ပုသိမ်တွင် ဦးကိုနီနှင့် ကိုနေဝင်းတို့ အတွက် မေတ္တာပို့ ဆုတောင်း
ပုသိမ်၊ ဖေဖော်ဝါရီ ၎
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်းတို့ ပစ်သတ်ခံရမှုကြောင့် ၎င်းတို့ ကောင်းမွန်ရာဘုံသို့ ရောက်ရှိစေရန်အတွက် ပုသိမ်မြို့တွင် ဖေဖော်ဝါရီလ ၄ရက် ညနေပိုင်းက မေတ္တာပို့ အမျှအတန်းပေးဝေ ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။
ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက်ရှိ ဗုဒ္ဓဘာသာဝင် ကိုယ်စားပြု မေတ္တာရေစင် လူမှုကူညီရေးအသင်းမှ ဦးဆောင်ကာ ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက်၊ အမှတ် ၇ ရပ်ကွက်နှင့် အမှတ် ၈ ရပ်ကွက်တို့ လမ်းဆုံတွင်ရှိသော ကာဘာရ်စတန်ထိပ်တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ပရိတ်တရားတော်များဖြင့် မေတ္တာပို့ အမျှအတန်း ပေးဝေကာ အစ္စလာမ်ဘာသာဝင် ဗလီဆရာများက ရွတ်ဖတ်ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြောင်း မေတ္တာရေစင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ဘာသာကွဲလူမျိုးကွဲများ အတူတကွ ငြိမ်းချမ်းစွာ လက်တွဲနေထိုင်နိုင်ရန်၊ ဘာသာရေး၊ လူမျိုးရေးအမြင် ကွဲလွဲတင်းမာမှုများနှင့် ပြည်ပနိုင်ငံများ၏ ဗုဒ္ဓဘာသာဝင်များအပေါ် အထင်အမြင် လွဲမှားမှုများ ပပျောက်စေရန် ကျန်ရစ်သူ မိသားစုများအတွက် ဂုဏ်ပြုခြင်းနှင့် အပူသောကမီးများ တစ်စိတ်တစ်ပိုင်း ငြိမ်းချမ်းနိုင်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“ဒီဖြစ်ရပ်က မဖြစ်သင့် မလုပ်သင့်တဲ့ ကိစ္စပါ အပျော်ခရီးသွားတာ မဟုတ်ဘူး။ နိုင်ငံအတွက် အလုပ်လုပ်တာ၊ ဘာသာတရားတိုင်း မေတ္တာကို အခြေခံကြပါတယ်၊ မိမိတို့ ယုံကြည်ရာ ဘာသာကို ကိုးကွယ်ရင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်ကြပါ ကိုယ်မွေးဖွားရာ တိုင်းပြည်ကို ချစ်ကြပါ ယခုလို သတ်ဖြတ်မှုမျိုးတွေ မလုပ်ကြဖို့ လိုပါတယ်” ဟု ပရိတ်တရားဟောကြား မေတ္တာပို့ အမျှဝေပေးသည့် ဆရာတော် ၅ ပါးတွင် ပါဝင်သော ကျီးကန်းကျွန်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာနန္ဒက မိန့်ကြားသည်။
ပုသိမ်မြို့တွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်ပေါ်ဘဲ လူမျိုးဘာသာပေါင်းစုံ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်သောမြို့ ဖြစ်ကြောင်း၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီ ပဋိပက္ခများ ဖန်တီးသူများကို ဖော်ထုတ်အရေးယူနိုင်ရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပုသိမ်မြို့ ဘာသာလူမျိုးပေါင်းစုံ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
Sources : The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment