လူညံ့တွေက လက်ခုပ်တီးလာတဲ့အခါ
(တစ်)
အညာဘက်က တက္ကသိုလ် ကျောင်းတစ်ကျောင်းမှာ ဟောပြောပွဲကလေးတစ်ပွဲ သွားဟောခဲ့ဖူးပါသဗျ။ မရင်းနှီးလှပေမယ့် သိကျွမ်းရတဲ့ စာရေးသူတစ်ဦးနဲ့ပါ။ သူ့ကို စာရေးသူလို့ ခေါ်လိုက်ရတာက ဝတ္ထုလိုမျိုး၊ ကဗျာလိုမျိုးဖန်တီးမှုစာပေအမျိုးအစားမျိုးကို ဖြစ်ဖြစ်မြောက်မြောက်ရေး သားဖူးသူမဟုတ်ဘဲ အခြားသော စာပေ (Literature) မဟုတ်တဲ့အတွက် စာတွေကို ရေးသားနေသူဖြစ်တာကြောင့် စာရေးသူလို့ ခေါ်လိုက်ရခြင်းဖြစ်ပါတယ်။
အဲသည့်နေ့က စင်အောက် မှာ ထိုင်နေကြတာက တက္ကသိုလ် က ဆရာ၊ ဆရာမတွေနဲ့ ကျောင်း သူ၊ ကျောင်းသားတွေပါ။ ကျွန် တော့် ပုဂ္ဂိုလ်ဟောလိုက်တိုင်း၊ ပြောလိုက်တိုင်းမှာ လက်ခုပ်သံ တွေ တဖြောင်းဖြောင်းပေါ့။
ပုဂ္ဂိုလ်က မြန်မာစကားပုံ တွေ၊ ဆိုရိုးစကားတွေရဲ့ အဓိပ္ပာယ်နဲ့ အနှစ်သာရကို မှန်မှန်ကန်ကန် သဘောပေါက် နားလည်သင့် ကြောင်း ဆွေးနွေးပါတယ်။ သူပုံ ဆောင်လိုက်တဲ့ စကားပုံတစ်ခုက ‘ဖွတ်မရ ဓားမဆုံး’ပါ။
သူက ဖွတ်ကို လိုချင်လို့ ဓားမနဲ့ လှမ်းပစ်လိုက်တဲ့အခါ ဖွတ်သတ္တဝါကြီးကို မရရုံသာမက ဓားပါ ဆုံးသွားရတယ်ဆိုတဲ့ အဓိပ္ပာယ်ကောက်ယူပုံဟာ လွဲ နေတယ်လို့ ဆိုပါတယ်။
အမှန်က ‘ဖွတ်’ဆိုတာ ‘ဖော ဋ္ဌဗ္ဗာရုံ’ဆိုတဲ့ အထိအတွေ့အာရုံ ကို ပြောတာပါတဲ့ခင်ဗျ။ ‘ဓားမ’ ဆိုတာက ‘ဓမ္မ’ကို ရည်ညွှန်းတာ ဆိုလား။ ဒါကြောင့် အထိအတွေ့ အာရုံတွေနဲ့ပတ်သက်လို့ သတိ တရားမရနိုင်တဲ့သူတွေဟာ တရားဓမ္မကို ဆုံးရှုံးသွားတယ်လို့ အဓိပ္ပာယ်ကောက်ယူရမှာဖြစ် ကြောင်း သူက အာပေါင်အာရင်း သန်သန်နဲ့ကို ပြောနေတော့တာပါ။
လက်ခုပ်တွေများ တီးလိုက် ကြတာ။ ဩဘာသံတွေကလည်း စီစီညံညံနဲ့။ ကျွန်တော်က ပြော နေတဲ့သူကို မအံ့ဩပါဘူး။ လက် ခုပ်တီးနေတဲ့လူတွေကို အံ့ဩတာ ပါ။ တက္ကသိုလ်ကျောင်းကလူတွေ က အဲသည့် လက်ခုပ်ကို တီးနေခဲ့ ကြတာ မဟုတ်လား။
(နှစ်)
ပရိသတ်ညံ့လာတဲ့အခါ အပေါစားလက်ခုပ်သံတွေက ဆူ ညံလာစမြဲပါ။
စာရေးသူတစ်ယောက်က ပညာရေးလောကရဲ့ အားနည်းမှု ကို ထေ့ငေါ့ပြောဆိုပါတယ်။ သားကလေးက စာစီစာကုံးကျက်နေ တဲ့အကြောင်း၊ စာစီစာကုံးခေါင်း စဉ်က ကျွန်တော်၏ အကြောင်း ဖြစ်ပါကြောင်း၊ သားကလေးက ကျွန်တော်၏ ဖခင်မှာ ဦးမောင် မောင်ဖြစ်ပါသည်ဟု ကျက်နေ ကြောင်း၊ ဖခင်က မိမိနာမည် သည် ဦးမောင်မောင်မဟုတ်၍ နာမည်အမှန်အတိုင်း ပြောင်းဆို ရန် ကလေးကို လမ်းညွှန်ကြောင်း၊ ကလေးက သားတို့အတန်းထဲက ကျောင်းသူ၊ ကျောင်းသားတိုင်း၏ ဖခင်မှာ အားလုံး ဦးမောင်မောင် များသာဖြစ်ပါကြောင်း စသည် ဖြင့် ပြန်ဖြေကြောင်းဆိုပြီး သူက ထေ့ငေါ့ပြောဆိုလိုက်တဲ့အခါ ပရိ သတ်က အုန်းအုန်းကျွက်ကျွက် ပါ။
တကယ်က အဲသည့် ဟာသ ဟာ ကာတွန်းအော်ပီကျယ်ပြော လေ့ရှိတဲ့ ဟာသပါ။ တစ်ခုပါပဲ။ ကိုအော်ပီကျယ်က ကျွန်တော်၏ ဖခင်မှာ ဦးဘဖြစ်ပါသည်လို့ လုပ် ထားဖူးတာကို အဲသည့်ပုဂ္ဂိုလ်က သူ့ဟာလိုလို ဘာလိုလိုနဲ့ ဦးမောင် မောင်လို့ နာမည်ပြောင်းပြီး လုပ် စားတာပါ။ နားဝေးသူ (ဒါမှ မဟုတ်) နားစိမ်းသူ (ဒါမှမဟုတ်) နားဆင်ခြေဖုံးရောက်နေသူတွေ က အဲသည့်ဆရာရဲ့ အစွမ်းအစ တွေထင်ပြီး ဩဘာပေးနေခဲ့ကြ တာပါ။
တစ်ခါမှာတော့ စာပေနယ် ကမဟုတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် စင်ပေါ်ရောက်လာခဲ့ပြန်ပါတယ်။ သူက တစ်နေရာမှာ ပညာရှင်နဲ့ ဘုရင်ကွာခြားပုံကို ထည့်ပြောပါ တယ်။ ဘုရင်က ဆိုကရေးတီးကို အမှားကို ဝန်ခံခိုင်းကြောင်း၊ ဒါပေမဲ့ ဆိုကရေးတီးက ဝန်မခံဘဲ အ ဆိပ်ခွက်ကို သောက်သုံးကာ ကွယ်လွန်အနိစ္စရောက်သွားခဲ့ကြောင်း တွေပြီးတဲ့အခါမှာတော့ ပညာရှင် ဟာ ဘုရင်ရှေ့မှောက်မှာ ဘယ် တော့မှ ဒူးမထောက်တဲ့အကြောင်းတွေထည့်ကာ ရဲရဲတောက်ဟစ် ကြွေးလိုက်တဲ့အခါ ထုံးစံအတိုင်း ဩဘာသံတွေက ကွင်းလုံးပြည့် ဆူညံသွားတော့တာပါ။
စာတတ်ပေတတ် ပရိသတ် တစ်ယောက် ကျွန်တော့်အနားကို ကပ်ကာ တိုးတိုးပြောပါတယ်။ ကိုယ့်လူတွေလည်း ကိုယ်ထိန်းပါ ဦးဗျာတဲ့။ ဆိုကရေးတီးကိုသတ် တာ အေသင်ဘုရင်ကသတ်တာ မဟုတ်ရပါဘူးဗျာတဲ့။ အေသင် ဒီမိုကရေစီပါတဲ့။ မဲခွဲပြီးဆုံးဖြတ် ကြတာပါတဲ့။ မဲကလည်း မကွာပါဘူးတဲ့။ ဆိုကရေးတီးက လျှောက် လဲချက်ထပ်မပေးတော့ဘဲ အ ဆိပ်သောက်သေဖို့ ဆုံးဖြတ်တာ ပါတဲ့။
ဘာမှ မတတ်နိုင်ပါဘူး။ ပရိသတ်အပေါင်းက လက်ခုပ် တဖြောင်းဖြောင်း တီးနေခဲ့ကြပြီပဲ ဥစ္စာ။
စာရေးသူတစ်ယောက်က များဆိုရင် ကြားဖူးနားဝရှိသမျှ၊ ဖတ်ထားမှတ်ထားမိသမျှတွေကို သူ့အတွေးလိုလိုနဲ့ ခပ်တည်တည် ကြီးကိုပဲ မင်နဲ့မောင်းနဲ့ပြောကာ ဆရာကြီးဂိုက်ဖမ်းလို့ နေခဲ့တာ ပါ။
အရင်လူတွေက မစားဘဲ စွန့်တယ်၊ အခု လူတွေက မစွန့်ဘဲ စားတယ်လို့ ပြောချလိုက်၊ အုန်းခနဲတွေပေါ့။
(သုံး)
တကယ့်စာပေ အနုပညာ ရှင်တွေရဲ့ကြားမှာ ကြွက်ချေးလို လူတွေဟာ ပရိသတ်အားနည်း တာကို နင်းပြီး အမှားတွေနဲ့ မြှူ ဆွယ်နေခဲ့ကြတော့တာပါ။ အ လင်းရောင်နည်းနည်းကို အမှောင် တွေကဲပြီး ပေးကြတာမျိုးပါ။ လက်ခုပ်တီးသူတွေကလည်း တီး နေခဲ့ကြပေတာကိုး။ ။
Sources : မောင်သာချို ( 7Day News Journal )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment