Latest News

Tuesday, February 7, 2017

ကျွန်မအကြောင်း စပ်စပ်စုစု ဝေဖန်တတ်သူများ ဖတ်ဖို့ စာ

ကျွန်မအကြောင်း စပ်စပ်စုစု ဝေဖန်တတ်သူများ ဖတ်ဖို့ စာ


ကျွန်မကအသက် ၂၇နှစ်ရှိပြီဖြစ်တဲ့ ရှင်တို့အခေါ်အပျိုကြီးတစ်ယောက်ပါ။ အစားတွေစားချင်သလောက်စား၊ နေတတ်သလိုနေတာကြောင့် ဇီဇာကြောင်တယ်လို့ ရှင်တို့သတ်မှတ်ထားတဲ့ ခပ်ကြောင်ကြောင် ကောင်မလေးတစ်ယောက်ပါ။ ငယ်ငယ်တုန်းကသူငယ်ချင်းတွေ ဖေ့စ်ဘုတ်မှာတင်တဲ့ မိသားစုဓာတ်ပုံတွေကို ကြည့်ပြီး ကျွန်မတစ်စက်ကလေးမှ စိတ်အနှောင့်အယှက်မဖြစ်ဘူးလို့ပြောရင် ရှင်တို့က ကျွန်မညာနေတယ်လို့ပဲ ထင်တတ်ကြတယ်။

တစ်ချို့ လက်ထပ်ပြီးသားလူတွေ၊ ချစ်သူရှိပြီးသားလူတွေနဲ့ စကားပြောတိုင်း ကျွန်မကို သနားစရာသတ္တဝါတစ်ကောင်လိုကြည့်ကြတာကသာ ကျွန်မကိုစိတ်ပျက်စေတယ်လေ။  ကျွန်မက အိမ်ထောင်ကျပြီးသားသူတွေရဲ့ သာယာပျော်ရွှင်တဲ့ဘဝတွေကို မုဒိတာပွားပေးနိုင်ပေမဲ့ ကျွန်မအပျိုကြီးဖြစ်နေတာကိုတော့ မေးငေါ့ကြတာကိုတော့ နားမလည်နိုင်တော့ဘူး။ ကျွန်မအိပ်ခန်းထဲကို တစ်ယောက်တည်း မင်းမူပြီး လွတ်လွတ်လပ်လပ်နေရတဲ့ ဘဝကို ကျွန်မနှစ်သက်တာဟာ ရာဇဝတ်မှုကျူးလွန်တာလား။ ကျွန်မရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့သူရှာမတွေ့သေးလို့၊ ကျွန်မကို ကျွန်မနဲ့ထိုက်သင့်တဲ့ တန်ဖိုးထားမြတ်နိုးမှုတွေနဲ့ ချစ်သူမျိုးကိုပဲ အလိုရှိနေတာ ကျွန်မလောဘသိပ်ကြီးနေလား။ ကျွန်မကို ချေးများတယ်လို့ရှင်တို့ပြောကြတယ်။ ရှင်တို့အပြောအဆိုကလွတ်အောင် ကျွန်မတန်ဖိုးထားလာတဲ့ စိတ်ကူးတွေကို လွင့်ပစ်ပြီးတွေ့ကရာတစ်ယောက်ယောက်ကို ကောက်ယူစေချင်တာလား။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“တံခွန်မရှိတဲ့ ဘုရား၊ အလံမရှိတဲ့ ရထား၊ လင်မရှိတဲ့မယား” က မတင့်တယ်ဘူးလို့ ရှင်တို့ ကျွန်မကို ပြောချင်ကြတယ်။ အရာရာကို ခေတ်နဲ့လိုက်တိုင်းတဲ့ ရှင်တို့တွေဟာ ဒီနေရာမှာကြတော့ သိပ်ကိုရှေးရိုးဆန်နေပြန်တယ်။ ကျွန်မကိုတန်ဖိုးထားမြတ်နိုးတဲ့သူ၊ ကျွန်မအခွင့်အရေးတွေကို လေးစားလိုက်နာတဲ့တတ်သူ၊ ကြင်နာတတ်တဲ့ နှလုံးသားတစ်စုံနဲ့ အမြင်တွေမှန်တဲ့ မျက်လုံးတစ်စုံကိုပဲ ကျွန်မအလိုရှိတယ်လေ။ ဒါတွေကို ရှင်တို့ကိုနားလည်အောင်ပြောပြလို့မရပါဘူးလေ။ ရှင်တို့က ဘဝလက်တွဲဖော်ဆိုတာ လွယ်လွယ်ကူကူရတဲ့အရာလို့ပဲ ထင်နေကြတာကိုး။ ဒါကြောင့်လည်း ပတ်ဝန်းကျင်မှာရှိတဲ့ လူပျိုကြီး၊ အပျိုကြီးတွေကို ဟာသကြီးလိုလိုက်စနေတော့တာပေါ့။ ကျွန်မလက်ထပ်ချင်တဲ့အခါ လက်ထပ်နိုင်ပြီး လက်မထပ်ချင်သေးသရွေ့ အိမ်မှာမင်းမူလို့ရနေတယ်ဆိုတာကိုတော့ ရှင်တို့သိမယ်မထင်ပါဘူးလေ။

“ အပျိုကြီး အထီးကျန်မယ်နော်” တဲ့။ လူကိုတွေ့တိုင်းပြောတဲ့ စကား။ ကျွန်မမှာ ကျွန်မကိုချစ်တဲ့ မိသားစုနဲ့ သူငယ်ချင်းတွေရှိတယ်။ ကျွန်မရဲ့ အနွံတာကိုခံတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိတယ်။ ကျွန်မပျင်းတဲ့အခါ စကားစမြည်ပြောဖို့ အိမ်နီးချင်းတွေရှိတယ်။ ဒါနဲ့များ ကျွန်မက အထီးကျန်တယ်တဲ့လား။ ချစ်သူဆိုတာ ဘဝကိုပိုမိုနေပျော်စေတယ်ဆိုတာကို ကျွန်မလက်ခံပေမဲ့ ချစ်သူတစ်ယောက်တည်းက ကမ္ဘာကြီးတစ်ခုလုံးမဟုတ်ဘူးဆိုတာကိုလည်း လက်ခံထားတာပါပဲ။ အချစ်ကြောင့်တစ်ခါတရံမျက်ရည်ကျတတ်ပေမဲ့ မိဘဆိုတာ မျက်ရည်တွေကိုအမြဲသုတ်ပေးတတ်တယ်ဆိုတာ ရှင်တို့သိများသိပါလေစ။ အထီးကျန်မှာကြောက်ပြီး ယောက်ျားတစ်ယောက်ကို လွယ်လွယ်ချစ်မှာမဟုတ်ဘူးဆိုတာကိုတော့ ရှင်တို့ကိုမရှင်းပြတော့ပါဘူး။


ရှင်တို့က ချစ်သူတွေ၊ အိမ်ထောင်ဖက်တွေနဲ့ ပျော်ရွှင်နေသလို ကျွန်မလည်း ကျွန်မမိသားစု၊မိတ်ဆွေအသိုင်းအဝိုင်းတွေကြောင့်ပျော်ရွှင်နေတယ်။ ကျွန်မနှစ်သက်တဲ့အလုပ်တွေကို လုပ်ပြီးကျွန်မစိတ်ကြိုက်ဘဝကို ကိုယ်တိုင်ပုံဖော်တယ်။ ကျွန်မကိုယ်ကျွန်မ အလှပဆုံးဖြစ်အောင် ပြင်ဆင်တယ်။ စိတ်ဓာတ်ကိုအကောင်းဆုံးဖြစ်အောင် ပြုပြင်တယ်။ ကျွန်မကို ကျွန်မလောက်ချစ်မယ့်သူတစ်ယောက်မတွေ့ခင်အထိ ကျွန်မတစ်ကိုယ်တည်း အပျိုကြီးဖြစ်နေဦးမှာပါပဲ။ ဒါကိုပဲ ရှင်တို့အတွက် မျက်စိစပါးမွှေးစူးစရာဖြစ်နေလဲ ကျွန်မကတော့ ဂရုစိုက်နေမှာမဟုတ်ပါဘူး။ ခေတ်မီမီပြောရရင်တော့ ကိုယ့်အထာနဲ့ကိုယ်နေနေတာ မကျေနပ်တော့လည်း ကျွန်မကတော့ နိုးလို့ပဲဖြေပါရစေ။

ဝေဖန်လွန်းသူများအားလုံး ဖတ်နိုင်စေဖို့

Gandawin

No comments:

Post a Comment