Latest News

Sunday, February 19, 2017

မလေးရှားလေဆိပ်မှ မြောက်ကိုရီးယား လုပ်ကြံမှုတွင် အဆိပ်ရှာဖွေရေးမှာ အခက်ခဲဆုံးအပိုင်း ဖြစ်နေ

မလေးရှားလေဆိပ်မှ မြောက်ကိုရီးယား လုပ်ကြံမှုတွင် အဆိပ်ရှာဖွေရေးမှာ အခက်ခဲဆုံးအပိုင်း ဖြစ်နေ

ယုံမှားသံသယ လွန်ကဲနေသော အာဏာရှင်တစ်ဦးနှင့် ဆက်ဆံရေး မပြေလည်သည့် အစ်ကိုကို လူများပြည့်ကျပ်နေသော အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခု၌ နာရီပိုင်းအတွင်း သေဆုံးစေခဲ့သည့် ငယ်ရွယ်သော အမျိုးသမီးလုပ်ကြံသူနှစ်ဦး အသုံးပြုခဲ့သည့်အဆိပ်မှာ ပဟေဠိဆန်လျက် ရှိသည်။

ထိုအဆိပ်သည် စိတ်လှုပ်ရှားဖွယ် သူလျှိုဝတ္ထုဇာတ်လမ်း တစ်ပုဒ်အတွက်မူ ပြီးပြည့်စုံသော အဆိပ်တစ်မျိုး ဖြစ်မည်ဖြစ်သည်။ “ သေနတ်ဆိုတာမျိုးဟာ သူ မကောင်းဘူးဆိုတာ ကို  ပေါ်ပေါ်ထင်ထင်ပဲ  ကြေညာထားပါတယ်။ ဒါပေမဲ့ အဆိပ်ကတော့ ရှမ်ပိန်တစ်ငုံစာလောက်မှာလည်း ခိုးကြောင်ခိုးဝှက်နဲ့ ပါသွားနိုင်ပါတယ်”ဟု နယူးယောက်ရှိ Syracuse တက္ကသိုလ်မှ ကျွမ်းကျင်သူ ရောဘတ်သွန်မဆင်က ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်က လူများရှုပ်ထွေးနေသည့် ကွာလာလမ်ပူလေဆိပ်တွင် ကင်ဂျုံနမ်ကို ငယ်ရွယ်သော အမျိုးသမီးသူလျှိုနှစ်ဦးက သတ်ဖြတ်ခဲ့သည်ဟုပင် ယခုအချိန်အထိ လူအများစုက ထင်မြင်နေကြဆဲ ဖြစ်သည်။

၀၀ဖိုင့်ဖိုင့်ရှိသော ကင်ဂျုံနမ်သည် ၎င်း၏ မျက်နှာကို အာနိသင် အလွန်ပြင်းထန်သည့် အရည်တစ်မျိုးဖြင့် ဖျန်းခံခဲ့ရဖွယ်ရှိပြီး ထိုအရည်ကြောင့် ဂျုံနမ်သည် ဆေးရုံမရောက်မီမှာပင် သေဆုံးသွားခဲ့သည်။ ဂျိမ်းစ်ဘွန်း ရုပ်ရှင်များတွင်သာ တွေ့နိုင်သည့် ယင်းအဖြစ်အပျက်တွင် အသုံးပြုခဲ့သောအဆိပ်မှာ ၀ါအရင့်ဆုံး အဆိပ်ကျွမ်းကျင်သူများကိုပင် ချာချာလည်စေလျက် ရှိသည်။

အသက် ၄၅ နှစ်ဝန်းကျင်ရှိသော ကင်ဂျုံ နမ် အသတ်ခံရမှုတွင် ထိုဓာတုပစ္စည်းသာ တရားခံဖြစ်ပါက ယင်းကို ရှာဖွေရေးမှာ အခက်ခဲဆုံးအပိုင်း ဖြစ်လာမည် ဖြစ်သည်။ “ဒီအဆိပ်ဟာ အခြားအဆိပ်တွေထက် ပိုထူးခြားတယ်။ ပိုပြီးလည်း အကျိုးသက်ရောက်မှု မြန်ဆန်တယ်။ ဒါပေမဲ့ စုံစမ်းဖို့ကျတော့ ပိုခက်သွားပြန်ရော”ဟု သြစတြေးလျရှိ ဗစ်တိုးရီးယား မှုခင်းဆေးပညာဌာနမှ အဆိပ်ကျွမ်းကျင်သူအဖြစ် နှစ် ၄၀ ကြာလုပ်ခဲ့သူ အိုလစ်ဒရာမာ က ဆိုသည်။

“ဒါဟာ ဟိုတယ်ခန်း တစ်ခန်းထဲမှာတင် ဖော်စပ်လိုက်တဲ့ အဆိပ်တော့ မဖြစ်နိုင်ဘူး။ ဓာတုဗေဒနဲ့ ဆိုင်တဲ့ အသိပညာဗဟုသုတပေါင်းများစွာရဲ့အကူအညီနဲ့ ဒီလုပ်ကြံမှုဟာ လွယ်ကူချောမွေ့သွားရတာ ဖြစ်နိုင်ပါတယ်” ဟု ဖလော်ရီဒါတက္ကသိုလ်မှ မှုခင်းဆေးပညာဌာန၏ ထိပ်တန်းအဆိပ်ကျွမ်းကျင်သူ ဘရုစ်ဂိုးဒ်ဘာဂါက ပြောကြားခဲ့သည်။

ထိုအဆိပ်သည် အလွန်အားပြင်းကာ လျင်မြန်စွာ အသက်ဆုံးရှုံးစေခဲ့သော်လည်း ကင်ဂျုံနမ်၏ မျက်နှာကို ပက်ဖျန်းခဲ့သည့် အမျိုးသမီးနှစ်ဦးနှင့် အနီးအနားမှ လူများကိုမူ တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု မရှိသည်မှာလည်း ပဟေဠိအခက်အခဲ ဖြစ်နေပြန်သည်။ “မဆိုင်တဲ့ ဘယ်သူ့ကိုမှ ထိခိုက်မှုမရှိအောင် ပါးနပ်လိမ္မာစွာ ဖော်စပ်ထားတာ ဖြစ်နိုင်ပါတယ်”ဟု ဂိုးလ်ဘာဂါက ဆိုသည်။

စစ်အေးခေတ် ကာလအတွင်း ၁၉၇၈ ခုနှစ်က ဘယ်ဂျီယံဘက် ပြောင်းခိုလှုံသူတစ်ဦးဖြစ်ပြီး ဂျာနယ်လစ်တစ်ဦးလည်း ဖြစ်သည့် ဂျော်ဂျီမာကို့ဗ် လုပ်ကြံခံရမှုမှာ ထင်ရှားသည့် အဆိပ်ဖြင့် လုပ်ကြံမှုတစ်ခု ဖြစ်ခဲ့သည်။ မာကို့ဗ်သည် လန်ဒန်ရှိ ဘတ်စ်ကားမှတ်တိုင် တစ်ခု၌ ရပ်နေစဉ် ၎င်း၏ ခြေထောက်ကို အခြားသူတစ်ဦးက ထီးဖြင့် ထိုးသွားခဲ့သည်။ မာကို့ဗ်သည် သုံးရက်အကြာ၌ သေဆုံးသွားပြီးနောက် ၎င်း၏ အရေပြားအောက်၌ အလွန်ပြင်းထန်သော အဆိပ်များပါဝင်သည့် ကျည်စေ့တစ်လုံးကို တွေ့ခဲ့ရသည်။

ယင်းဖြစ်စဉ်တွင် တရားခံကို မဖော်ထုတ်နိုင်ခဲ့သော်လည်း လုပ်ကြံသူသည် ဆိုဗီယက်ကေဂျီဘီအဖွဲ့၏ ကူညီမှုရှိခဲ့သည်ဟု ဘယ်ဂျီယံရဲများက ယုံကြည်နေကြသည်။

၂၀၀၆ ခုနှစ်က ဗြိတိန်တွင် ရုရှားသူလျှို ဟောင်း အလက်ဇန္ဒားလစ်ဗင်နင်ကို ပိုလီနီယမ် အဆိပ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရမှုမှာလည်း ဟိုးလေးတကျော် ဖြစ်ခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။။ ထိုဖြစ်စဉ်၌လည်း ပါဝင် ပတ်သက်ခဲ့သည့် ရုရှားအစိုးရသည် နာမည်ကြီး အခြားအဆိပ်ခတ်မှုဖြစ်စဉ် များစွာ၌လည်း ပါဝင်ပတ်သက်လျက် ရှိသည်။

“ကျွန်တော့်အထင် ပြောရမယ်ဆိုရင် အဆိပ်ခတ် သတ်တာဟာ အပြစ်လွတ်စေနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းပါပဲ”ဟု အဆိပ်ပါဝင် ပတ်သက်နေသည့် မှုခင်း ၁၀၀၀ ကျော်ကို လေ့လာခဲ့သော မှုခင်းဆိုင်ရာ အဆိပ်ကျွမ်းကျင်သူ ဂျွန်ထရီစထရယ်က ပြောကြားခဲ့သည်။ ၎င်း၏ လေ့လာမှုအရ လူသတ်မှုများထဲတွင် အဆိပ်ခတ်သတ်မှုသည် ဓားထိုးမှုများ၊ ပစ်ခတ်မှုများထက် ပိုမို ရှားပါးသော်လည်း အဆိပ်အသုံးပြုသူ လူသတ်သမားသည်  နောက်တစ်ကြိမ်တွင်လည်း အဆိပ်ကိုသာ အသုံးပြုလေ့ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၈ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ မြောက်ကိုရီးယားသံရုံး အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည့် မီဒီယာများ (Photo: AFP)
Eleven

No comments:

Post a Comment