Latest News

Tuesday, February 7, 2017

တာဝန်ကိုယ်စီရှိကြသည်

တာဝန်ကိုယ်စီရှိကြသည်




ကျွန်တော်တို့နိုင်ငံသူ နိုင်ငံသားများအနေဖြင့် ''ဒီမိုကရေစီ'' ဆိုသည့်စကားရပ်နှင့် အတော်ပင် ရင်းနှီးကျွမ်းဝင်နေကြပြီ ဖြစ်ပါသည်။ လူ့အခွင့်အရေး၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ ပွင့်လင်းမြင်သာမှုအစရှိသော ဒီမိုကရေစီ၏ အခြေခံ သဘောတရားများကိုလည်း သိရှိနားလည်ခဲ့ကြပြီ ဖြစ်ပါသည်။

ထိုကဲ့သို့ သိရှိနားလည်ခဲ့သည့်အလျောက် ဒီမိုကရေစီ ၏အရသာကို မြည်းစမ်းခွင့်ရလာကြပါသည်။ တိုင်းရေး ပြည်ရာအဖြာဖြာကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လေ့လာ သိရှိခွင့်ရလာခြင်း၊ နိုင်ငံရေးအသိအမြင်ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်း လွယ်ကူလျင်မြန်သည့် စနစ်များကြောင့် လုပ်ငန်းများတွင်ကျယ်မှုရှိလာခြင်း စသည့်စသည့် ဒီမိုကရေစီ၏ အမြည်းသဘောအရသာလေးကို ကျွန်တော်တို့အားလုံး နှစ်ခြိုက်ကျေနပ်နေကြရပါသည်။

ဤကဲ့သို့ မြည်းစမ်း၍ရသော အရသာလေးလောက်နှင့် ကျေနပ်ရောင့်ရဲမနေကြဘဲ တကယ့်ဒီမိုကရေစီ၏ အရသာကို တင်းပြည့်ကျပ်ပြည့် ခံစားစံစားသုံးဆောင်နိုင်ကြဖို့ ကျွန်တော်တို့အားလုံး တက်ညီလက်ညီ ဝိုင်းဝန်း ကြိုးပမ်းရဦးမည်ဖြစ်ပါသည်။

သို့ရာတွင် ''လက်ဖက်ကောင်းစားချင်လျှင် ပလောင်တောင်တက်နှေးရမည်'' ဟူသော ဆိုရိုးစကားရှိခဲ့သည့်အတိုင်း ကျွန်တော်တို့ စိတ်ရှည်ရပါမည်။ သည်းခံရပါမည်။ ဇွဲ၊ လုံ့လ၊ ဝီရိယ အားကောင်းစွာဖြင့် ဒီမိုကရေစီ ပန်းတိုင်ဆီသို့ အရောက်ဆက်လက်ချီတက်ရပါမည်။

ယခုအခါတွင် ခြောက်နှစ်သားမျှသာရှိသေးသော ဒီမိုကရေစီလေးသည်လည်း ရင့်ကျက်တည်ငြိမ်မှုရှိစေရန်အတွက် အရွယ်ရောက်ဖို့ လိုအပ်နေပါသေးသည်။ ခြောက်နှစ်သားအရွယ်လေးကို ဘွဲ့တစ်ခု ချက်ချင်းယူပေးပါဟု တောင်းဆို၍မရနိုင်ပေ။ သို့ဆိုလျှင် ကျွန်တော်တို့ ဘာလုပ်ကြမည်နည်း။ အဖြေရှိပါသည်။ ခြောက်နှစ်သား ဒီမိုကရေစီလေးကို ကျန်းမာရေးကောင်းအောင် ကြံ့ခိုင်မှုရှိပြီး စနစ်တကျဖွံ့ဖြိုးလာအောင် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းပြုစုစောင့်ရှောက်ပေးရပါမည်။

ဒီမိုကရေစီလေးကိုမွေးဖွားပေးလိုက်သော မိခင်ကိုချည်း အားကိုးနေရုံဖြင့် မရနိုင်ပါ။ ညီနောင်ဆွေမျိုး မိသားစု ဝင်များအားလုံး မိမိတို့ကျရာ အခန်းကဏ္ဍအသီးသီးမှ စနစ်တကျဝန်းရံပေးဖို့ လိုအပ်ပါသည်။ သူ၏ ရှင်သန်ကြီးထွားမှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဟန့်တားနှောင့်ယှက်မှု မျိုးစုံကိုလည်း ကျွန်တော်တို့အားလုံးက သတိရှိရှိ စည်းလုံး ညီညွတ်စွာဖြင့် စောင့်ရှောက်ကာကွယ်ပေးရပါမည်။

သို့ရာတွင် အချိန်ကာလတစ်ခုအထိတော့ ကျွန်တော်တို့ စောင့်ဆိုင်းရပါမည်။ သူအမြန်ဆုံးရင့်ကျက်တည်ငြိမ် လာစေဖို့ ကျွန်တော်တို့အားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးစားရမည်ဖြစ်ပါသည်။ နိုင်ငံသားတစ်ဦးချင်းစီ စည်းကမ်းရှိရပါမည်။ စစ်မှန်သော ဒီမိုကရေစီ၏ အရသာကို ကျွန်တော်တို့ ခံစားခွင့်မရခဲ့လျှင်သော်မှ နောင် မျိုးဆက်သစ်လူငယ်လေးများ ခံစားစံစားခွင့်ရသည်ဆိုလျှင် ကျွန်တော်တို့အားလုံး တာဝန်ကျေခဲ့ကြသည်ပေါ့။

ကျွန်တော်တို့အားလုံး မျှော်မှန်းခဲ့ရသည့် အဘက်ဘက်မှ ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ စည်းကမ်းရှိသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာရပ်တည်နိုင်စေဖို့ ကျွန်တော်တို့ အားလုံးတွင် တာဝန်ရှိပါသည်။ ။

ဖိုးဇော်(မအူပင်)ပြန်/ဆက်

No comments:

Post a Comment