွေ ဆုံးမတဲ့ပုံ အန်တီ သိပ်မကြိုက်တာက “မလိမ္မာရင် မချစ်တော့ဘူးနော်” ဆိုတာ။ လိမ္မာတယ်ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတော့ လူကြီးမိဘ အကြိုက်လုပ်တာ။ မိဘက သူ့အကြိုက်ကို မလုပ်ရင် ကလေးအတွက် မေတ္တာကို ရုပ်သိမ်းလိုက်မယ်ဆိုတဲ့ အနေအထားမှာ ရှိတော့ ဒီကလေးက ဘယ်လိုလုပ် စိတ်လုံခြုံမှုရှိမလဲ။ လူကြီးမိဘ အကြိုက်လုပ်မှ ငါ့မှာ လုံခြုံမှုရှိမယ်ဆိုတဲ့ အတွေးများ ဝင်သွားသလားလို့။ ဒါအန်တီက ဒီအဖြေ မှန်တယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဒီလို အန်တီ စဉ်းစားမိတယ်။ အဲဒါကို တခြားလူတွေလည်း စဉ်းစားစေချင်တယ်။ မြန်မာတွေ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိလဲ။ ဒါကြောင့် မနာလိုဖြစ်တာ တစ်ယောက်နဲ့တစ်ယောက် အဲဒီလို မနာလိုဖြစ်တဲ့ စိတ်ပေါ်မှာ အခြေခံပြီးတော့ ဆတ်ဆတ်အထိမခံ ဖြစ်တာ။ အထိကို မခံနိုင်ဘူး။ ငါ့ပြောလို့ရှိရင် ငါ့မုန်းလို့ပဲ။ တစ်ခါတည်း ဘယ်လိုကို ဖြစ်သွားမှန်း မသိဘူး။ ရန်သူကြီး ဖြစ်သွားတာပဲ။ နိုင်ငံခြားမှာလည်း အဲဒီလိုလူတွေ မရှိဘူးလားဆိုတော့။ ရှိပါတယ်။

ဒါပေမဲ့ အန်တီတို့ မြန်မာတွေမှာ နည်းနည်း ပိုများတယ်။ အဲဒါကတော့ အန်တီ တစ်ယောက်တည်းလည်း အဖြေရှာလို့ရတာ မဟုတ်ဘူး။ အန်တီက ပြန်မေးရမှာ။ ဘယ်လိုထင်လဲ။ ဘာဖြစ်လို့ စိတ်လုံခြုံမှု မရှိလဲပေါ့။ ကိုယ်ငယ်စဉ်ကနေ ကြီးပြင်းလာတုန်းက ဘယ်လိုအခြေအနေ ရှိလဲ။ အန်တီတို့ကျတော့ စိတ်လုံခြုံမှု ရှိတယ်လို့ ပြောရမှာပဲ။ ဘာဖြစ်လို့ ရှိသလဲပေါ့။ အဲဒီလိုပြန်ပြီးတော့ မေးရမှာပဲ။

The Voice : တချို့ကတော့ ဘာပြောလဲဆိုတော့ အကြောင်းအကျိုးပေါ့။ အကြောင်းအကျိုးက ဘယ်လိုလဲဆိုတော့ နှစ်တစ်ရာကျော် ဗြိတိသျှလက်အောက်မှာ မနေခဲ့ရခင် သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်အောက်မှာ အနောက်ကမ္ဘာထက် သို့မဟုတ် တခြားနိုင်ငံတွေထက် ပိုပြီး ကြာကြာနေရတာရယ်၊ ကျွန်သက်ရှည်ခဲ့တာရယ်၊ ဖက်ဆစ်ဂျပန်လက်အောက်မှာ နေခဲ့ရတာရယ်၊ အာဏာရှင် လက်အောက်မှာ နေခဲ့ရတာတွေရယ်ကြောင့် လူတွေမှာ အခွင့်ထူးခံသူနဲ့ အခွင့်အရေး မရသူ လူတန်းစားနှစ်ရပ်ပဲ ကွဲခဲ့တာကိုး။ အဲဒီလို ကွဲခဲ့တဲ့အခါကျတော့ အခွင့်ထူးခံသူ အပေါ်မှာလည်း အခွင့်အရေး မရတဲ့သူက မုဒိတာတရား မထားနိုင်ဘူး။ အခွင့်ထူးရတဲ့ သူကလည်း  အခွင့်အရေး မရတဲ့သူတွေ အပေါ်မှာ ခွဲခြားဆက်ဆံတယ်။ အဲဒီဟာတွေ ကာလကြာရှည်လာတဲ့ခါမှာ လူတွေမှာ မုဒိတာတရား အားနည်းတာ၊ တစ်ယောက်နဲ့တစ်ယောက် မနာလို ဖြစ်တာတို့၊ ကျွန်တော်တို့ မြန်မာတွေ ကောက်ရိုးမီး ဖြစ်တာတို့၊ အကြောင်းတရားတွေက အဲဒါတွေ ရှိပါတယ်။ အဲဒါတွေကို မဖြစ်အောင်ဖြတ်ဖို့ ဆိုတာက အန်တီ့အနေနဲ့ စဉ်းစားမိတာရှိရင် ပြောပါဦး ခင်ဗျ။

DASSK  : အဲဒီကျွန်ခေတ်မတိုင်မီ ပြန်သွားမယ်ဆိုရင် နောက်ဆုံး ကုန်းဘောင်ခေတ်မှာဆိုလို့ ရှိရင် သီပေါခေတ်မှာ ယှဉ်ပြိုင်မယ့် မင်းညီမင်းသားတွေ အားလုံး သတ်ပစ်လိုက်တယ်မလား။ အဲဒါလည်း လုံခြုံမှု မရှိလို့ပဲ။ အဲဒီဟာကျတော့ အန်တီက ဘာနဲ့သွားပြီး ဆက်စပ်မိသလဲ ဆိုတော့ သူတို့ရဲ့ Law of Succession ပေါ့။ မင်းတွေတက်တဲ့အခါမှာ ဘယ်လိုဥပဒေတွေအရ တက်မယ်ဆိုတာ သတ်သတ်မှတ်မှတ် မရှိဘူးလို့ အန်တီ ထင်တယ်။ အဲဒီတော့ အားလုံးက ကြောက်နေရတယ်။ ဘယ်သူ့ကို သတ်ပြီး ဘယ်သူက နန်းလုမလဲဆိုတာ ကြောက်နေရတယ်။ အဲဒါက ဘယ်ကိုပြန်ပြီး နွှယ်သွားသလဲဆိုတော့ အခုခေတ် အန်တီတို့ လောလောဆယ် ရုန်းကန်နေရတဲ့ ဥပဒေစိုးမိုးရေးပေါ့။ ဥပဒေစိုးမိုးရေး မရှိခဲ့လို့။ အရင်တုန်းက ကိုလိုနီခေတ် မတိုင်မီက ဥပဒေစိုးမိုးရေး မရှိခဲ့ဘူး။ ကိုလိုနီခေတ်တုန်းက ဥပဒေစိုးမိုးရေး ရှိခဲ့တယ်။ ဒါပေမဲ့ ကိုလိုနီဥပဒေ။ နောက်ပိုင်းကျတော့ လွတ်လပ်ရေးရပြီးတဲ့ အခါကာလမှာ ခပ်တိုတိုလေးမှာတော့ ဥပဒေစိုးမိုးရေး ရှိခဲ့တယ်။ အခြေခံအားဖြင့် တရားမျှတတဲ့ ဥပဒေ ဖြစ်ခဲ့တယ်။ နောက် အာဏာရှင်စနစ်ကျတော့ မရှိပြန်ဘူး။ ဥပဒေစိုးမိုးရေး မရှိတဲ့ အခါကျတော့ ဘယ်လူမှ မလုံခြုံဘူး။ ကိုယ်ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတာ သေသေချာချာ မသိရဘူး။ ဟိုလူက လုပ်လို့ ဖြစ်ချင်မှဖြစ်မယ်။ ကိုယ်လုပ်လို့လည်း ဖြစ်ချင်ဖြစ်မယ် ဆိုတော့ အဲဒီဟာမှာလည်း စိတ်လုံခြုံမှုက တစ်တိုင်းတစ်ပြည်လုံးမှာ မရှိဘူးလို့ အန်တီ ထင်တယ်။ အဲဒီအကြောင်း တစ်ခုကတော့ အဲဒါပဲ။ အဲဒီတော့ အန်တီတို့က ဥပဒေစိုးမိုးရေး၊ ဥပဒေစိုးမိုးရေးနဲ့ အဲဒါကို သိပ်ဇောင်းပေးနေတယ်။ တချို့ကတော့ ထင်မှာပဲ။ ဒီတိုင်းပြည်မှာ ဥပဒေစိုးမိုးရေး မရှိမှန်း သိရဲ့သားနဲ့ ဘာလို့ ဥပဒေစိုးမိုးရေးဆိုပြီး ပြောနေလဲပေါ့။ ဥပဒေစိုးမိုးရေး မရှိမှန်းလည်း သိရဲ့သားနဲ့ ဘာဖြစ်လို့ ဥပဒေလမ်းကြောင်းက သွားမယ်ဆိုပြီးတော့ ပြောနေလဲဆိုတော့ မရှိလို့ကို လုပ်ရတာ။ ဒီဟာကို အစဉ်အလာ ဖြစ်သွားအောင် တွန်းရတာပေါ့။ ကျွန်မတို့ အနေနဲ့ ဒီဥပဒေကို လေးစားမယ်။ ဒီဥပဒေလမ်းကြောင်းအတိုင်း သွားမယ်။ အဲဒီဟာသွားလို့ လမ်းကြောင်းဆုံးတိုင်အောင် ထိသွားမယ်။ အဲဒါကိုပိတ်တဲ့ လူတွေက သူတို့ရဲ့အလုပ်။ ဒီလမ်းကိုလျှောက်ဖို့က ကျွန်မတို့ရဲ့ အလုပ်။ ဥပဒေစိုးမိုးရေးသာ ရှိလို့ရှိရင် ပြည်သူတွေက တော်တော်တော့ လုံခြုံမှု ရသွားမယ်။ ချက်ချင်းလက်ငင်း မြန်မြန်ဆန်ဆန်နဲ့ အားလုံးကိုတော့ ကုသလို့ မရပေမယ့် ပြောရမယ်ဆိုရင် ရောဂါကြီးတယ် ဆိုပါတော့။ ရောဂါကြီးတယ် ဆိုတော့ ဆေးတစ်မျိုးတည်းနဲ့တော့ ကုလို့မရဘူး။ ဒါပေမဲ့ တော်တော်ထိရောက်မယ့် ဆေးတစ်မျိုးကတော့ အဲဒီဥပဒေစိုးမိုးရေးလို့ အန်တီ ထင်တယ်။ ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေးသာ ရှိသွားပြီဆိုရင် တော်တော်လုံခြုံမှု ရသွားမယ်။ လူကြီးတွေက လုံခြုံမှုရရင် သူတို့ ကလေးတွေကို ပိုပြီးတော့ သုံးသပ်နိုင်တာပေါ့။ အခုကျတော့ လူကြီးတွေကလည်း မလုံခြုံဘူး။ ကလေးတွေကိုလည်း လုံခြုံမှု မပေးနိုင်။ ဒီကလေးတွေက ကြီးလာတဲ့ အခါကျတော့လည်း လုံခြုံမှု မရှိဆိုတော့ ဂျာအေး သူ့အမေရိုက်သလို ဖြစ်နေတာပေါ့။

The Voice : မြန်မာတွေရဲ့ အလေ့အထကို ပြောရင်းနဲ့ ဆက်စပ်ပြီး ပြောရမှာက အခုဖြစ်နေတဲ့ လူထုအကြားမှာ အပြစ်တင်စရာ ဖြစ်နေတဲ့ ကွဲကြ၊ ပြဲကြတဲ့ ကိစ္စပေါ့။ ဗမာတွေက နှစ်ယောက်ရှိရင် သုံးဖွဲ့ ကွဲချင်တာမျိုးလို့တောင် တင်စားပြောကြရတယ်။ ဒီအပေါ်မှာ အန်တီကကော ဘယ်လိုသုံးသပ်မိပါသလဲ။

DASSK  : အဲဒါကလည်း ကိုယ်က နည်းနည်းပေးလိုက်ရင် အားလုံးပါသွားပြီလို့ ထင်တာ။ မဟုတ်ဘူး။ ဒါက Win-Win ဆိုတဲ့ဟာကို နားမလည်တာ။ ဗမာ့ယဉ်ကျေးမှုအရ Win-Win ဆိုတာ သိပ်မရှိဘူး။ ဥပမာ- တလောက နိုင်ငံခြားသားတွေနဲ့ မြန်မာ့လက်ဝှေ့အကြောင်း ပြောဖြစ်တယ်။ တစ်ယောက်က မြန်မာ့လက်ဝှေ့ကို သူမကြည့်ရဲဘူးပေါ့။ ကြမ်းလို့ပေါ့နော်။ ကာထားတာမျိုး မရှိတော့ အန္တရာယ် သိပ်များတယ်ပေါ့။ အန်တီလည်း အရင်က မကြိုက်တာ ဘာလဲဆိုတော့ အောင်တဲ့သူက သူ့ရဲ့အောင်ပွဲခံပုံက သိပ်ကျောသလိုပဲ။ သိပ်ရိုင်းတယ်လို့ ထင်တယ်။ အခုနောက်ပိုင်း တော်လာပါတယ်။ ဒီလောက်မဆိုးတော့ဘူး။ အရင်တုန်းကဆို ပုံဟန်မျက်နှာထားကြည့်ပုံက ဘေးကကြည့်ရတဲ့သူက မျက်နှာတောင် ပူတယ်။ သူဘာလို့ ဒီလိုလုပ်ရက်တာလဲပေါ့။ ကိုယ်ကလည်းနိုင်ပြီး နိုင်တဲ့သူက စိတ်နှိမ့်ချရမယ်။ သိက္ခာရှိရှိနဲ့ ရှုံးတဲ့သူအပေါ် လေးစားရမယ်ဆိုတာ သိပ်မရှိဘူး။ ရှုံးတဲ့သူအပေါ် တက်နင်းလိုက်မဟဲ့ ဆိုသလို ဖြစ်နေတယ်။ အဲဒါကြောင့်ပဲ Compromise မရှိတာလို့ ထင်တယ်။ ရှုံးသွားရင် တက်နင်းခံရမှာပဲ၊ တက်နင်းတော့မှာပဲလို့ စဉ်းစားတယ်။ အဲဒါကြောင့်မို့ ကွဲတာပြဲတာလည်း အဲဒါပဲ။ ဒီတစ်ခါတော့ တို့လိုက်လျောလိုက်ရင် နောက်တစ်ခါမှာ တို့ကို လိုက်လျောသင့်တဲ့ အချိန်မှာ ပြန်လိုက်လျောမှာပဲ ဆိုတဲ့အမြင်ကို မထားနိုင်ကြဘူးပေါ့။ ဒါဆိုဒါပဲပေါ့။ ဒီမိုကရေစီမှာ အမြဲကိုယ်ဖြစ်ချင်သလို မဖြစ်ရဘူး။ အားလုံးက နေပြီး ဆုံးဖြတ်လိုက်တယ်။ အများရဲ့ ဆုံးဖြတ်ချက်ကို လူနည်းစုက နေပြီးတော့ လက်ခံရမယ်။ ဒါအပေးအယူသဘောပဲ။ ကိုယ့်အလှည့် သူ့အလှည့် ရှိမယ်။ အဲဒါကို လက်မခံနိုင်ဘူး။ အမြဲပဲ ကိုယ့်အလှည့် ဖြစ်ချင်တယ်။ သူ့အလှည့် မပေးချင်ဘူး။ အဲဒါတော့ မဖြစ်နိုင်ဘူး။

The Voice : ကျွန်တော် နားလည်ထားတာ Agree to Disagree သဘောထား မတူတာကို လက်ခံနားလည်ပေးဖို့ ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံပဲပေါ့။ ဒီမိုကရေစီ အတွက်လို့ ဒီမိုကရေစီအရေးလို့ နာမည်ခံထားတဲ့ အဖွဲ့အစည်းတွေမှာ ဒီ Agree to Disagree မရှိဘူး ဖြစ်နေတယ်။ ဒါကြောင့်ပဲ အကွဲအပြဲတွေ ဖြစ်နေလားလို့။ အဓိက ပြောချင်တာက နယ်ပယ်အသီးသီးမှာ ရှိတဲ့ အထင်ကရ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင်တဲ့သူတွေက Agree to Disagree ကို ဘယ်လိုများ လက်တွေ့ကျင့်သုံးသင့်သလဲလို့ တစ်ဆိတ်လောက် ပြောပြပေးပါ။

DASSK  : ပထမဆုံးက ငါနဲ့သဘောမတူရင် ငါ့ရန်သူဆိုတဲ့ စိတ်ထားမထားနဲ့။ ဘာလို့လဲဆိုရင် ဒီအချက်မှာ သဘောမတူရင် နောင်အချက်မှာ သဘောတူနိုင်တယ်ဆိုတာ အဲဒီလို အမြင်ကျယ်ကျယ်ရှိရင် အများကြီး တိုးတက်မှု ရှိလာမယ်။ တစ်ချိန်တစ်ခါမှာ သဘောမတူပေမယ့် နောက်တစ်ကြိမ်မှာ သဘောတူမှာပဲဆိုတဲ့ စိတ်မျိုး အမြဲထားသင့်တယ်လို့ ထင်တယ်။ ဒီလိုမဟုတ်ဘဲ ဒီတစ်ခုမှာ မတည့်ရင် သွားပြီ ဘယ်တော့မှ မတည့်တော့ဘူး၊ လှည့်မကြည့်တော့ဘူးလို့ ဖြစ်သွားတာပဲ။ Agree to Disagree ဆိုတာ ဒါပဲ။ ဒီအချက်မှာတော့ တို့သဘောမတူဘူး။ ကိုယ့်အမြင်ချင်းက မတူဘူး ဆိုတာကို လက်ခံတယ်။ မိတ်ပျက်စရာလည်း မလိုဘူး။ မိတ်ဖက်အဆင့်က ရပ်စဲသွားစရာလည်း မလိုဘူး။ နောင်တစ်ချက်မှာ ပြန်ပြီးတွဲနိုင်မယ်။ ဒါကြောင့် သူတို့ကို အမြဲပြောတယ်။ နိုင်ငံရေးမှာ ထာဝရမိတ်ဆွေလည်း မရှိဘူး။ ထာဝရ ရန်သူလည်း မရှိဘူးဆိုတာ။ ဒါလည်း အခြေခံတစ်ခုပဲ။ တချို့ကိစ္စတွေမှာ ကိုယ်က မဟာမိတ်ဖြစ်မယ်။ တချို့ကိစ္စတွေမှာ ကိုယ်က အတိုက်အခံ ဖြစ်သွားမယ်ပေါ့။ ဒါပေမဲ့ အဲဒါကြောင့်မို့လို့ ထာဝရရန်သူ ဖြစ်သွားတာ မဟုတ်ဘူး။ ကိုယ်လုပ်နေတဲ့ကိစ္စနဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်ကို ခွဲခြားနိုင်ရမယ်။ လုံးဝ ဒီလိုသဘောထားနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဒီလိုထားနိုင်ဖို့ကတော့ မလွယ်ဘူးပေါ့။ အတိုင်းအတာတစ်ရပ် အထိတော့ ကွာခြားမှု ထားနိုင်ရမယ်။ အဲဒါ မထားနိုင်ရင်တော့ Agree to Disagree မဖြစ်နိုင်ဘူး။ ငါနဲ့သဘောမတူတာက ငါ့ကိုမုန်းလို့ပဲ၊ ငါ့ကို တိုက်ခိုက်တာပဲဆိုတဲ့ အမြင်ကို ဖျောက်ရမယ်။

The Voice : နောက်တစ်ခုက အဓိကနဲ့ သာမညပေါ့။ ဥပမာ စောစောက အန်ကယ်လ် ဦးဝင်းထိန် ကျွန်တော့်ကို မေးလိုက်တဲ့ မေးခွန်းကို သတိရလို့ ပြောတာပါ။ စစ်တပ်ဆိုတဲ့ အသုံးအနှုန်းနဲ့ တပ်မတော်ဆိုတဲ့ ဝေါဟာရအပေါ် ဘယ်လိုမြင်သလဲ။ တပ်မတော်က လူတစ်စုနဲ့ ဆိုင်သလား၊ ပြည်သူလူထု တစ်ရပ်လုံးနဲ့ ဆိုင်တာလား။ တပ်မတော်က ဘယ်ကနေ ပေါက်ဖွားလာတာလဲ။ တပ်မတော်လို့ ခေါ်တာနဲ့ စစ်တပ်လို့ခေါ်တာ ဘာကွာခြားလဲ။ Compromise လုပ်ဖို့ Dialogue လုပ်ဖို့ နေနေသာသာ ဒီမှာက စစ်တပ်နဲ့ တပ်မတော်ဆိုတဲ့ ဝေါဟာရ အပေါ်မှာတောင် စိတ်ခံစားမှု ပြင်းတဲ့သူတွေ ရှိပါတယ်။ အဲဒါကို အန်တီ့အနေနဲ့ အဓိက သာမညခွဲပြီး ရှင်းပြပေးစေချင်ပါတယ်။

DASSK  : တကယ်တော့ အခေါ်အဝေါ်ဆိုတာ အခြေခံပြဿနာ ရှိလို့ အခေါ်အဝေါ်ဆိုတာ အရေးကြီးလာတာ၊ ပြဿနာ ဖြစ်နေတာ။ တခြားနိုင်ငံတွေ၊ ဒီလိုပြဿနာ မရှိတဲ့ နိုင်ငံတွေမှာဆိုရင် Military Forces လို့လည်း ခေါ်မယ်။ The Military လို့ ခေါ်ရင်ခေါ်မယ်။ အန်တီတို့ ငယ်ငယ်ကဆိုရင် စစ်သားလို့ ခေါ်တာပဲ။ ရဲဘော်လို့လည်း ခေါ်ရင်ခေါ်တယ်။ ဒါပေမဲ့ အဲဒီအချိန်က ပြဿနာ မရှိပါဘူး။ စစ်တပ်လို့ခေါ်ခေါ်၊ တပ်မတော်လို့ခေါ်ခေါ် ဒီလိုပဋိပက္ခတွေ မရှိတော့ အခေါ်အဝေါ်တွေက ပြဿနာ မရှိဘူး။ အခေါ်အဝေါ်ကြောင့် ပြဿနာဖြစ်တာ မဟုတ်ဘူး။ ပြဿနာကြောင့် အခေါ်အဝေါ် သတိထားရမယ့် အခြေအနေ ဖြစ်လာတာ။

The Voice : အရေးကြီးတဲ့ နှစ်ခုလောက် ထပ်မေးပါရစေ။ Sanction ကိစ္စပါ။ Sanction က ပြည်သူလူထု ထိခိုက်စေတယ်။ မထိခိုက်စေဘူး။ မထိရောက်ဘူး။ အကျိုးမရှိဘူး။ ပြည်သူလူထုပဲ နစ်နာတယ် ဆိုတာမျိုး ပြောနေတာ ရှိပါတယ်။ Sanction ကိစ္စကို ဘယ်လိုများ စဉ်းစားထားတာ ရှိပါသလဲ။

DASSK  : Sanction ကိစ္စကို ခုနပြောသလို အမျိုးမျိုးပဲ ပြောနေကြတာပေါ့။ ဒီကိစ္စကို ပြန်သုံးသပ်မယ်လို့ ပြောတာ ဘာလဲဆိုတော့ Sanction ရဲ့ ရည်ရွယ်ချက်က နိုင်ငံရေး ရည်ရွယ်ချက်ပဲ။ ဒါပေမဲ့ အခုပြောနေတာက စီးပွားရေးအကျိုးကို အဓိကထားပြီး ပြောနေကြတာပေါ့။ အခု ဒီ Sanction ကြောင့် စီးပွားရေး ထိခိုက်၊ ပြည်သူလူထု ထိခိုက်တယ်လို့ ပြောနေကြတာပေါ့။ တချို့ကဆို စီးပွားရေးတင်မကဘူး။ လူမှုရေးပါ ထိခိုက်တယ်လို့ ပြောကြတယ်။ လူသားချင်း စာနာတဲ့ ကိစ္စတွေကို ထိခိုက်တယ်လို့ ပြောကြတယ်။ အဲဒီတော့ အဲဒါတွေကို သုံးသပ်ဖို့ လိုတယ်။ နိုင်ငံရေးအကျိုးက ဘာရှိလဲ။ ရှိသလား၊ မရှိဘူးလား။ စီးပွားရေးကကော ဘာရှိလဲ။ လူမှုရေး၊ လူသားချင်းစာနာရေး ကိစ္စတွေမှာကော ဘယ်လိုထိရောက်မှု ရှိသလဲ ဆိုတာတွေကို အန်တီတို့က သေသေချာချာ သုံးသပ်ချင်တယ်။ အန်တီ့ အမြင်မှာတော့ လူသားချင်း စာနာရေးကိစ္စတွေမှာ Sanction နဲ့ ဘာမှမဆိုင်ပါဘူး။ ဒါက အပြစ်ရှာချင်လို့ ပြောနေတာပါ။ ဒါနဲ့ လုံးဝမဆိုင်ဘူးလို့ ပြောနေတာပါ။ ဒါနဲ့ လုံးဝမဆိုင်ဘူးလို့ ပြောထားပြီးသား။ လူသားချင်းစာနာတဲ့အတွက် ပေးတဲ့ရန်ပုံငွေလို အကူအညီကို လုံးဝမကန့်ကွက်ဘူးလို့ ပြောထားပြီးသား။ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုး ပြောကြတာပေါ့။ အထည်ချုပ်ကိစ္စ အများဆုံး ပြောတယ်။ အထည်ချုပ်ပိတ်လို့ လုပ်သား ၈၀,၀၀၀ လောက် နစ်နာတယ်လို့ အများဆုံး ပြောတယ်။ အခုကျတော့ စီးပွားရေး ထူထူထောင်ထောင် ဖြစ်လာလို့ တခြားဈေးကွက်ရလာလို့ ပြန်ကောင်းလာတယ်လို့ ပြောတယ်။ ဒါတွေက ရှေ့နဲ့နောက်မညီတဲ့ စကားတွေပေါ့။ Sanction က ဘာမှထိရောက်တာ မဟုတ်ဘူး၊ ဖယ်လိုက်ဆိုရင် ဘာမှမထိခိုက်ရင် ဘာကြောင့် ဖယ်ခိုင်းနေရသေးလဲ။ အရေးမကြီးဘူးပေါ့။ ဒါကြောင့် အန်တီတို့ ဒါကို သေသေချာချာ လေ့လာချင်တယ်။ IMF တို့ ADB တို့ သုံးသပ်ချက်က စီးပွားရေးပိတ်ဆို့မှုက ထိရောက်မှုမရှိဘူး ဆိုပြီး သုံးသပ်ထားတယ်။ ဒါပေမဲ့ ခံစားချက်နဲ့တင် မဖြစ်ဘူး။ ဒါကြောင့် အစကတည်းက ပြောခဲ့တာ။ ပြည်သူလူထုက ခိုင်လုံတဲ့ အထောက်အထားနဲ့ ထိခိုက်ပါတယ်လို့ ပြောနိုင်ရင် ဖယ်ရှားပေးမယ်ပေါ့။ ခံစားမှုနဲ့တော့ မရဘူးပေါ့။ နောက်တစ်ခုက နိုင်ငံရေးပေါ့။ နိုင်ငံရေး အတွက်တော့ ဘာရှိလဲပေါ့။ ဒါတွေကို ပြန်သုံးသပ်ပြီး အန်တီ တို့အနေနဲ့ Sanction ကို ထောက်ခံမလား၊ မထောက်ခံဘူးလား။ ပြောင်းစေချင်သလား၊ ဆက်ထားချင်သလား ဆိုတာ ကိုယ့်အမြင်တော့ ပြောပိုင်ခွင့် ရှိပါတယ်။

The Voice : နေအိမ်မှာ အကျယ်ချုပ်နဲ့ နေခဲ့တဲ့ ကာလက ၁၅ နှစ်ကျော် ရှိနေတဲ့အတွက် ဒီအတောအတွင်း မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး အန်တီ့အနေနဲ့ အကန့်အသတ်နဲ့ပဲ သတင်းအချက်အလက် ရမယ်လို့ ထင်ပါတယ်။ အဲဒီတော့ မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေကို မှန်မှန်ကန်ကန် သုံးဖို့ဆိုရင် Sanction တွေ အားလုံးနဲ့ တွေ့ဖို့၊ အားလုံးစကားကို စုံညီအောင် နားထောင်ဖို့ လိုတယ်လို့ တချို့က ပြောနေကြပါတယ်။ အန်တီ့အနေနဲ့ရော ဘယ်သူတွေနဲ့ ဘယ်လောက်များများ တွေ့ပြီးပြီလဲ။ တွေ့ဖို့လိုတယ်လို့ ထင်ပါသလား။

DASSK  : နားထောင်နိုင်သလောက် အားလုံးကို နားထောင်ဖို့ ရှိပါတယ်။ ကျွန်မတို့ အဖွဲ့ထဲကတော့ လာလာပြောနေတော့ ကုန်သလောက် ရှိနေပြီ။ ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ခဲ့ပြီးပါပြီ။ သူတို့နဲ့ဆိုရင် အမြင်မတူတာပေါ့။ အမြင်မတူတာလည်း နားထောင်ပြီးပါပြီ။ တူညီတဲ့ ကိစ္စတွေ အပေါ်မှာ ပူးပေါင်းဖို့ အန်တီတို့ ကြိုးစားတယ်။ တစ်သီးပုဂ္ဂလ ၂၀ လောက်နဲ့ တွေ့ပြီးပြီ။ NGO တွေနဲ့လည်း တွေ့ပြီးပြီ။ တစ်လအတွင်းမှာ တွေ့နိုင်တဲ့သူ မှန်သမျှ တွေ့ပြီးပါပြီ။ စာတွေဘာတွေနဲ့ လာတာလည်း အများကြီးပဲ။ အသံလွှင့် မီဒီယာတွေကနေ မေးတာတွေလည်း ရှိပါတယ်။ အဲဒီတော့ နောက်ဆုံးကျတော့ ပထမမေးခွန်းကို ပြန်ရောက်တာပေါ့။ နားထောင်တတ်ရမယ်။ နားထောင်တတ်ဖို့ ဆိုတာ အလေ့အကျင့် လိုတာပေါ့။ အလေ့အကျင့်လုပ်မှ ဒီဟာမှာ ကျွမ်းကျင်လာမှာ။ နားထောင်ရင်းနဲ့ နားထောင်တတ်လာတာ။

အန်တီတို့အနေနဲ့ အမြဲပဲ ဖိတ်ခေါ်တယ်။ အန်တီကတော့ သဘောမတူရင် မတူဘူး ပြောတာပဲ။ ယဉ်ကျေးသမှုအားဖြင့် သဘောမတူဘဲ တူတယ်လို့ မပြောဘူး။ ဘာဖြစ်လို့ မတူဘူး ဆိုတာတော့ အန်တီ အမြဲရှင်းပြတယ်။ တခြားသူတွေကိုလည်း အဲလိုပဲ လုပ်စေချင်တယ်။ မတူရင် မတူတဲ့ အကြောင်းကို ရှင်းပြ၊ အဲဒီရှင်းပြတာကနေ လက်ခံနိုင်စရာ ပေါ်လာရင် ပေါ်လာမယ်။

ဆက်စပ်အင်တာဗျူး >>> ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း (၂)

(၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့သော အင်တာဗျူးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။) အယ်ဒီတာ


The Voice


No comments:

Post a Comment