Latest News

Wednesday, February 22, 2017

သွားခြောက်ချောင်းကျိုးအောင် ညှဉ်းပန်းနှိပ်စက်ခံရတဲ့ အိမ်ဖော်အမှုစတင်စစ်ဆေး

သွားခြောက်ချောင်းကျိုးအောင် ညှဉ်းပန်းနှိပ်စက်ခံရတဲ့ အိမ်ဖော်အမှုစတင်စစ်ဆေး


မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာထဲက တိုက်ခန်းတစ်ခုမှာ အိမ်ရှင်အမျိုးသမီးရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် အပေါ်သွားလေးချောင်းနဲ့ အောက်သွားနှစ်ချောင်းကျိုးခဲ့တယ်ဆိုတဲ့  အသက် ၁၂ နှစ်အရွယ် အိမ်အကူမိန်းကလေးကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မရမ်းကုန်းမြို့နယ်တရားရုံးမှာ စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အိမ်အကူမိန်းကလေးက ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြို့မအရှေ့ရပ်ကွက်တွင်မှာ နေထိုင်သူဖြစ်ပြီး အိမ်နီးချင်းဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် မနှင်းဝေကျော်နဲ့ အတူ ရွှေကမ္ဘာအိမ်ရာမှာရှိတဲ့ အငြိမ်းစားဒုဗိုလ်မှူးကြီးတစ်ဦးရဲ့ နေအိမ်မှာ တစ်လကျပ်ငါးသောင်းနဲ့ အိမ်အကူအလုပ်ကို ၂၀၁၅ ခုနှစ်အောက်တိုဘာလက စတင်ဝင်ရောက်လုပ်ကိုင်ပြီး ၂ နှစ်ခွဲ စာလုပ်အားခ ကြိုတင်လစာငွေကျပ်၁၅ သိန်းကိုယူခဲ့တယ်လို့ တရားရုံးမှာထွက်ဆိုခဲ့ပါတယ်။

အိမ်အကူမိန်းကလေး အလုပ်စ၀င်တဲ့အချိန်မှာ ဆူပူရိုက်နှက်တာမခံခဲ့ရပေမယ့် နောက်ပိုင်းမှာ အမှားအယွင်းလုပ်မိရင် အိမ်ရှင် ဒေါ်ခင်နန်းတင့်က ဆဲဆိုပြီး ပါးကိုဖိနပ်နဲ့ရိုက်တာတွေ၊ ခြေသလုံးနဲ့ လက်ဖဝါးတို့ကို တုတ်နဲ့ ရိုက်နှက်တာတွေနဲ့ ဒယ်အိုးနဲ့ထုရိုက်တာတွေလုပ်ခဲ့တဲ့အပြင် ရေချိုးခန်းထဲမှာ ပိတ်လှောင်ပြီး အိမ်အကူဖြစ်သူမနှင်းဝေကျော်ကို ဒေါ်ခင်နန်းတင့်က ငရုတ်ကျည်ပွေ့ပေးပြီး သွားတွေကိုရိုက်ချိုးဖို့ ဖိအားပေးစေခိုင်းခဲ့တယ်လို့ သိရပါတယ်။

“အလုပ်အတူလုပ်တဲ့အစ်မက မလုပ်ရက်ဘူး၊ ဒေါ်ခင်နန်းတင့်က အစ်မရဲ့လက်ကိုအတင်းတွန်းပြီး သမီးရဲ့သွားတွေကိုချိုးခိုင်းတာ၊ အစ်မနှင်းဝေကျော်မှာ အပြစ်မရှိပါဘူး၊အိမ်ရှင်က အတင်းခိုင်းလို့သူလည်းကြောက်ပြီး လုပ်မိတာပါ၊ သမီးတို့နှစ်ယောက်က ညီအစ်မတွေလိုချစ်ချစ်ခင်ခင်နေကြတယ်၊ ဒေါ်ခင်နန်းတင့်အိမ်မှာ အလုပ်လုပ်တုန်းက သမီးကြောင့်သူ့အိမ်က ပစ္စည်းတွေပျောက်တာ ပျက်စီးတာမျိုး တစ်ခါမှမရှိခဲ့ပါဘူး”လို့ နှိပ်စက်ခံခဲ့ရတဲ့ အိမ်အကူမိန်းကလေးငယ်က ပြောပါတယ်။

အိမ်ရှင်ဒေါ်ခင်နန်းတင့်ရဲ့ ဖိအားပေးစေခိုင်းမှုကြောင့်သွားတွေ ရိုက်ချိုးခဲ့ရတယ်ဆိုတဲ့ အိမ်အကူ မနှင်းဝေကျော်ကို မရမ်းကုန်းမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီး ပုဒ်မ၃၂၅ နဲ့ တရားစွဲဆိုထားပြီး ဒေါ်ခင်နန်းတင့်ကို ရာဇသတ်ကြီး ပုဒ်မ ၃၂၅/ ၃၄၂/ ၁၁၄ နဲ့ တရားစွဲဆိုထားတယ်လို့ မရမ်းကုန်းမြို့နယ်တရားရုံးကနေ သိရပါတယ်။

Source & Photo : The Voice : Duwun

No comments:

Post a Comment