Latest News

Thursday, February 9, 2017

အွန်လိုင်းပရဟိတသမား ကိုဝမ်း

အွန်လိုင်းပရဟိတသမား ကိုဝမ်း



ပရဟိတလုပ်ရန် ၀င်ငွေကောင်းပြီး နှစ် ၂၀ကျော် လုပ်ကိုင်လာသော အလုပ်ကို စွန့်လွှတ်ခဲ့သူတစ်ဦးရှိပါသည်။

‘‘ငွေ ၁၁သိန်းနဲ့ ကလေးတစ်ယောက်အသက်။ ငွေ ၁၁ သိန်းမတတ်နိုင်လို့ ကလေးတစ်ယောက် အသက်ဆုံးရှုံးရမလို ဖြစ်နေပါတယ်။ ကလေးနာမည်က မောင်အောင်ပြည့်စုံ။ အသက်က (၆)နှစ်ပါ။ နာမည်ကသာ အောင်ပြည့်စုံ၊ ကလေးဘ၀က ကျန်းမာရေး အောင်အောင်မြင်မြင်နဲ့ မပြည့်စုံရှာပါဘူး။ ကျောက်ကပ်မကောင်းတဲ့ရောဂါ ဖိစီးမှုကိုခံနေရရှာပါတယ်’’ ဟုအစချီကာ ကျောက်ကပ်ရောဂါကြောင့် မျက်နှာတစ်ခုလုံး ၀ါဖောင်းရောင်ကိုင်းနေသည့် အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ဓာတ်ပုံကို ဖော်ပြကာဆေးကုသစရိတ် အလှူခံသည့် စာသားအချို့ကို စိုင်းနေမျိုး မောင်မောင် ဖေ့စ်ဘွတ်ခ်အကောင့်က ဖော်ပြခဲ့သည်။

‘‘မန္တလေး ကလေးဆေးရုံဟောင်းမှာ ကုသနေရရှာပါတယ်။ ဒီလိုနဲ့ ဆေးရုံတက်လာတာကြာပြီး သားလေးရဲ့ဆီးထဲမှာ အသားဓာတ်တွေများသထက်များလာတယ်။ ပုံမှန်အသားဓာတ် 1g(ဂရမ်)ရှိရမှာ အခု 7g(ဂရမ်) တောင်ရှိနေပါတယ်။ ဒီအတိုင်း ဆက်ရှိနေရင် ကျောက်ကပ်လုံးဝပျက်စီးသွားမှာဖြစ်ပြီး ကလေးအသက်ကို ကယ်ဆယ်နိုင်မှာမဟုတ်တော့ပါဘူး။ အသားဓာတ်လျော့သွားဖို့ နောက်ဆုံးအသက်ကယ်ဆေးကတော့ Retuximab 500mg ဆိုတဲ့ ထိုးဆေးပါပဲ။ အဲဒီဆေးကလည်း စွမ်းသလောက်ဈေးနှုန်းကလည်း ကြောက်စရာငွေကျပ် ၁၁ သိန်းရှိပါတယ်။ ကလေးမိဘတွေကလည်း ကန့်ဘလူမြို့နယ် ကံကြီးကုန်းရွာက လက်ခစား တောင်သူတွေဆိုတော့မတတ်နိုင်ဘဲ သားအတွက် အပူမီးတောက်နေကြရရှာပါတယ်။ သားလေး မောင်အောင်ပြည့်စုံအသက်ကို ကယ်တင်နိုင်ဖို့အတွက် အလှူရှင်များစုပေါင်းကယ်တင်ပေးကြပါဦး။ One To Oneပြည်သူ့ကူညီရေးအဖွဲ့ မန္တလေးမြို့၊ ကိုဝမ်း ဖုန်း-၀၉ ၄၅၆၅၆၇၈၇၈ အဆိုပါဆေးကုသစရိတ်အလှူခံသည့် စာသားများကို စိုင်းနေမျိုးမောင်မောင် ဖေ့စ်ဘွတ်ခ်အကောင့်က ဇန်န၀ါရီ ၂၃ရက်စွဲဖြင့် ဖော်ပြခဲ့ပြီးနောက်တစ်နေ့တွင်မူ ‘‘သားလေးအောင်ပြည့်စုံ စုစုပေါင်းအလှူငွေသိန်းလေးဆယ်ကျော်ရလို့ ဆေးနှစ်လုံးသွင်းပြီးပါပြီ။ နောက်တစ်လုံးထပ်သွင်းဖို့လုပ်နေပါတယ်။ သားလေးကျန်း မာရေးအခြေအနေ ကောင်းပါတယ်။ အလှူရှင်အားလုံးကျေးဇူးပါခင်ဗျာ’’ ဟု စာသားအချို့ကိုထပ်မံဖော်ပြထားပြန်သည်။

တစ်ကိုယ်တော်အွန်လိုင်းပရဟိတသမားအဖြစ် လူသိများသည့် မန္တလေးမြို့ခံ ကိုဝမ်း(ခ)စိုင်းနေမျိုးမောင်မောင်က သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ဆင်းရဲနွမ်းပါးလူနာများ၊ ဆေးဝါးကုသစရိတ်မတတ်နိုင်၍ အသက်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသူများကို အွန်လိုင်းပရဟိတအဖြစ် ငွေကြေးများအလှူခံကာဆေးဝါးကုသစရိတ် ထောက်ပံ့ကူညီပေးသည်။ ကိုဝမ်းနှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံခင်မင်ခြင်းမရှိသူများကလည်း နာရီပိုင်းအတွင်းငွေကျပ်သိန်းဆယ်နှင့်ချီသောအလှူ ငွေများကို သူ့ထံသို့ ယုံယုံကြည်ကြည်ပေးပို့ လှူဒါန်းကြသည်။

အထက်ပါအကြောင်းအရာမှာ ပြီးခဲ့သည့်ဇန်န၀ါရီလကုန်က ကိုဝမ်းကအလှူခံပေးပြီး အများကူညီလှူဒါန်းမှုဖြင့် အသက်အန္တရာယ်ကြုံနေရသော ကလေးတစ်ဦးကိုကောင်းမွန်စွာဆေးဝါးကုသပေးနိုင်ခဲ့သည့်အဖြစ်အပျက်တစ် ခုဖြစ်သည်။

‘‘ကျွန်တော့်ကိုလှူတဲ့ အလှူရှင်တွေက ကျွန်တော်နဲ့မသိတဲ့သူတွေများတယ်။ တချို့နိုင်ငံခြားကနေ လှမ်းလှူပေးကြတယ်။ သူတို့ကို ဖြတ်ပိုင်းတွေဘာတွေပြန်ပေးတာမရှိဘူး။ ဒါပေမဲ့ သူတို့ပေးလှူလိုက်တာကို လိုအပ်တဲ့လူနာဆီချက်ချင်းပြန်လှူပေးလိုက်တယ်။ အဲဒီလိုနဲ့ အလှူရှင်တွေရဲ့ ယုံကြည်မှုရထားတယ်’’ဟု ကိုဝမ်းက သူ၏ အွန်လိုင်းပရဟိတလုပ်ငန်းအကြောင်းပြောသည်။

အသားလတ်လတ်၀၀ဖိုင့်ဖိုင့်နှင့် ရှမ်း-ဗမာလူမျိုးဖြစ်သည့် ကိုဝမ်းမှာ ပရဟိတအလုပ်များကို ၂၀၁၁တွင် စတင်လုပ်ကိုင်ဖြစ်ခဲ့သည်။ ယခင်က ဆေးကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး ပရဟိတအလုပ်အတွက် နှစ်၂၀ ကျော်ကြာ လုပ်ကိုင်ခဲ့သည့် ဆေးကုမ္ပဏီဝန်ထမ်းဘ၀ကိုလည်း စွန့်လွှတ်ခဲ့သည်ဟု အသက်(၄၀)ကျော်အရွယ် လူပျိုကြီးကိုဝမ်းက ပရဟိတသမားဖြစ်လာသည့် သူ၏ဘ၀အကြောင်းကို ပြန်လည်ပြောပြသည်။

ဗမာလူမျိုးဖြစ်သည့် ကိုဝမ်းက ၂၀၁၁ တွင် ပရဟိတအလုပ်များ စတင်လုပ်ကိုင်ဖြစ်ခဲ့သည်ဟု ပြောသည်။ ကမ္ဘာကျော်ဟောင်ကောင်မင်းသား ဂျက်လီ၏ ပရဟိတလုပ်ဆောင်ပုံနှင့် စာရေးဆရာ မောင်သာချိုတို့၏ One More လူမှုကူညီရေးအစီအစဉ်တို့က သူ၏ပရဟိတပိုးများကိုနှိုးဆွခဲ့သည်။ ဂျက်လီနှင့်ဆရာ မောင်သာချိုတို့ကို အားကျအတုယူကာ ၀ါသနာတူမိတ်ဆွေအချို့နှင့် စုပေါင်း၍ One Plus One လူမှုကူညီရေးအစီအစဉ်ကို ၂၀၁၁ တွင် စတင်လုပ်ကိုင်ခဲ့သည်ဟု ကိုဝမ်းကပြောသည်။ ရင်းနှီးသည့် မိတ်ဆွေသူငယ်ချင်းများ စုပေါင်းကာ တစ်လလျှင် ကျပ်တစ်ထောင်စုပြီး ရေဘေးနှင့် စစ်ဘေးရှောင်များအားကူညီခြင်းတို့ဖြင့် သူ၏ ပရဟိတအလုပ်ကိုစတင်ခဲ့သည်။

ထိုအချိန်ကစတင်ကာပရဟိတအလုပ်များ ဆက်တိုက်လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ တွင် One To One ပြည်သူ့ကူညီရေးအဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းကာ လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်း၌ တစ်ကိုယ်တော်အွန်လိုင်းပရဟိတသမားအဖြစ် လုပ်ကိုင်ခဲ့သည်။ ပိုမိုကျယ်ပြန့်ကာ အရှိန်ရလာသည့် ပရဟိတလုပ်ငန်းများအတွက် ၂၀၁၅ တွင်နှစ် ၂၀ ကျော်ကြာလုပ်ကိုင်ခဲ့သည် ဆေးကုမ္ပဏီဝန်ထမ်းဘ၀ကိုပါ စွန့်လွှတ်ခဲ့ကာ လက်ရှိအချိန်၌ပရ ဟိတအလုပ်များကို အားစိုက်လုပ်ကိုင်နေသည်ဟု အသက်(၄၀) ကျော်အရွယ် လူပျိုကြီးကိုဝမ်းက ပရဟိတသမားတစ်ဦး ဖြစ်လာသည့် သူ၏ဘ၀အကြောင်းကို ပြန်လည်ပြောပြသည်။

ကိုဝမ်းက အွန်လိုင်းဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် လစဉ်အလှူခံရသည့် ကျပ်သိန်း ၇၀ မှ ၁၀၀ကြား ငွေကြေးများကိုဆင်းရဲနွမ်းပါးလူနာများအား လှူဒါန်းပေးသည်။ ဆင်းရဲနွမ်းပါးလူနာများအား ဆေးဝါးကုသစရိတ်လှူဒါန်းပေးခြင်းအပြင် ဆင်းရဲနွမ်းပါးပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းနေရသည့် အသက်(၆၀)ကျော်အရွယ် သက်ကြီးရွယ်အိုအဘိုး၊ အဘွားများအား လစဉ်အလှူငွေလှူဒါန်းခြင်း၊ သွားလာရင်းတွေ့ဆုံရသည့် အဘိုး၊အဘွားများအား ပံ့သကူအလှူငွေလှူဒါန်းခြင်းများကို ကိုဝမ်းက တစ်ကိုယ်တော်လုပ်ကိုင်လျက်ရှိသည်။

မြန်မာပြည်အထက်ပိုင်းချင်းပြည်နယ်နှင့် အောက်ပြည်အောက်ရွာ ဧရာဝတီတိုင်းဒေသကြီးအထိ ဆေးဝါးကုသရန်ငွေကြေးအခက်အခဲရှိနေသည့် လူနာများက မန္တလေးမြို့နေ ကိုဝမ်းထံဆက်သွယ်အကူအညီတောင်းခံကြသည်။ အမှန်တကယ်အခက်အခဲတွေ့နေသည့် မည်သည့်လူနာမဆို ကိုဝမ်းကလည်း မညည်းမညူကူညီပေးသည်။

အဓိကအားဖြင့် သူ၏ စိုင်းနေမျိုးမောင်မောင်နှင့် ကိုဝမ်းအမည်ဖေ့စ်ဘွတ်ခ်အကောင့်များမှတစ်ဆင့် လူနာ၏အမည်၊ လူနာခံစားနေရသည့် ရောဂါဝေဒနာ၊ လူနာအားဆေးဝါးကုသနိုင်ရန် လိုအပ်သည့်ငွေကြေးစသည်တို့ကို ရေးသားကာ တတ်နိုင်သူများက ၀ိုင်းဝန်းလှူဒါန်းကူညီပေးကြရန် အလှူခံသည်။ မန္တလေးမြို့တွင်းမှ အလှူရှင်များ၏ လှူဒါန်းမှုများကို ကိုယ်တိုင်ကိုယ်ကျသွားရောက် လက်ခံရယူကာ တစ်ဆင့်ပြန် လည်လှူဒါန်းပေးသလို နယ်ဝေးမှ ပေးပို့လှူဒါန်းသည်များကို အကျိုးဆောင်ကူညီပေးသည်။

၂၀၁၁တွင် ကမ္ဘာကျော်ဟောင်ကောင်မင်းသားဂျက်လီ လုပ်ကိုင်ခဲ့သည့် လူတစ်ဦးလျှင်ငွေတစ်ယွမ်ဖြင့် စတင်ခဲ့သည့် ပရဟိတလုပ်ငန်း၊ ထို့နောက် မြန်မာနိုင်ငံတွင် စာရေးဆရာမောင်သာချို အပါအ၀င် စာပေပရဟိတသမား များစတင်လုပ်ကိုင်ခဲ့သည့် လစဉ်လူတစ်ဦးလျှင်ကျပ်တစ်ထောင်နှုန်းဖြင့် အလှူငွေများစုဆောင်းကာ လုပ်ကိုင်ခဲ့သည့် One More ပရဟိတလုပ်ငန်းတို့ကို အားကျအတုယူကာ ၂၀၁၁တွင် One Plus One အမည်ဖြင့် ၀ါသနာတူမိတ်ဆွေများစုပေါင်းကာ ပရဟိတအလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။ ၂၀၁၂ ဖေဖော်ဝါရီလဆန်းတွင် One To One ပြည်သူ့ကူညီရေးအဖွဲ့အမည်ဖြင့် ပရဟိတအဖွဲ့ဖွဲ့ကာ လစဉ်လူတစ်ဦးအလှူငွေတစ်ထောင်ကျပ်စုပေါင်းပြီး ရရှိလာသည့်ငွေကြေးဖြင့် ရေဘေးကူညီခြင်း၊ စစ်ဘေးရှောင်များအား အကူအညီပေးခြင်းစသည့် ပရဟိတလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

‘‘အဲဒီမှာစပြီး ဖေ့စ်ဘွတ်ခ်သုံးတယ်။ ၀မ်းတူဝမ်းဆိုတဲ့ အကောင့်ဖွင့်ပြီး One To One ပြည်သူ့ကူညီရေးအဖွဲ့က လုပ်နေတာလေးတွေ အများသိအောင် ဖေ့စ်ဘွတ်ခ်မှာတင်တယ်။ နောက်ပိုင်းတော့ ဒီအဖွဲ့နာမည်ကြောင့်ပဲ နာမည်ရင်း စိုင်းနေမျိုးမောင်မောင်ကနေ ကိုဝမ်းဆိုပြီး ဖြစ်လာတယ်။ ၀မ်တူဝမ်းကြောင့် ကိုဝမ်းဖြစ်လာတာ။ ကိုဝမ်းက အများခေါ်တဲ့ နာမည်ပါ’’ဟု ကိုစိုင်းနေမျိုးမောင်မောင်က ပြောသည်။

မိတ်ဆွေအချို့ဖြင့် စုပေါင်းကာ ပရဟိတအလုပ်ကို လုပ်ကိုင်နေရင်း ဆေးကုမ္ပဏီဝန်ထမ်းဖြစ်၍ ဆေးရုံ၊ ဆေးခန်းများကို ဆက်တိုက်သွားလာခဲ့သည်။ မြင်တွေ့ရသည့် ဆင်းရဲနွမ်းပါးလူနာများကြောင့် ၂၀၁၄ က စတင်ကာ လစဉ်အလှူငွေများကို ဆေးရုံများရှိ နွမ်းပါးလူနာများအား လှူဒါန်းဖြစ်ခဲ့ရာမှ အွန်လိုင်းပရဟိတနှင့် ဆင်းရဲနွမ်းပါးလူနာလှူဒါန်းမှုများကို စတင်လုပ်ကိုင်ဖြစ်ခဲ့သည်ဟု ကိုဝမ်းက ပြောသည်။

‘‘ဆေးကုမ္ပဏီမှာလုပ်တော့ ဆေးရုံကို နေ့တိုင်းသွားရတယ်။ ဆေးရုံသွားပြီး ဆေးပရိုမိုးရှင်းတွေ လုပ်ရတယ်။ အဲဒီလိုသွားလာရင်း နဲ့ ဆေးရုံက လူနာတွေကို တွေ့ရတယ်။ မန္တလေးဆေးရုံကြီးမှာ တွေ့ရတဲ့ လူနာတော်တော်များများက ဆင်းရဲနွမ်းပါးပြီး ဆေးဖိုးဝါးခသိပ်မတတ်နိုင်ကြဘူး။ တချို့တလေဆိုရင် အကြွေလေးတွေ ရေပြီး ဆေးဝယ်ဖို့ လုပ်နေကြတာတွေ၊ တချို့လူနာတွေဆို ဆေးရုံကိုလာပစ်သွားတာတွေ တွေ့ရတယ်။ တစ်နေ့မှာတော့ အသက် (၂၅)နှစ်အရွယ် HIV ဝေဒနာသည် အမျိုးသမီးတစ်ဦးကို ဆေးရုံမှာ လာထားသွားတယ်။ လူနာရှင်မပါဘဲ ပစ်သွားတဲ့ သဘောဆိုတော့ ဆေးရုံကလည်း အကူအညီ တောင်းတယ်။ အဲဒီအကြောင်းကို ကျွန်တော်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ စတင်တယ်။ အဲဒီကနေစပြီး အွန်လိုင်းကနေ ပရဟိတစလုပ်ဖြစ်တယ်’’

ပရဟိတအလုပ်မှာ အချိန်ကုန်၊ ငွေကုန်ခံကာ လုပ်ကိုင်ရကြောင်း၊ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ အတူလက်တွဲလုပ်ကိုင်ခဲ့သည့် မိတ်ဆွေအချို့မှာ မိသားစုစားဝတ်နေရေးကို အလေးထားလုပ်ကိုင်ရ၍ ပရဟိတလုပ်ငန်း၌ အားလျော့ခဲ့ရကြောင်း ကိုဝမ်းက ဆိုသည်။ ထို့အတွက် One To One ပြည်သူ့ကူညီရေးအဖွဲ့၏ လုပ်ငန်းများ နှေးကွေးသွားခဲ့ပြီး သူ၏ တစ်ကိုယ်တော်အွန်လိုင်းပရဟိတကို ပိုမိုအလေးထားခဲ့သည်ဟု ကိုဝမ်းက ပြောသည်။

၂၀၁၅ မှာ သူ့အတွက် အချိုးအကွေ့တစ်ခုဖြစ်ခဲ့သည်ဟု ကိုဝမ်းက ပြောသည်။ ၂၀၁၅ အတွင်း မိတ်ဆွေအချို့နှင့် စုပေါင်းကာ ပန်းပျိုးသူစာသင်ဝိုင်းကို တည်ထောင်နိုင်ခဲ့သလို ပရဟိတလုပ်ငန်းများကြောင့် နှစ် (၂၀)ကျော်ကြာ လုပ်ကိုင်ခဲ့သည့် ဆေးကုမ္ပဏီအလုပ်ကိုလည်း စွန့်ခွာခဲ့ရသည်ဟုဆိုသည်။ အိန္ဒိယနိုင်ငံ ဆေးကုမ္ပဏီတစ်ခု၏အထက် မြန်မာပြည်မန်နေဂျာအဖြစ် လုပ်ကိုင်နေသော ကိုဝမ်းက ပရဟိတအလုပ်အတွက် လစာကောင်းသည့် သူ့အလုပ်ကို စွန့်လွှတ်ခဲ့သည်ဟု ပြောသည်။

‘‘၂၀၁၅ သြဂုတ်လထဲမှာ ကလေးမြို့ရေကြီးတယ်။ One To One အဖွဲ့ကလည်း အလှူခံပြီး သွားလှူတယ်။ ကျွန်တော်က ကုမ္ပဏီက ခွင့်မရ၊ ခွင့်မရဘဲ ခိုးသွားရင်းနဲ့ ကုမ္ပဏီက သိသွားပြီး မန္တလေးမှာ မထားတော့ဘဲ ရာထူးတိုးပြီး ရန်ကုန်ကို ပြောင်းဖို့ခေါ်တယ်။ အဲဒီချိန်မှာ အဓိက စဉ်းစားရတယ်။ ဆေးကုမ္ပဏီအလုပ်ကလည်း နှစ် ၂၀ ကျော်လောက်လုပ်ခဲ့တာ။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းပေါ့။ ပရဟိတအလုပ်ကလည်း ၀ါသနာပါလို့ လုပ်ရင်းနဲ့ အရှိန်ရနေပြီ။ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာနေပြီ။ စဉ်းစားရတာပေါ့။ ဘယ်လိုလုပ်မလဲ။ ရန်ကုန်ပြောင်းရရင်တော့ မန္တလေးမှာလို ပရဟိတလုပ်လို့ အဆင်ပြေမှာမဟုတ်ဘူး။ လူကြီးမျက်စိရှေ့မှောက်မှာလည်း ဖြစ်မယ်။ သွားရေးလာရေးကလည်း ခက်ခဲသွားမယ်။ ဒါပေမဲ့ ဆေးကုမ္ပဏီအလုပ်က မစွန့်လွှတ်ချင်ဘူး။ လုပ်ခဲ့တာလည်းကြာပြီ။ လစာလည်းကောင်းတယ်။ ဒေါ်လာနဲ့ရတယ်။ အဲဒီမှာ တော်တော်စဉ်းစားရတယ်။ အသက်ကလည်း (၄၀) ကျော်နေပြီ။ နောက်ဆုံးတော့ ပရဟိတပဲဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်’’

ဆေးကုမ္ပဏီဝန်ထမ်းအဖြစ်မှ နုတ်ထွက်ပြီးနောက်ပိုင်း သူနှင့်ခင်မင်ရင်းနှီးခြင်းမရှိသော်လည်း သူလုပ်ကိုင်နေသည့် ပရဟိတလုပ်ငန်းများကိုအားပေးသည့်အနေဖြင့် ဂင်္ဂါချယ်ရီကုမ္ပဏီ ကိုဂင်္ဂါက သူ့ကိုအလုပ်ပေးကာ ပရဟိတအလုပ်များကို စိတ်ကြိုက်လုပ်ကိုင်ခွင့်ပြုခဲ့သည်ဟု ကိုဝမ်းက ပြောသည်။

လက်ရှိတွင် ကိုဝမ်း၏ တစ်ကိုယ်တော်အွန်လိုင်းပရဟိတလုပ်ငန်းက အတော်အသင့်လူသိများအောင်မြင်နေပြီဖြစ်ပြီး ဆင်းရဲနွမ်းပါးလူနာများစွာ၏ အသက်များကိုလည်း ကယ်တင်နေပြီဖြစ်သည်။

မန္တလေးဆေးရုံကြီးအပါအ၀င် ဆေးရုံ၊ ဆေးခန်းများတွင် ဆေးဝါးကုသနေသည့် ဆင်းရဲနွမ်းပါး လူနာများကို ပုံစံသုံးမျိုးဖြင့် ကူညီပေးလျက်ရှိသည်။ လူနာက ငွေကြေးမတတ်နိုင်တော့ဘဲ ဆက်လက်ဆေးဝါးကုသရန် အခက်အ ခဲဖြစ်နေသည့်အပေါ် ဆေးရုံတာဝန်ရှိသူ ဆရာ၊ ဆရာမ၊ သူနာပြုများက အကူအညီတောင်းခံလာလျှင် လူနာတစ်ဦးလျှင် အနည်းဆုံးငွေကျပ် ငါးသောင်းဖြင့် လိုအပ်သည့် ငွေကြေးလှူဒါန်းခြင်း၊ ခွဲစိတ်ကုသရန်လိုအပ်ပြီး ငွေကြေးမတတ်နိုင်ဘဲဖြစ်နေသည့် လူနာများအားဖေ့စ်ဘွတ်ခ်မှတစ်ဆင့် တစ်ဦးချင်းအတွက် အလှူခံပေးခြင်းနှင့် ဆင်းရဲနွမ်းပါးသည့် ဆေးဝါးကုသနိုင်ခြင်းမရှိဘဲ ရောဂါဝေဒနာခံစားနေရသည့် ရပ်ဝေးဒေသမှ လူနာများအား ဆေးကုသစရိတ်အပြင် နေစရိတ်၊ စားစရိတ်ပါ ထောက်ပံ့ကူညီကာ ဆေးဝါးကုသပေးခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။

နေ့စဉ် အကူအညီတောင်းခံလာသည့် လူနာများအား ကူညီလှူဒါန်းပေးနေသော ချင်းပြည်နယ်ပလက်ဝဒေသမှ လူနာများအား တစ်ကြိမ်လျှင် နှစ်ဦးနှုန်းဖိတ်ခေါ်ကာ ရောဂါပျောက်ကင်းသည်အထိ ဆေးဝါးကုသပေးနေသည်ဟု ကိုဝမ်းက ပြောသည်။ အကူအညီတောင်းလာသည့် မည်သည့်လူနာအတွက်မဆို အဆင်ပြေအောင် ကူညီပေးနေနိုင်သည်ဟု ကိုဝမ်းကပြောသည်။

‘‘ကုန်ကျစရိတ်များတဲ့သူတွေလည်း အဆင်ပြေသွားတယ်။ မန္တလေးက ပထမနှစ်ကျောင်းသားတစ်ယောက်၊ ဆေးရုံကြီးမှာကုရတာ။ မနှစ်က နှစ်ကုန်ပိုင်းကနေ ဒီနှစ်ဆန်းကုလို့ပြီးသွားတယ်။ သိန်းတစ်ရာကျော်ကုန်တယ်။ အကုန်လုံး အလှူခံပေးလိုက်တယ်’’ ဟု ကိုဝမ်းက ဂုဏ်ယူစွာပြောသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲကျေးရွာမှ အမေကြီးတစ်ဦးအား ကူညီပေးနိုင်ခဲ့မှုသည် သူ့အတွက် အမှတ်တရအရှိဆုံးဖြစ်ပြီး ၀ါးခြမ်းပြားရှရာမှတစ်ဆင့် မျက်နှာတွင် ထွက်ပေါ်လာသည့် အ လေးချိန် လေးပေါင်ကျော်ရှိသည့် အသားပိုကြီးကို အလှူခံကာ ခွဲစိတ်ကုသပေးနိုင်ခဲ့သော ဖြစ်ရပ်ကို ကိုဝမ်းက ပြောသည်။ အမေကြီးမှာအသားပိုကြောင့် နာကျင်ကိုက်ခဲသည့် ဝေဒနာကို ၁၇ နှစ် ကျော်ကြာခံစားခဲ့ရပြီး ကိုဝမ်း၏ ချိတ်ဆက်ကူညီပေးမှုကြောင့် အသားပိုကြီးအား ဖြတ်ထုတ်ကုသပေးနိုင်ခဲ့ကာ ၎င်းအတွက် အလှူခံရရှိသည့် ငွေကျပ် ၁၀ သိန်းကိုပါ ပေးလှူနိုင်ခဲ့​၍ မေ့မရအောင် ပီတိဖြစ်မိသည်ဟု ကိုဝမ်းက ဆိုသည်။

‘‘တချို့က ကျေးဇူးတင်ပြီး ဒေသထွက်လက်ဆောင်တွေ ပဲကြီးလှော်တို့၊ ပဲဆီဘူးတို့ ယူလာပေးတာမျိုးလည်းရှိတယ်။ အဲဒါတွေကြောင့်လည်း အားဖြစ်ရတယ်’’

ပြီးခဲ့သည့် ၂၀၁၆ အတွင်း ရောင်းသူမဲ့အအေးဆိုင်၊ စည်းကမ်းမဲ့ ကွမ်းမထွေးရန် လှုံ့ဆော်သည့် ကွမ်းတံတွေးဘူး လှုပ်ရှားမှု နှင့် နေအိမ်ရှေ့ကားပိတ်ရပ်ပါက အကူအညီတောင်းနိုင်သည့် စတစ်ကာကမ်ပိန်းများ ဦးဆောင်ပြုလုပ်ခဲ့သည့် ကိုဝမ်းက လူလူချင်းကိုယ်ချင်းစာတရားများ ပျံ့နှံ့စေရန် ပရဟိတအလုပ်ကို လုပ်ကိုင်ခြင်းဖြစ်သည်ဟု ပြောသည်။

‘‘ပရဟိတစိတ်တွေ ပျံ့နှံ့သွားစေဖို့၊ ကိုယ်ချင်းစာစိတ်တွေ ပျံ့နှံ့သွားစေဖို့အတွက်ပဲ ကျွန်တော် အဓိကထားလုပ်နေတာ’’ဟု ပရဟိတလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောသည်။

အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာနေထိုင်လာခဲ့ရသည့် ပြည်သူလူထုအများစုသည် ဆင်းရဲနွမ်းပါးပြီး ပညာကောင်းစွာသင်ကြားနိုင်ခြင်းမရှိခဲ့ဘဲ စာအုပ်စာပေများကိုလည်း အချိန်ယူဖတ်ရှုနိုင်မှုမရှိခဲ့ကြောင်း၊ ဆင်းရဲနွမ်းပါးကာ ပညာမတတ်မြောက်၍ လူ့ကျင့်ဝတ်များကို သိရှိနားလည်ကြမှုမရှိခြင်း၊ သိရှိနားလည်သော်လည်း လိုက်နာကျင့်သုံးနိုင်မှု အားနည်းနေကြောင်း ကိုဝမ်းက ပြောသည်။

‘‘ကိုယ်ချင်းစာတရားလူတွေကြား ပျံ့နှံ့ပြီး ကိုယ်တိုင်လိုက်ပါ ကျင့်သုံးနိုင်ကြဖို့ပဲ မျှော်လင့်တယ်။ ရှိတဲ့သူက မရှိတဲ့သူကို ကူညီစေချင်တယ်။ တိုင်းပြည်ကို တိုးတက်စေချင်တယ်။ ကိုယ်တိုင် ပြောင်းလို့ရတာကို ပြောင်းနိုင်အောင်ကြိုးစားတယ်’’

သူလုပ်ဆောင်နေသည့် ပရဟိတအလုပ်များက ကိုယ်ချင်းစာတရားထားတတ်ဖို့ အများပြည်သူကို လှုံ့ဆော်နေခြင်းဖြစ်သည်ဟု ပြောသည်။

‘‘ကိုယ်နိုင်တာကနေစလုပ်။ ဘာမှအားမငယ်နဲ့။ ပြီးတော့ ဘာမှလည်း မမျှော်လင့်နဲ့။ ကိုယ်နိုင်တာကနေ ကိုယ်စလုပ်။ အဓိကကတော့ ကူညီတတ်ဖို့ပဲ’’
7Day News Journal

No comments:

Post a Comment