Latest News

Sunday, February 12, 2017

ရန်ကုန်၌ အားကစားကွင်းသစ် ၁၂ ကွင်း ဆောက်မည်

ရန်ကုန်၌ အားကစားကွင်းသစ် ၁၂ ကွင်း ဆောက်မည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ရန်ကုန်မြို့တော်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ အားကစားကွင်း အသစ် ၁၂ ခု ဖော်ဆောင်ရန် လျာထားပြီး ပန်းခြံနှစ်ခုကို အဆင့်မြှင့်တင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနထံမှ သိရသည်။

အဆိုပါ အားကစားကွင်းအသစ်နှင့် ပန်းခြံများ အဆင့်မြှင့်တင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဘတ်ဂျက်အတွက် အဆိုပြု လျာထားငွေ ကျပ် ၁ ဒသမ ၆ ဘီလီယံ အဆိုပြု တောင်းခံထားကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

“လာမယ့်ဘတ်ဂျက်မှာ စည်ပင်နယ်နိမိတ် မြို့နယ်က မြို့နယ်တွေမှာ အားကစားကွင်း အသစ် ၁၂ ခုကို အသစ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ပြုလုပ်ဖို့ အစီအစဉ်ကိုတော့ ခုလာမယ့် တိုင်းလွှတ်တော်မှာ တင်ပြသွားပါမယ်။ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ပန်းခြံနဲ့ ဗိုလ်တထောင် မြို့နယ်က ဆိပ်ကမ်းသာပန်းခြံကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ်  ၂ ဘီလီယံခန့် ဘတ်ဂျက်သုံးစွဲကာ ပန်းခြံ ၃ ခုနှင့် ဘောလုံးကွင်း ကိုးခုကို အဆင့်မြှင့်တင်ခဲ့ပြီး ယခုလက်ရှိတွင် ကြည့်မြင်တိုင်မြို့နယ် မြစ်ကမ်းနားဘေးရှိ အားကစားကွင်းနှင့် ပန်းခြံကို အများပြည်သူ အပန်းဖြေ အနားယူနိုင်ရန် ပြုပြင်မွမ်းမံမှုမှာ ယခုနှစ်အကုန်တွင် ပြီးစီးမည် ဖြစ်ကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

“မြို့နယ်တွေမှာ အခုဆို ဘောလုံးကန်ဖို့ကွင်းက အရမ်းနည်းပါတယ်။ အများပြည်သူ အပန်းဖြေ အနားယူဖို့အတွက် ပန်းခြံတွေကို အဆင့်မြှင့်တင်တာတွေနဲ့ လူငယ်တွေ ကစားဖို့ ဘောလုံးကွင်းသစ်တွေ ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ၊ အားကစားလုပ်ချင်တဲ့ လူငယ်တွေအတွက် အဆင်ပြေမှာပါ” ဟု ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တွင် နေထိုင်သူ ကိုမင်းမင်းက ဆိုသည်။

ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန အနေဖြင့် ၂၀၁၃-၂၀၁၄၊ ၂၀၁၄- ၂၀၁၅၊ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပန်းခြံပေါင်း ၂၃ ခုကို ပြန်လည်ပြင်ဆင်ကာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနထံမှ သိရသည်။

Sources : The Voice

No comments:

Post a Comment